အမေရိကန်ပြည်ထောင်စု၊ တင်နက်ဆီပြည်နယ်၊ ကော်လီယာဗေးလ်မြို့၊ ဆင်ခြေဖုံးရပ်ကွက် မမ်ဖှစ်ရှိ ခရိုဂါစူပါမားကတ်မှာ စက်တင်ဘာ ၂၃ ရက်နေ့ သေနတ်ပစ်ခတ်မှုမှာ လူ ၂ ဦးသေဆုံးပြီး အနည်းဆုံး ၁၂ ဦး ဒဏ်ရာ ရရှိခဲ့တယ်လို့ ရဲချုပ်က ပြောကြားခဲ့ပါတယ်။
ဒေသစံတော်ချိန် မွန်းလွဲ ၁ နာရီ ၃၀ မိနစ်လောက်မှာ ပစ်ခတ်မှုဖြစ်ပွားခဲ့တဲ့ ကုန်ခြောက်စတိုး ဆိုင်ကို အရာရှိတွေ ရောက်ရှိလာပြီး ဒုက္ခကြုံနေရသူတွေကို စတင်ကူညီပေးခဲ့ကာ စူပါမားကတ်ထဲမှာ ပုန်းနေကြတဲ့ တခြားသူတွေကိုလည်း တွေ့ရှိခဲ့တယ်လို့ ရဲချုပ်ဒါလီလိန်းက သတင်းထောက်တွေကို ပြောပါတယ်။
အသက်ရှင်ကျန်ရစ်သူတချို့ဟာ အလွန်ပြင်းထန်တဲ့ဒဏ်ရာတွေ ရထားတယ်လို့ ပြောကြား ပြီး သူတို့အားလုံးကို ဒေသဆေးရုံတွေဆီ ခေါ်သွားပြီလို့လည်း ဆိုပါတယ်။
WREG-TV ရဲ့ဖော်ပြချက်အရ အနည်းဆုံး လူငါးဦးဟာ စိုးရိမ်ရတဲ့အခြေအနေမှာ ရှိနေပါတယ်။ အမည်မဖော်လိုသူ သတင်းရင်းမြစ်တခုရဲ့ ပြောကြားချက်အရ သေနတ်သမားဟာ မနေ့က အလုပ်ထုတ်ခံရတဲ့ ၀န်ထမ်းတစ်ဦး ဖြစ်ပါတယ်။
သူဟာ စတိုးဆိုင်အနောက်ဘက်က လူတွေနောက်ကို လိုက်သွားပြီး သေနတ်ပစ်ခတ်နေတာကို တွေ့ခဲ့တယ်လို့ ကရိုဂျာဝန်ထမ်း တစ်ဦးက ပြောပါတယ်။
တကိုယ်တော်ပစ်ခတ်မှု ကျူးလွန်ပုံရတဲ့ သေနတ်သမားကို စတိုးဆိုင်အပြင်ဘက် ကားရပ်နားရာနေရာမှာ သူ့ရဲ့မော်တော်ယာဉ်အတွင်းမှာ ကိုယ့်ဖာသာကိုယ် ပစ်ခတ်ထားတဲ့ သေနတ်ဒဏ်ရာနဲ့ သေဆုံးနေတာတွေ့ခဲ့ရတယ်လို့ ဆိုပါတယ်။
FBI ဟာ စုံစမ်းစစ်ဆေးမှုမှာ ပါ၀င်နေပြီး မှုခင်းဖြစ်စဉ်ကိုစီမံဖို့ ကူညီနေတယ်လို့ ရဲနဲ့FBI ပြောရေးဆိုခွင့်ရှိသူတဦးက ပြောကြားခဲ့ပါတယ်။
ဘာကြောင့်ပစ်ခတ်မှုဖြစ်ရတယ်ဆိုတဲ့ ဖြစ်နိုင်ခြေကိုတော့ ချက်ချင်းမှတ်ချက်မပေးပါဘူး။ မနေ့ကအကြမ်းဖက်မှုဟာ အမေရိကန်မြို့ကြီးတွေမှာဖြစ်ပွားခဲ့တဲ့ လူသေစေတဲ့ လုပ်ငန်းခွင် အစုလိုက်အပြုံလိုက် ပစ်ခတ်မှုတွေထဲက နောက်ဆုံးဖြစ်ရပ် ဖြစ်ပါတယ်။