close

တည်ငြိမ်အေးချမ်းရေး

close

September 28, 2022

မြန်မာပြည် တည်ငြိမ်အေးချမ်းရေးလိုလားဟု ကုလညီလာခံတွင် ထိုင်းနိုင်ငံခြားရေးဝန်ကြီးပြော

အိမ်နီးချင်းမြန်မာနိုင်ငံမှာ ပြန်လည်အေးချမ်းတည်ငြိမ်လာတာကို လိုလားတဲ့အကြောင်း ထိုင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ်နဲ့ နိုင်ငံခြားရေးဝန်ကြီး ဒွန်ပရာမတ်ဝီနိုင်းက ပြောကြားလိုက်ပါတယ်။ 

နယူယောက်မြို့ ကုလသမဂ္ဂဌာနချုပ်မှာကျင်းပတဲ့ ၇၇ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံမှာ  စက်တင်ဘာလ ၂၅ ရက်က မိန့်ခွန်းပြောကြားရာမှာ  မြန်မာနိုင်ငံအရေးကိုလည်း ထည့်သွင်းပြောကြားခဲ့ပါတယ်။

ကိုဗစ်ကပ်ရောဂါကို ကြုံရပြီးတဲ့နောက် ကမ္ဘာပေါ်မှာ နောက်ထပ် နိုင်ငံရေးပြဿနာတွေနဲ့အတူ အစားအစာရှားပါးမှု ပြဿနာ၊ စွမ်းအင်မလုံလောက်မှုပြဿနာနဲ့ စီးပွားရေးပြိုလဲကျဆင်းမှုပြဿနာတွေကိုပါ ကြုံတွေ့နေရတယ်လို့ ပြောပါတယ်။

အခုကြုံတွေ့နေရတဲ့ ပြဿနာတွေအတွက် နိုင်ငံတွေ၊ အဖွဲ့အစည်းတွေအားလုံးစုပေါင်းပြီး အဖြေရှာကြဖို့ အရေးကြီးကြောင်းနဲ့ ထိုင်းနိုင်ငံဟာလည်း အားလုံးနဲ့အတူပူးပေါင်းပြီး ပြဿနာတွေ အဖြေရှာဖြေရှင်းနိုင်ဖို့ကြိုးစားနေကြောင်း၊ ယူကရိန်းက သီးနှံတွေ လွတ်လပ်စွာတင်ပို့ရောင်းချနိုင်ရေးအတွက် ကုလသမဂ္ဂကဦးဆောင်ညှိနှိုင်းပေးခဲ့တဲ့ ပင်လယ်နက် သယ်ယူပို့ဆောင်ရေးသဘောတူညီချက်ကိုလည်း ထိုင်းနိုင်ငံကထောက်ခံအားပေးကြောင်း ပြောပါတယ်။

လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေနဲ့ ပတ်သက်လို့လည်း အာဖဂနစ္စတန်က လူမှုကူညီရေးလုပ်ငန်းတွေကို ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (World Food Program, WFP) ကနေ တဆင့်ကူညီပေးနေကြောင်း၊ ယူကရိန်းမှာ လိုအပ်နေတဲ့ လူမှုကူညီရေးလုပ်ငန်းတွေအတွက် ယူကရိန်း ကြက်ခြေနီအသင်းနဲ့ ကုလသမဂ္ဂအပြည်ပြည်ဆိုင်ရာကလေးများရန်ပုံငွေအဖွဲ့  (UNICEF) တို့နဲ့ ပူးပေါင်းဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။ 

မြန်မာနိုင်ငံအရေးနဲ့ ပတ်သက်ပြီးတော့လည်း ကိုဗစ်-၁၉ ကာကွယ်ဆေး ၁ သန်း လှူဒါန်းတာအပါအဝင် အကူအညီလိုအပ်နေတဲ့ မြန်မာနိုင်ငံသားတွေကို အကူအညီပေးနိုင်ရေးအတွက် မိတ်ဖက်အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီး အစီအစဉ်အမျိုးမျိုးနဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီတွေပေးနေတယ်လို့ဆိုပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံကို အကူအညီပေးရေးအတွက် လိုအပ်တဲ့ ဘဏ္ဍာရေးဆိုင်ရာ အကူအညီတွေကိုလည်း UNICEF၊ WHO၊ WFP၊ ICRC တို့ကတစ်ဆင့် ပေးနေတယ်လို့ ပြောပါတယ်။

ကီလိုမီတာပေါင်း ၂၄၇၀ နယ်မြေချင်းထိစပ်နေတဲ့ အိမ်နီးချင်းနိုင်ငံအနေနဲ့ မြန်မာနိုင်ငံမှာ မြန်မြန်ဆန်ဆန် ပြန်လည်တည်ငြိမ်အေးချမ်းရေးကို လိုလားကြောင်း၊ သက်ဆိုင်ရာအဖွဲ့အစည်းတွေ အားလုံး ဆွေးနွေးညှိနှိုင်းကာ တင်းမာမှုတွေဖြေလျော့ပြီး မတူညီမှုတွေကို ငြိမ်းချမ်းစွာ ညှိနှိုင်းကြဖို့တောင်းဆိုကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။ 

မြန်မာ့အရေးနဲ့ပတ်သက်ပြီး အာဆီယံအဖွဲ့ရဲ့ အပြုသဘောဆောင်တဲ့ ဆောင်ရွက်ချက်တွေကို ထောက်ခံကြောင်းနဲ့ အာဆီယံရဲ့ ဆွေးနွေးညှိနှိုင်းနိုင်စွမ်း၊ ပူးပေါင်းဆောင်ရွက်နိုင်စွမ်းနဲ့ စည်းလုံးညီညွတ်မှုတွေကိုကြည့်ပြီး မြန်မာနိုင်ငံအရေးကို ကူညီဖြေရှင်းဖို့အတွက် အာဆီယံအဖွဲ့အစည်းဟာ အကောင်းဆုံးနေရာဖြစ်တယ်လို့ ယုံကြည်ကြောင်းပြောပါတယ်။ ကုလသမဂ္ဂအထူးကိုယ်စားလှယ်နဲ့လည်း ပူးပေါင်းဆောင်ရွက်ကာ မြန်မာနိုင်ငံအရေး ကူညီထောက်ပံ့သွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

၂၀၂၅-၂၀၂၇ ကာလအတွက် ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီအဖွဲ့ဝင်နိုင်ငံဖြစ်ဖို့အတွက်လည်း ထိုင်းနိုင်ငံက လျှောက်ထားတင်ပြထားတယ်လို့ဆိုပါတယ်။

လာမယ့် နိုဝင်ဘာလ တတိယပတ်ထဲမှာကျင်းပမယ့် ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်ပင်မြို့မှာ ကျင်းပမယ့် အာဆီယံထိပ်သီးအစည်းအဝေး၊ အင်ဒိုနီးရှားနိုင်ငံ ဘာလီက G20 အစည်းအဝေးနဲ့ ထိုင်းနိုင်ငံ ဘန်ကောက်က အာရှ-ပစိဖိတ်စီးပွားရေးပူးပေါင်းဆောင်ရွက်မှုအသင်းခေါင်းဆောင်များ အစည်းအဝေး (APEC Leaders Meeting)တွေဟာ ယူကရိန်းအရေးအတွက် ကမ္ဘာ့ခေါင်းဆောင်တွေ ဆွေးနွေးညှိနှိုင်းကြဖို့ အခွင့်အရေးကောင်းတစ်ခု ဖြစ်တယ်လို့လည်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးက နောက်ဆုံးပိတ်ပြောကြားသွားခဲ့ပါတယ်။

Photo-MOFA-Thailand

6 hours Ago

December 25, 2019

ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေး အထောက်အကူပြုကော်မတီ အစီရင်ခံစာပြုစုပြီးစီး

ရခိုင်ပြည်နယ်၊ တည်ငြိမ်အေးချမ်းရေး အထောက်အကူပြုကော်မတီရဲ့ အပြီးသတ် အစီရင်ခံစာ ပြုစုပြီးစီးသွားပြီလို့ ကော်မတီဥက္ကဋ္ဌ ဦးအေးသာအောင်က ပြောတဲ့အကြောင်း အစိုးရ ပြန်ကြားရေးက သတင်းထုတ်ပြန်ပါတယ်။  အစီရင်ခံစာထဲမှာ ဘယ်လိုအကြောင်းအရာတွေ ထည့်သွင်းထားသလဲဆိုတဲ့ အသေးစိတ် အချက်အလက်တွေကတော့ သတင်းမှာ ဖော်ပြခြင်းမရှိပါဘူး။  အမျိုးသားလွှတ်တော်ဒုဥက္ကဋ္ဌ ဦးအေးသာအောင် ဦးဆောင်တဲ့ အဲဒီကော်မတီရဲ့ အကြံပြု ညှိနှိုင်းအစည်းအဝေးကို ဒီဇင်ဘာ ၂၃ ရက်က နေပြည်တော် လွှတ်တော်ရေးရာဆောင်မှာ ပြုလုပ်ခဲ့တာပါ။ အပြီးသတ် အစီရင်ခံစာလို့ ပြောရမယ့် နောက်ဆုံး တတိယအကြိမ် အစီရင်ခံစာ မူကြမ်းတခုကို ရေးပြီးဖြစ်သလို သူအပါအဝင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်၊ ဒုတိယရှေ့နေချုပ် ဦးဝင်းမြင့်၊ ဒုတိယဝန်ကြီး ဦးတင်မြင့်တို့နဲ့အတူ တည်းဖြတ်သင့်တဲ့ ကိစ္စတွေကို တည်းဖြတ်ထားပြီးပြီလို့ အစည်းအဝေးမှာ ဦးအေးသာအောင်က ပြောပါတယ်။ ပြီးတော့ ကော်မတီအတွင်းရေးမှူး ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးတင်မြင့်က အစီရင်ခံစာမူကြမ်းကို တပိုဒ်ချင်းစီ ကော်မတီအဖွဲ့ဝင်တွေက မူကြမ်းမှာ ပြင်ဆင်၊ ဖြည့်စွက်၊ ပယ်ဖျက်ချင်တဲ့ အချက်တွေကို ဆွေးနွေးခဲ့ကြပါတယ်။ ဒီကော်မတီကို နိုင်ငံတော်သမ္မတက မတ်လ ၁၄ ရက်မှာ အမိန့်ထုတ်ပြန် ဖွဲ့စည်းပေးခဲ့တာဖြစ်ပြီး စုစုပေါင်း အဖွဲ့ဝင် ၁၄ ယောက် ပါပါတယ်။  ဒါပေမဲ့ အဖွဲ့ဝင်တွေဖြစ်တဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဦးလှစောနဲ့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်ထုမေတို့ကတော့ ကော်မတီမှာ ပါဝင်ဆောင်ရွက်တာ မရှိခဲ့ပါဘူး။ အဲဒီအပြီးသတ်အစီရင်ခံစာ ဆွေးနွေးတဲ့ အစည်းအဝေးမှာလည်း ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌ-၁ နဲ့ ၂၊ အတွင်းရေးမှူး၊ အဖွဲ့ဝင်တွေ အပါအဝင် စုစုပေါင်း ၉ ယောက်ပဲ တက်ရောက်ခဲ့ပါတယ်။ ဓာတ်ပုံ- MOI
3 years Ago
Up