ဒီမိုကရက်တစ် အထက်လွှတ်တော်အမတ်တွေဟာ မေ ၂၆ ရက်က အမေရိကန် ကက်ပီတိုလ် အဆောက်အအုံအပြင်ဘက်မှာ သေနတ်ထိန်းချုပ်ရေး တက်ကြွလှုပ်ရှားသူတွေနဲ့ ပူးပေါင်းပြီး တက္ကဆက်ပြည်နယ် ယူဗာလ်ဒီမြို့ မူလတန်းကျောင်းမှာ ကလေးငယ် ၁၉ ဦး အပါအဝင် အနည်းဆုံး ၂၁ ဦး သေဆုံးခဲ့ရတဲ့ အစုလိုက်အပြုံလိုက် ပစ်ခတ်သတ်ဖြတ်မှုကို ရှုတ်ချခဲ့ပါတယ်။
“ကျနော်တို့ရဲ့ စာသင်ကျောင်းတွေကို လူသတ်ကွင်းတွေ ဆက်အဖြစ်မခံနိုင်ဘူး” လို့ ကွန်နက်တီကပ်ပြည်နယ်မှ ဒီမိုကရက်တစ် အထက်လွှတ်တော်အမတ် ခရစ္စ မာဖီက ပြောပါတယ်။
ကွန်နက်တီကပ်ပြည်နယ်မှာလည်း ၂၀၁၂ ခုနှစ်တုန်းက သေနတ်သမားတယောက်ဟာ ဆန်ဒီ-ဟွခ် မူလတန်းကျောင်းမှာ ကလေး ၂၆ ဦးနဲ့ ဆရာတွေကို ပစ်သတ်ခဲ့ဖူးပါတယ်။
ဒီမိုကရက်အထက်လွှတ်တော်အမတ်အုပ်စုဟာ သေနတ်ထိန်းချုပ်ရေး အစီအမံတွေကို မဲပေးကြဖို့ လည်း အမေရိကန်တွေကို တိုက်တွန်းခဲ့ပါတယ်။ ဒါ့အပြင် သူတို့ရဲ့ ရီပတ်ဘလီကန် လုပ်ဖော်ကိုင်ဖက်တွေကိုလည်း ပြစ်တင်ရှုတ်ချခဲ့ပါတယ်။ ရီပတ်ဘလီကန်အမတ် အများစုဟာ အမျိုးသားရိုင်ဖယ်အသင်း (NRA) နဲ့ အဆက်အသွယ်ရှိ ကြတာပါ။
“ရီပတ်ဘလီကန်ပါတီက NRA ရဲ့ လုံးဝ တင်းကြပ်တဲ့ ချုပ်ကိုင်မှုအောက် ရောက်နေတာဖြစ်ပြီး NRA က ပြောလိုက်သမျှ ရီပတ်ဘလီကန်တွေက လုပ်ကြတာပဲ” လို့ မက်ဆာချူးဆက်ပြည်နယ်မှ ဒီမိုကရက်တစ် အထက်လွှတ်တော်အမတ် Ed Markey က မြို့တိုင်းသေနတ်လုံခြုံရေး Everytown for Gun Safety အဖွဲ့နဲ့ တခြားအဖွဲ့တွေကနေ စီစဉ်တဲ့ပွဲမှာ ပြောပါတယ်။
ဒီမိုကရက်တစ်သမ္မတ ဂျိုးဘိုင်ဒင်နဲ့ သူ့ရဲ့အထက်လွှတ်တော် လုပ်ဖော်ကိုင်ဖက်တချို့က သေနတ် ထိန်းချုပ်ရေးအတွက် ထက်ထက်သန်သန် မေတ္တာရပ်ခံထားပေမယ့် ရီပတ်ဘလစ်ကန်တွေ ကလည်း တရားဝင်သေနတ်ဝယ်ယူမှုမှာ ကန့်သတ်ချက်အသစ်တွေ ထားရှိတာကလည်း ရာဇ၀တ်မှုတွေကို ဟန့်တားတာ မဟုတ်ဘူးလို့ အကြိတ်အနယ် ငြင်းခုံနေကြပြီး ပါတီ ၂ ခုကြား ကွာဟချက်က ကြီးမားနေပါတယ်။