ပေကျင်းမှာ ရက်ပေါင်း ၁,၀၀၀ ကျော် အဖမ်းခံထားရတဲ့ ကနေဒါနိုင်ငံသား နှစ်ဦးဟာ တရုတ်လေပိုင်နက်မှထွက်ခွာလာပြီး ကနေဒါနိုင်ငံကို စနေနေ့အစောပိုင်းမှာ ပြန်ရောက်လာ လိမ့်မယ်လို့ ဝန်ကြီးချုပ်ဂျက်စတင်ထရူးဒိုးက စက်တင်ဘာ ၂၄ ရက်က သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။
လွန်ခဲ့တဲ့ ၁၂ မိနစ်လောက်က Michael Kovrig နဲ့ Michael Spavor တို့ တရုတ်လေပိုင်နက်မှ ထွက်ခွာသွားပြီး သူတို့အိမ်ပြန်လာနေကြပြီလို့ ထရူးဒိုးက ပြောသွားတာပါ။
ဒီလူနှစ်ယောက်ဟာ မယုံကြည်နိုင်စရာ ခက်ခဲတဲ့ဒုက္ခကို ကျော်ဖြတ်ခဲ့ပြီး လွန်ခဲ့တဲ့ ရက် ၁,၀၀၀ လောက်မှာ သူတို့ဟာ ခွန်အား၊ ဇွဲ၊ ခံနိုင်ရည်နဲ့ကျေးဇူးတရားတို့ကို ပြသခဲ့တယ်လို့လည်း ဝန်ကြီးချုပ်ထရူးဒိုးက ပြောပါတယ်။
၂၀၁၈ ဒီဇင်ဘာလတုန်းက ဟွာဝေးနည်းပညာကုမ္ပဏီလိမိတက်ရဲ့ ဘဏ္ဍာရေးအရာရှိချုပ် မုံဝမ်ကျိုကို အမေရိကန် ဖမ်းဝရမ်းနဲ့ ဗန်ကူဗာလေဆိပ်မှာ ကနေဒါရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ပြီး သိပ်မကြာခင်မှာပဲ ကနေဒါနိုင်ငံသားနှစ်ဦးဖြစ်တဲ့ စီးပွားရေးလုပ်ငန်းရှင် Michael Spavor နဲ့ သံတမန်ဟောင်း Michael Kovrig တို့ တရုတ်နိုင်ငံမှာ ဖမ်းဆီးခံလိုက်ရတာပါ။
ဩဂုတ်လတုန်းက Spavor ကို သူလျှိုလုပ်မှုအတွက် တရုတ်တရားရုံးတစ်ခုက ထောင်ဒဏ် ၁၁ နှစ် ချမှတ်ခဲ့ပါတယ်။
ပေကျင်းကတော့ မုံဝမ်ကျူအမှုနဲ့ ကနေဒါနိုင်ငံသား ၂ ယောက်ရဲ့အမှုဟာ ဆက်စပ်မှု မရှိကြောင်း အခိုင်အမာ ပြောဆိုထားပေမယ့် ထရူးဒိုးရဲ့ လစ်ဘရယ်အစိုးရကတော့ တရုတ်ဟာ ဓားစာခံအသုံးချ သံတမန်ရေးမှာ ပါဝင်ပတ်သက်ခဲ့တယ်လို့ စွပ်စွဲလိုက်ပါတယ်။
ဝန်ကြီးချုပ် ထရူးဒိုး စကားမပြောခင်လေးမှာပဲ ကနေဒါမီဒီယာတွေကနေ ဟွာဝေဘဏ္ဍာရေး အရာရှိချုပ် မုံဝမ်ကျိုဟာ အမေရိကန်အာဏာပိုင်တွေနဲ့ သဘောတူညီမှုရပြီးနောက် တရုတ်ကို ပြန်သွားပြီလို့ ဖော်ပြကြပါတယ်။