ရန်ကုန်၊ တာမွေမြို့နယ်၊ တာမွေကြီး(ခ)ရပ်ကွက်၊ အနောက်မြင်းပြိုင်ကွင်းလမ်း၊ ကျိုက္ကစံဟစ်တိုင်ရှေ့မှာ မတ်လ ၁၂ ရက် ည ၁၀ နာရီခွဲခန့်က တက္ကစီတစ်စီးပေါ်ကနေ ပစ်ချခဲ့တဲ့ အသက် ၃၀ အရွယ် အမျိုးသားတစ်ဦး ဓားဒဏ်ရာတွေနဲ့ သေဆုံးမှုမှာ တက္ကစီယာဉ်မောင်းကို မတ်လ ၁၅ ရက်နေ့က ဖမ်းမိထားပြီလို့ တာမွေရဲတပ်ဖွဲ့နဲ့ နီးစပ်တွေက ပြောပါတယ်။
အဲ့ဒီညက ပရိုဘောက်အမျိုးအစား အငှားကားပေါ်ကနေ လူတစ်ဦးကို ပစ်ချခဲ့တာကို အမှိုက်သိမ်းတာဝန်ကျနေတဲ့ စည်ပင်ဝန်ထမ်းတွေနဲ့ အဆိုပါ တက္ကစီရဲ့နောက်မှာ ပါလာတဲ့ ကားကနေ မျက်မြင်တွေ့ခဲ့တာပါ။
သာကေတမြို့နယ်မှာ အဲကွန်းဆားဗစ်ပြုလုပ်ပြီးအပြန် သူငယ်ချင်းဖြစ်သူနဲ့အတူ စားသောက်ပြီးနောက် ဗဟန်းမြို့နယ်ရှိ နေအိမ်ကို တစ်ဦးတည်းပြန်လာစဉ် တက္ကစီပေါ်မှာ အခင်းဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
သူငယ်ချင်းဖြစ်သူက နောက်နေ့မနက် အလုပ်သွားဖို့ ဖုန်းဆက်သွယ်ရာမှာ မရတဲ့အတွက် သေဆုံးသူမိသားစုဝင်တွေနဲ့အတူ လိုက်လံစုံစမ်းရာကနေ သင်္ကျွန်းစံပြဆေးရုံမှာ ရုပ်အလောင်းတွေ့ရှိ အတည်ပြုခဲ့တယ်လို့ သိရပါတယ်။
တာမွေအခြေစိုက် လူမှုကူညီရေးအသင်း တာဝန်ရှိသူက "အဲဒီ့ညက ရောက်တော့ ည ၁၁ နာရီဖြစ်နေပါပြီ၊ တာမွေရဲတပ်ဖွဲ့က ခေါ်လို့ပါ၊ ပက်လက်အနေအထားနဲ့ သေဆုံးနေပါပြီ၊ အဲ့နားမှာက ညဘက်ဆို အရမ်းမှောင်နေတယ်၊ စည်ပင်က ည ၁၀ နာရီခွဲလောက်မှာ အမှိုက်သိမ်းနေတယ်၊ အဲ့နားမှာ အမှိုက်ပုံးကြီးတစ်ခု ရှိတယ်၊ စည်ပင်က ရဲကို ပြောနေတာ ဒုန်း ဆိုပြီး အသံကြားတယ်တဲ့၊ အဲ့ဒီမှာ အနောက်က ကပ်ပါလာတဲ့ ကားတစ်စီးက ပြောတယ်၊ ဟိုကားပေါ်ကနေ လူတစ်ယောက်ပစ်ချသွားတယ်၊ ပြီးတော့ ကားနံပါတ် ဘယ်လောက်ဆိုပြီး ပြောသွားတယ်” လို့ ဆိုပါတယ်။
အဆိုပါ အမှုခင်းဖြစ်တဲ့နေရာကို ဖြစ်ဖြစ်ချင်း ဗဟန်းမြို့နယ်ရဲနဲ့ တာမွေရဲတို့က ပူးပေါင်းစစ်ဆေးခဲ့ကြပြီး သေဆုံးသွားသူရဲ့ ပိုက်ဆံကျပ် ၃ သိန်းကို လုယက်ခဲ့တဲ့အပြင် ဓားနဲ့ ထိုးသတ် လမ်းဘေးပစ်ချခဲ့တဲ့ တက္ကစီယာဉ်မောင်းကို ကားနံပါတ်ပြားက တဆင့် ဖမ်းမိခဲ့တယ်လို့ သိရပါတယ်။
တရားခံဖြစ်သူနဲ့အတူ ပူးပေါင်းကျူးလွန်သူ ရှိ၊ မရှိနဲ့ ပြစ်မှုကျူးလွန်သူပုံ အသေးစိတ်ကို ထုတ်ပြန်ထားခြင်း မရှိသေးဘူးဘဲ တာမွေမြို့မရဲစခန်း အချုပ်မှာ ဆက်လက်စစ်ဆေးနေတယ်လို့ သိရပါတယ်။
ထိုင်းနိုင်ငံဘန်ကောက်မှာ အသက် ၁၇ နှစ်ရွယ် မြန်မာမိန်းကလေး ၁ ဦးကို အလုပ်ရှင်ဆီ ပို့ပေး မယ်လို့ လိမ်ပြောပြီး မုဒိမ်းကျင့်၊ ရဲစခန်းပို့ခဲ့တဲ့ ထိုင်းတက္ကစီကားမောင်းသမားကို ဖမ်းဆီးရမိပြီလို့ ထိုင်းအမျိုးသားရဲတပ်ဖွဲ့က ဧပြီ ၂၃ ရက်နေ့ သတင်းစာရှင်းပွဲမှာ ပြောပါတယ်။
ဒီမတိုင်ခင် ပြီးခဲ့တဲ့ မတ်လက ထိုင်းနိုင်ငံထဲကို တရားမဝင် ဝင်ရောက်လာတဲ့ အသက် ၁၇ နှစ်ရွယ် အေး (အမည်ရင်းမဟုတ်) ဆိုတဲ့မိန်းကလေးဟာ အလုပ်အကိုင်ရှာဖွေနေခဲ့ကြောင်း၊ သူ့ဒေါ်လေးက ဖေ့စ်ဘွတ်ခ်ပေါ်ကနေ အလုပ်သမားအလိုရှိကြောင်း ကြော်ငြာထားတဲ့ နိုင်းအဒီလိတ် ရှဲ့ပေ့ ခေါ် မီ နဲ့ ချိတ်ဆက်မိတယ်လို့ ဆိုပါတယ်။
အခင်းဖြစ်တဲ့နေ့မှာ နိုင်းအဒီလိတ်က မိန်းကလေးကို အလုပ်ရှင်ထံပို့ပေးမယ်လို့ပြောပြီး လမ်းခု လတ်မှာ ATK နဲ့ ကိုဗစ် ၁၉ အရင်စစ်ရမယ်လို့ပြောပြီး တည်းခိုခန်းတခန်းကို ခေါ်သွားကြောင်း၊ အခန်းထဲရောက်တော့ မိန်းကလေးကို လက်ထိတ်ခတ် မုဒိမ်း ၃ ကြိမ်ကျင့်ကာ ဓာတ်ပုံဗွီဒီယိုတွေပါ ရိုက်ခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီနောက် မိန်းကလေးရဲ့ ဖုန်းရော သူ့မှာပါသွားတဲ့ ပိုက်ဆံ ဘတ် ၅၀၀ ကိုပါ သိမ်းယူလိုက်ပြီး ခလောင်းတန်နယ်မြေရဲစခန်းကို ခေါ်သွားကာ နိုင်ငံထဲ တရားမဝင် ဝင်ရောက်မှုနဲ့ အရေးယူဖို့ ရဲလက်ကို အပ်လိုက်ပါတယ်။
မိန်းကလေးကို စကားပြန်ကနေတဆင့် စစ်ဆေးမေးမြန်းရာမှာတော့ မိန်းကလေးဟာ အလိမ်ခံရ၊ မုဒိမ်းကျင့်ခံရတာဖြစ်လို့ ကျူးလွန်သူကို ရှာဖွေအရေးယူဖို့ အခင်းဖြစ်တဲ့ ဟွေ့မတ်နယ်မြေရဲစခန်းမှာ ဧပြီ ၁ ရက်နေ့က အမှုဖွင့်ခဲ့ပါတယ်။ မိန်းကလေးကိုလည်း လူမှုကယ်ဆယ်ရေးအဖွဲ့ထံ အပ်နှံလိုက်ပါတယ်။
တာဝန်ရှိသူတွေက စုံစမ်းထောက်လှမ်းမှုတွေပြုပြီးတဲ့နောက် ပြီးခဲ့တဲ့ ဧပြီ ၈ ရက်နေ့မှာတော့ နိုင်းအဒီလိတ်ကို ဘန်ကောက် ဘန်ခင်နယ်မြေ အနုဆဝရီရပ်ကွက်ရှိ တိုက်ခန်းမှာ သွားရောက်ဖမ်းဆီးခဲ့တယ်လို့ ထိုင်းအမျိုးသားရဲတပ်ဖွဲ့ ဒုရဲချုပ် ဆူရချေ့် ဟတ်ဖန်းက ပြောပါတယ်။
နိုင်းအဒီလိတ်မှာ အသက် ၃၉ နှစ်ရှိပြီး ဖစ်ချဘွန်းခရိုင်ကဖြစ်ကြောင်း၊ သူဟာ လူမှုကွန်ရက်မှာ အခြားသူရဲ့ ဓာတ်ပုံနဲ့ အလုပ်အကိုင်ကူညီရှာဖွေရေးဂရုပ်ထဲဝင်ပြီး သားကောင်ရှာဖွေခဲ့ကြောင်း၊ ဒီမတိုင်ခင်ရှေ့ကလည်း အခြားမိန်းကလေးတယောက်ကို နောင်ခဲမ်နယ်မြေမှာ အလုပ်လုပ်ဖို့ ပို့ပေးမယ်ပြောပြီး ပချားချင့်နယ်မြေကိုခေါ်သွားခဲ့ကြောင်း၊ အဆိုပါမိန်းကလေး မုဒိမ်းကျင့်ခံရ ခြင်းရှိမရှိ ဆက်လက်စစ်ဆေးနေကြောင်း၊ နိုင်းအဒီလိတ်ဟာ ထိုင်းတောင်ပိုင်းကို တရားမ ဝင်သူတွေ ပို့ဆောင်ပေးခဲ့တဲ့ အချက်အလက်တွေလည်း တွေ့ရှိတယ်လို့ ဆိုပါတယ်။
လောလောဆယ်တော့ ဟွေ့မတ်ရဲစခန်းက သူ့ကို အသက်မပြည့်သေးတဲ့ ကလေးအား အုပ်ထိန်း သူထံမှကွေကင်းစေမှု၊ လိမ်လည်ဖြားယောင်းမှု၊ အသက် ၁၈ နှစ်အောက်မိန်းကလေးအား မုဒိမ်း ကျင့်မှု၊ လုယက်မှု စတာတွေနဲ့ အမှုဖွင့်ထားတယ်လို့ ထိုင်းဒုရဲချုပ်က ပြောပါတယ်။
မသမာသူတွေဟာ ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်ကို အသုံးပြုပြီး သားကောင်ရှာဖွေလာကြတာကြောင့် ဒီလို လိမ်လည်မှုတွေအထူးသတိထားကြဖို့၊ မသင်္ကာဘွယ်ရာတွေ့ရှိတယ်ဆိုရင် နီးစပ်ရာရဲစခန်း ဒါမှမဟုတ် ထိုင်းအမျိုးသားရဲတပ်ဖွဲ့ အရေးပေါ်လိုင်း ၁၅၉၉ ကို ဆက်သွယ်အကူအညီတောင်းဖို့ ထိုင်းအမျိုးသားရဲတပ်ဖွဲ့ ဒုရဲချုပ် ဆူရချေ့် ဟတ်ဖန်းက ပြောသွားပါတယ်။
ထိုင်းနိုင်ငံ အမျိုးသမီးနှင့်ကလေးသူငယ်များကာကွယ်ရေးဥပဒေအရ အသက်မပြည့်တဲ့ကလေးကို ဖြားယောင်းမုဒိမ်းမှုကျူးလွန်က ထောင်ဒဏ် ၇ နှစ်မှ ၂၀ နှစ်နဲ့တကွ ငွေဒဏ် ဘတ် ၁၄၀၀၀၀ မှ ၄၀၀၀၀၀ ထိ ပြစ်ဒဏ်ခံရမယ်လို့ ဆိုပါတယ်။
နောက်ဆက်တွဲ စစ်ဆေးဖော်ထုတ်ချက်အရ နိုင်းအဒီလိတ်ဟာ မိန်းကလေးတွေကို ဖြားယောင်း မုဒိမ်းကျင့်ခဲ့တာ အနည်းဆုံး ၆ ဦးရှိတယ်လို့ ချနယ်လ် ၇ သတင်းမှာ ဖော်ပြပါတယ်။