close

တင်ပို့မှု

close

February 13, 2023

နယ်စပ် ဆန်၊ဆန်ကွဲတင်ပို့မှု ပို့ကုန်ရငွေများအပေါ် မူဝါဒပြောင်းလဲသတ်မှတ်မည်ဟု သတင်းထွက်

နယ်စပ် ဆန်၊ ဆန်ကွဲတင်ပို့မှုက ပို့ကုန်ရငွေတွေအပေါ် မူဝါဒပြောင်းလဲသတ်မှတ်ဖို့ စစ်ကောင်စီက ပြင်ဆင်နေတယ်လို့ ကုန်သည်လုပ်ငန်းရှင်တွေဆီက သိရပါတယ်။

နယ်စပ်ကုန်သွယ်ရေးမှာ အရင်က ဆန်နဲ့ ဆန်ကွဲကလွဲပြီး ပဲမျိုးစုံ၊ ဆီထွက်သီးနှံ၊ ပြောင်း၊ ရာဘာ၊ ရေထွက်ပစ္စည်း၊ တိရစ္ဆာန်နဲ့ တိရစ္ဆာန်ထွက်ပစ္စည်းတွေ တင်ပို့မှုကရရှိတဲ့ ပို့ကုန်ရငွေတွေအပေါ်မှာသာ ဗဟိုဘဏ်က မူဝါဒနဲ့ ကန့်သတ်ထားတာပါ။

အဲဒီကုန်စည်တွေ တင်ပို့မှုကရရှိတဲ့ ပို့ကုန်ရငွေ ဒေါ်လာ ၆၅ ရာခိုင်နှုန်းကို ဗဟိုဘဏ် သတ်မှတ်စျေးနဲ့ တရက်အတွင်း ကျပ်ငွေ မဖြစ်မနေ လဲလှယ်စေပြီး ၃၅ ရာခိုင်နှုန်းကိုတော့ ဈေးကွက်ပေါက်စျေးအတိုင်း သုံးစွဲခွင့်၊ လွှဲပြောင်းရောင်းချခွင့် ပြုထားတာပါ။

အခုအခါမှာတော့ ဆန်နဲ့ ဆန်ကွဲတင်ပို့မှုက ပို့ကုန်ရငွေတွေအပေါ်မှာပါ မူဝါဒ ပြောင်းလဲချမှတ်တော့မယ်လို့ ကုန်သည်လုပ်ငန်းရှင် အသိုက်အဝန်းမှာ သတင်းတွေ ထွက်ပေါ်နေတာပါ။

မှုဆယ်အခြေစိုက် ဆန်စပါးကုန်သည်တဦးက “၂၀၂၃ မတ်လ ၁ ရက်နေ့ကစပြီး တရုတ်-မြန်မာနယ်စပ် ဆန်၊ ဆန်ကွဲ ပို့ကုန်ရငွေတွေကို ၆၅ ရာခိုင်နှုန်း/၃၅ ရာခိုင်နှုန်း ပြောင်းလဲသတ်မှတ်ဖို့ (လုံးဝ) သေချာသလောက်ဖြစ်သွားပါပြီ” လို့ ပြောပါတယ်။

အဲဒီသတ်မှတ်ချက်သာ အတည်ဖြစ်လာမယ်ဆိုရင် ကုန်သည်တွေက ပြည်ပတင်ပို့ ရောင်းချရာက တွက်ခြေကိုက်ဖို့အတွက် စျေးချဝယ်ယူလာနိုင်တာကြောင့် နယ်စပ်ပို့ကုန် ဆန်၊ ဆန်ကွဲစျေး ကျဆင်းနိုင်တယ်လို့ စျေးကွက်စောင့်ကြည့်သူတွေက သုံးသပ်ပါတယ်။

ဆန်ကုန်သည်တဦးက “နယ်စပ်ပို့ကုန် ဆန်နဲ့ ဆန်ကွဲ စျေးကျနိုင်ပါတယ်။ အရင်က ဆန်၊ ဆန်ကွဲရောင်းရင် ပို့ကုန်ရငွေ ၁၀၀ ရာခိုင်နှုန်းက အပြင်ပေါက်စျေးနဲ့ရတာ၊ အဲလိုသတ်မှတ်မယ်ဆိုရင် သတ်မှတ်စျေးနဲ့ပဲ ရတော့မယ်” လို့ ပြောပါတယ်။

စစ်ကောင်စီ ဗဟိုဘဏ်ရဲ့ ဒေါ်လာသတ်မှတ်နှုန်းထားဟာ ၁ ဒေါ်လာ ၂,၁၀၀ ကျပ်ဖြစ်ပြီး လက်ရှိ ပြင်ပစျေးကွက် ပေါက်စျေးကတော့ ၂,၈၆၀ ကျပ်ဝန်းကျင်မှာ ရှိပါတယ်။

ဗဟိုဘဏ်စျေးနဲ့ ပြင်ပပေါက်စျေး ၁ ဒေါ်လာကို ကျပ် ၇၀၀ အထက် ကွာဟချက် ရှိနေတာကြောင့် နယ်စပ်ပို့ကုန် ဆန်၊ ဆန်ကွဲ စျေးကျဆင်းနိုင်တယ်လို့ ကုန်သည်တချို့က သုံးသပ်ထားကြတာပါ။

တဖက်မှာလည်း မြန်မာပြည်တွင်း ဆန်စျေးနှုန်းတွေက မကြုံစဖူး ထူးကဲ မြင့်တက်နေတာကြောင့် ဝင်ငွေနည်းပါးတဲ့ အခြေခံပြည်သူတွေအပေါ် ရိုက်ခတ်လာပါတယ်။

ပြည်တွင်းဆန်စျေးနှုန်းတွေဟာ ပြီးခဲ့တဲ့နှစ်ထက် အခုနှစ်မှာ ၂ ဆဝန်းကျင် မြင့်တက်နေတာပါ။

ပြည်တွင်း ဆန်စပါးအထွက်နှုန်းအနေနဲ့ကလည်း အခုနှစ်မှာ စစ်ရေးပဋိပက္ခတွေနဲ့ ကျပ်ငွေတန်ဖိုး ကျဆင်းနေပြီး စိုက်ပျိုးထုတ်လုပ်မှု အထွေထွေကုန်ကျစရိတ် မြင့်တက်ခဲ့တာကြောင့် သိသိသာသာ လျော့ကျခဲ့ပါတယ်။

တဖက်မှာလည်း ပြည်ပကို မြန်မာ့ဆန်တင်ပို့မှုက ဆက်လက်အားကောင်းနေတာ ဖြစ်ပြီးတော့ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်က ထုတ်ပြန်တဲ့ ကိန်းဂဏန်းအရဆိုရင် ပြီးခဲ့တဲ့ ဇန်နဝါရီလမှာ ဆန်နဲ့ ဆန်ကွဲတန်ချိန် ၂၆၀,၀၀၀ ကျော်ထိ တင်ပို့ထားပါတယ်။

အခု ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်မှာ ဆန် ဆန်ကွဲ ပြည်ပတင်ပို့မှုအပေါ် တန်ချိန် ၂ သန်း တင်ပို့ဖို့ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်က မျှော်မှန်းထားပါတယ်။

လက်ရှိဘဏ္ဍာနှစ်အစ ဧပြီကနေ ပြီးခဲ့တဲ့ ဇန်နဝါရီအထိ ၁၀ လတာအတွင်းမှာ တန်ချိန် ၁ ဒသမ ၉ သန်းထိ တင်ပို့ထားပြီး ကျန်ရှိနေတဲ့ ဖေဖော်ဝါရီနဲ့ မတ်လတို့မှာ တန်ချိန် ၁ သိန်းခွဲကျစီနဲ့ စုစုပေါင်းတန်ချိန် ၃ သိန်း တင်ပို့ဖို့ လျာထားတယ်လို့ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်က ဖေဖော်ဝါရီ ၁၂ ရက်မှာ ထုတ်ပြန်ထားပါတယ်။

အသင်းချုပ်က ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၁ ရက်နေ့မှာ ကုန်စည်ဒိုင်တွေ Exporter ကုမ္ပဏီတွေ၊ ဒေသကော်မတီတွေနဲ့ လုပ်ငန်းညှိနှိုင်း အစည်းအဝေးတခု ပြုလုပ်ခဲ့ပြီး ဆန်စျေးနှုန်း တည်ငြိမ်စေရေး၊ ပြည်တွင်းပြည်ပ ဆန်စျေးနဲ့ စျေးကွက်အခြေအနေတွေ အပါအဝင် မူဝါဒတွေနဲ့ ပို့ကုန်ဝင်ငွေဆိုင်ရာ ကိစ္စရပ်တွေအပေါ် ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။

9 hours Ago

November 3, 2019

ဘင်္ဂလားဒေ့ရှ်ကို မြန်မာကြက်သွန်နီ တင်ပို့မှု ၅ ဆကျော် မြင့်တက်

ရခိုင်ပြည်နယ်၊ ‌မောင်တောမြို့ နယ်စပ်ကုန်သွယ်ရေးစခန်းကနေ တဖက် ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ကြက်သွန်နီ တင်ပို့မှုဟာ အောက်တိုဘာလအတွင်း ၅ ဆကျော် မြင့်တက်ခဲ့တယ်လို့ မောင်တောကုန်သည်ကြီးများအသင်းက ပြောပါတယ်။ မောင်တောကုန်သည်ကြီးများအသင်း ဒုဥက္ကဋ္ဌ ဦးစံသိန်းက “ကြက်သွန် တင်ပို့မှု အခြေအနေက ပြီးခဲ့တဲ့ ၉ လပိုင်းက တန် ၂၀၀ နီးပါးလောက်သာ တင်ပို့နိုင်ခဲ့တယ်။ အခု ဆယ်လပိုင်းမှာကျတော့ သုံး လေး ငါးဆ မြင့်တက်သွားပြီး တန်ချိန် ၁၁၇၅ တန်ထိ တင်ပို့နိုင်ခဲ့တယ်။ ကိုးလပိုင်းမှာ အများဆုံးပို့ကုန်က ငါးမြစ်ချင်းဖြစ်ပြီး ဆယ်လပိုင်းမှာကျတော့ ကြက်သွန်နီက အများဆုံးပို့ကုန် ဖြစ်သွားပါတယ်” လို့ ပြောပါတယ်။ မောင်တောမြို့မှာ ကြက်သွန်စျေးက ပြီးခဲ့တဲ့ စက်တင်ဘာလက ၁၂၀၀ လောက်သာ ရှိပေမယ့် အခုလက်ရှိမှာ ၁ ပိဿာကို ၂၇၀၀ လောက်ထိ ဈေးမြင့်တက်သွားတယ်လို့ စျေးသည်တဦး ဖြစ်တဲ့ ကိုမောင်လှသိန်းက ပြောပါတယ်။ “နိုင်ငံခြားတင်ပို့မှုများသွားတော့ စျေးက တအားတက်သွားပါတယ်။ နောက်ထပ် ဈေးကျလာမလား၊ တက်လာမလား ဆိုတာ ပြောမရသေးပါ။ အိန္ဒိယက ကြက်သွန်တင်ပို့မှုအပေါ် မူတည်နိုင်ပါတယ်။ ဈေးမြင့်တာကြောင့် အမြတ်နည်းသွားပြီး ဝယ်လိုအားကျသွားတယ်။ အရင် ကြက်သွန် တအိတ်ဝယ်ယူသူက အခု ၅ ပိဿာလောက်သာ ဝယ်တော့တယ်။” ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာတော့ ကြက်သွန်နီ ၁ ကေဂျီ (1KG) ကို တာကာငွေ ၁၄၀ နဲ့ ၁၅၀ ကြား (ဘင်္ဂလားဒေ့ရှ် တာကာငွေ ၁၀၀ တာကာကို မြန်မာငွေ ၁၇၅၀ ကျပ်ဝန်းကျင်) ရှိတယ်လို့ သိရပါတယ်။ မောင်တော နယ်စပ်ကုန်သွယ်ရေးစခန်းကနေ အောက်တိုဘာလအတွင်း ကြက်သွန် ၁၁၇၅ တန်၊ အမေရိကန်ဒေါ်လာ ၆၉၆၆၀၀ ဖိုး တင်ပို့နိုင်ခဲ့တယ်လို့ သိရပါတယ်။ ကောင်းကောင်း
3 years Ago
Up