close

တဇယ်ချောင်

close

June 4, 2022

ကနီမြို့နယ်၌ ရွာသား ၄ ဦးကို စစ်တပ်က ဖမ်းဆီးသတ်ဖြတ် အလောင်းပစ်ထား

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်မှာ တဇယ်ချောင် ကျေးရွာသား ၄ ယောက်ကို စစ်ကောင်စီတပ်က ဖမ်းဆီးသတ်ဖြတ်ခဲ့ပြီး ဒီနေ့ ဇွန် ၄ ရက်မှာတော့  ငါးဖျက်ကျေးရွာအနီး နတ်စင်ကုန်းအနီးမှာ  ရွာသားတွေရဲ့ ရုပ်အလောင်းတွေ ရှာဖွေတွေရှိခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။

စစ်ကောင်စီတပ်က မေလ ၃၁ ရက်မှာ  မင်းကုန်းရွာသား ၃ ယောက်နဲ့ တဇယ်ချောင်ရွာသား ၄ ယောက် စုစုပေါင်း ၇ ယောက်ကို ဖမ်းဆီးသွားပြီး မင်းကုန်းရွာသား  ၃ ယောက်ကိုတော့  ပြန်လွှတ်ပေးခဲ့ကာ  ကျန် ၄ ယောက်ကို သတ်ပစ်ခဲ့တာလို့ ဆိုပါတယ်။  

အလောင်းတွေကို ပြန်တွေ့ခဲ့တဲ့ မျက်မြင် ရွာသားတယောက်က “ဘာကြောင့်အခုလို သတ်တယ်ဆိုတာကတော့ ဘယ်လိုပြောရမှန်းတောင်မသိတော့ပါဘူး။ နှစ်ယောက်က စောင်ထဲ ထည့်ထုပ်ပြီး အလောင်းပစ်ထားခဲ့တယ်။ ကျန်တဲ့သူနှစ်ယောက်ကတော့ လက်ပြန်ကြိုးတုပ်ပြီး သတ်ထားခဲ့ကြတယ်”လို့ ပြောပါတယ်။

အသတ်ခံထားရသူတွေကတော့ ကိုခင်မောင်‌တင့် အသက် ၃၉ နှစ်ခန့်၊ ကိုဇော် အသက် ၄၅  ခန့်နဲ့ အသက် ၁၄ နှစ်လောက် လူငယ်လေးတွေဖြစ်တဲ့ ကိုငပုနဲ့ ကိုအဲဖြိုးတို့ ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီတပ်တွေဟာ ဇွန် ၃ ရက် ည ၈ နာရီလောက်က  ကနီမြို့နယ်၊ ငါးဖျက်ကျေးရွာကအိမ် ၆ လုံး၊ မုဌော အနောက်ရွာက အိမ် ၁၀ လုံးနဲ့ မုဌော အရှေ့ရွာက အိမ် ၆ လုံးကို မီးရှို့ခဲ့သလို  ဒီမနက် ၁၁ နာရီလောက်ကလည်း နတ်ကြီးကျေးရွာကို တတိယအကြိမ် မီးရှို့ခဲ့တယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

9 hours Ago
Up