close

တက္ကဆီ

close

February 15, 2023

မင်္ဂလာဒုံတွင် ကားတိုက်မှုဖြစ်ပြီး လူ ၂ ဦးသေဆုံး၊ ၁ ဦး ဒဏ်ရာရ

ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်၊ အမှတ် ၃ လမ်းမ၊ ညောင်ပင်မှတ်တိုင်အနီးမှာ ဖေဖော်ဝါရီ ၁၄ ရက် ည ၁၀ နာရီလောက်က ယာဉ်တိုက်မှုဖြစ်ပြီး အမျိုးသား ၂ ဦးသေဆုံးကာ ၁ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ပုလဲအရန်မီးသတ်တပ်ဖွဲ့ကနေ သိရပါတယ်။

အမှတ် ၃ လမ်းမပေါ်မှာ မောင်းနှင်လာတဲ့ တက္ကစီတစီးက အရှိန်မထိန်းနိုင်ဘဲ လူ ၃ ဦးပါ ဟိုက်ဂျက်ကားကို ဝင်တိုက်မိကာ ဟိုက်ဂျက်ကတဆင့် လမ်းဘေးရပ်ထားတဲ့ ကြိုပို့ ဖယ်ရီကားကို အနောက်ကနေ ဝင်တိုက်မိတာလို့ သိရပါတယ်။

ဟိုက်ဂျက်ကား ခေါင်းခန်းမှာ ယာဉ်မောင်းတဦး၊ ကားအနောက်ခန်းမှာ အမျိုးသား ၂ ဦး လိုက်ပါလာပြီး တက္ကစီဝင်တိုက်တဲ့အရှိန်ကြောင့် ယာဉ်မောင်းညပ်နေကာ အနောက်ခန်းက အမျိုးသား ၂ ဦး လွင့်ကျသွားပြီး အဆိုပါဒဏ်ရာနဲ့ပဲ ဆေးရုံပို့ဆောင်နေတဲ့လမ်းမှာ သေဆုံးသွားခဲ့တာပါ။

ပုလဲမြို့နယ် အရန်မီးသတ်တပ်ဖွဲ့ တာဝန်ရှိသူက“တက္ကစီကနေ ဟိုက်ဂျက်ကိုတိုက်တယ်၊ ဟိုက်ဂျက်ကနေ လမ်းဘေး ညအိပ်ရပ်ထားတဲ့ ဖယ်ရီကားကို ထပ်တိုက်တယ်၊ အဲ့အချိန်မှာ ကားပေါ် အနောက်မှာ အမျိုးသား ၂ ဦးနဲ့အတူ ယာဉ်မောင်း စီးနင်းလာတယ်။ တိုက်တဲ့အရှိန်နဲ့ အမျိုးသား ၂ ဦးက လွင့်စင်ထွက်ကျတယ်။ အသက် ၂၅ အရွယ် လူငယ် ၂ ဦးက ဆေးရုံပို့နေရင်းပဲ လမ်းမှာ သေဆုံးသွားပါတယ်။ အဲ့ယာဉ်တိုက်မှုဖြစ်စဉ်မှာ ဟိုက်ဂျက်ကနေပဲ အကုန်လုံး ထိခိုက်သွားတယ်။ တက္ကစီက ယာဉ်မောင်းက မထိဘူး” လို့ ပြောပါတယ်။

အဆိုပါယာဉ်တိုက်မှုကြောင့် တက္ကစီယာဉ်မောင်းကို မင်္ဂလာဒုံမြို့မရဲစခန်းမှာ ဖမ်းဆီးစစ်ဆေးနေတယ်လို့ သိရပြီး ပြီးခဲ့တဲ့ ဇန်နဝါရီလနဲ့ ဖေဖော်ဝါရီလဆန်းတွေမှာလည်း အမှတ် ၃ လမ်းမပေါ် ယာဉ်တိုက်မှုဖြစ်စဉ်တွေကြောင့် သေဆုံးသူ ၃ ဦးထက်မနည်း ရှိသွားပြီလို့ သိရပါတယ်။

5 mins Ago

March 3, 2022

မီးပြတ်ချိန်များနေသဖြင့် YBS ဘတ်စ်ကားများနှင့် CNG ယာဉ်များ အခက်ကြုံ

ရန်ကုန်မြို့မှာ ခုရက်ပိုင်းအတွင်း အချိန်ကြာမြင့်စွာ လျှပ်စစ်မီး မကြာခဏ ပြတ်တောက်နေတာကြောင့် CNG ဓာတ်ငွေ့ အရောင်းဆိုင်တွေဟာ လိုအပ်တဲ့ဂက်စ်ကို ဖြည့်ပေးနိုင်ခြင်းမရှိလို့ YBS ယာဉ်တွေနဲ့ စီအင်န်ဂျီကို အသုံးပြုမောင်းနှင်နေတဲ့ ယာဉ်တွေ အခက်အခဲ ကြုံတွေ့နေရပါတယ်။
CNG ဓာတ်ငွေ့အရောင်းဆိုင်တွေဟာ လျှပ်စစ်မီးကို အဓိကအားထားနေရပြီး လျှပ်စစ်မီးရှိမှသာ ဓာတ်ငွေ့ကိုဖြည့်ပေးနိုင်တာပါ။
အခုတော့ မီးပြတ်တဲ့အချိန်တွေများတာကြောင့် CNG ဓာတ်ငွေ့ ဖြည့်တင်းရောင်းချမှုကိုပါ ရပ်ထားရပြီး ဂက်စ်ဆိုင်တွေရှေ့မှာ ကားတန်းအရှည်ကြီးတွေဖြစ်ပေါ်ကာ ဓာတ်ငွေ့လာဖြည့်တဲ့ကားတွေဟာ အချိန်ကြာမြင့်စွာ စောင့်ဆိုင်းနေကြရပါတယ်။
အငှားယာဉ်မောင်းတဦးက "ဂတ်စ်ထည့်ဖို့ကို အရင်ကတည်းကတောင် တန်းစီနေရတာ၊ အခုဆို မီးက ခဏခဏကိုပျက်တာ၊ တခါပျက်ရင်လည်း အကြာကြီးပဲ။ ဒီဂတ်စ်ထည့်တာနဲ့ပဲ အချိန်ကုန်တော့ ကားဆွဲဖို့ အချိန်ကလျော့ကုန်ရော။ ဂက်စ်ထည့်တာပဲ တနေကုန်တယ်။ ဘယ်အချိန်ပိုက်ဆံသွားရှာရမှာလဲ“ လို့ ပြောပါတယ်။
YBS ယာဉ်လိုင်းတွေမှာလည်း ဂတ်စ်ထည့်ချိန် ပုံမှန်ထက် ကြာမြင့်တာကြောင့် ပြေးဆွဲရမယ့် အချိန်ထက် နောက်ကျပြီး ယာဉ်စီးသူတွေအနေနဲ့ အချိန်ကာလကြာမြင့်စွာ စောင့်ဆိုင်းနေရတာတွေကြောင့် အခက်တွေ့နေကြရပါတယ်။
YBS ခရီးသည်တဦးက “နံပါတ် ၂ ဆို တစီးတစီးလာဖို့ အရင်ကတောင် နာရီဝက်လောက်စောင့်ရတာ အခုဆိုရင် အဲ့ထက်မကကြာတယ်။ အလုပ်သွားဖို့ အရင်ကထက် အချိန်ပိုစောထွက်ရတယ်။ အလုပ်ပြန်တော့လည်း အိမ်ကို မြန်မြန်နဲ့ မရောက်တော့ဘူး။ လမ်းပိတ်တာနဲ့ ကားစောင့်တာကြာတာနဲ့ ကားပေါ်မှာ အချိန်ကုန်တာပဲများတယ်” လို့ ပြောပါတယ်။
ရန်ကုန်မြို့အတွင်း CNG ဓာတ်ငွေ့အရောင်းဆိုင် ၄၀ လောက်ရှိပြီး အများစုမှာ မီးပျက်နေတဲ့အချိန်မှာ ဓာတ်ငွေ့ဖြည့်မပေးနိုင်ကြပါဘူး။ မီးစက်မရှိတဲ့ ဓာတ်ငွေ့ဆိုင်တွေများပြီး မီးစက်ရှိတဲ့ ဆိုင်တွေကလည်း မီးစက်ကို အသုံးပြုခြင်းမရှိကြဘူးလို့ သိရပါတယ်။
ရန်ကုန်မြို့အတွင်း ပြေးဆွဲနေတဲ့ YBS ယာဉ်လိုင်းတွေ၊ အငှားယာဉ်တွေနဲ့ ခေါက်တိုကုန်တင်ယာဉ် ၃,၀၀၀ ကျော်ဟာ CNG ဓာတ်ငွေ့ကို အသုံးပြုနေပြီး မောင်းနှင်နေကြတာ ဖြစ်ပါတယ်။

12 months Ago
Up