close

တနင်္သာရီတိုင်း

close

May 8, 2023

တနင်္သာရီတိုင်းတွင် တရက်တည်း ကိုဗစ်ကူးစက်ခံရသူ ၁၂ ဦးတွေ့၊ ဇဝဲ-တကူကားလမ်းအား ဖြတ်သန်းခွင့်ယာယီပိတ်

တနင်္သာရီတိုင်းမှာ မေ ၆ ရက်နေ့ တရက်တည်း ကိုဗစ်-၁၉ ကူးစက်ခံရသူ ၁၂ ဦးတွေ့ရှိတယ်လို့ စစ်ကောင်စီတိုင်းကျန်းမာရေးဦးစီးဌာနက မေ ၇ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ 

တနင်္သာရီတိုင်း၊ မြို့နယ် ၁ဝ ခုက စစ်ဆေးသူ ၂၃၁ ဦးမှာ ထားဝယ်မြို့နယ်က ၆ ဦးနဲ့ မြိတ်မြို့နယ်က ၆ ဦး စုစုပေါင်း ၁၂ ဦး တွေ့ရှိခဲ့တာဖြစ်ပါတယ်။

“မေလ ၆ ရက်နေ့တုန်းက ၃ ယောက်ကတော့ ကူညီသယ်ဆောင်ပေးဖို့ အကူအညီတောင်းတယ်။ ၇ ရက်နေ့အတွက် ၆ ယောက်ကတော့ အကူအညီတောင်းလာတာမျိုးမရှိသေးဘူး။ ကိုဗစ်လက္ခဏာပြပြီး ဖျားနေတဲ့လူနာတော့ သိပ်မရှိဘူး။ စစ်လိုက်ရင် ကိုဗစ်တွေ့နေတာတော့ ရှိတာပေါ့” လို့ ထားဝယ်မြို့ လူမှုကူညီကယ်ဆယ်ရေးအသင်းတခုရဲ့တာဝန်ရှိသူက ပြောပါတယ်။

မြိတ်မြို့ကတော့ ခရီးသွားမယ့် လင်မယားမှာ ကိုဗစ်စစ်ဆေးတွေ့ရှိခဲ့ပြီး ထိတွေ့ဆက်စပ်သူ ကလေးတဦးအပါဝင် နောက်ထပ်လေးဦးကို ထပ်စစ်ဆေးရာ ကိုဗစ်အတည်ပြုလက္ခဏာ တွေ့ရှိရတာလို့ မြိတ်မြို့ခံပရဟိတအသင်းတွေဆီကသိရပါတယ်။

တနင်္သာရီတိုင်းမှာ သင်္ကြန်ကာလအပြီး ဧပြီ ၁၉ ရက်ကနေ မေ ၆ ရက်နေ့အထိ ကိုဗစ်အတည်ပြုလူနာ ၄၆ ဦး စစ်ဆေးတွေ့ရှိရပြီး ဆေးရုံဆင်းခွင့်ရသူ ၁၆ ဦး ရှိပြီလို့ စစ်ကောင်စီတိုင်းကျန်းမာရေးဦးစီးဌာနရဲ့အချက်အလက်အရသိရပါတယ်။

ကိုဗစ်ကူးစက်မှုပြန်ဖြစ်လာပြီးနောက် အခြားတိုင်းနဲ့ပြည်နယ်တွေမှာ သေဆုံးမှုတွေရှိနေပြီး တနင်္သာရီတိုင်းမှာတော့ ကိုဗစ်အတည်ပြုလက္ခဏာနဲ့ သေဆုံးသူ မရှိသေးဘူးလို့ သိရပါတယ်။

တနင်္သာရီတိုင်း မြိတ်ခရိုင် မြိတ်မြို့နဲ့ တနင်္သာရီမြို့ကို ဆက်သွယ်ထားတဲ့ ဇဝဲ-တကူ ကားလမ်းကို ဧပြီ ၇ ရက်က စပြီး တပတ်ကြာ ဖြတ်သန်းခွင့် ပိတ်လိုက်တယ်လို့  ဒေသခံတွေက ပြောပါတယ်။

အဲဒီလမ်းမှာ စစ်ကောင်စီက ဂိတ်စခန်းချကာ ခရီးသွားတွေဆီက‌ ပိုက်ဆံတောင်းပြီး ပြန်လည်ခွဲယူ ရာမှာ အဝေမတည့်ဘဲ အချင်းချင်း ပြဿနာတက်တာကြောင့် အခုလို ပိတ်လိုက်ရတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ထုတ်ပြန်ထားပေမဲ့ အမှန်တကယ် ပိတ်တဲ့အကြောင်းကိုတော့ စုံစမ်းနိုင်ခြင်း မရှိပါဘူး။

အာဏာသိမ်းချိန်တည်းက ဇဝဲဂိတ်မှာ စခန်းချပြီး ဒီနေ့အထိ ခရီးသွားတွေဆီက ငွေကြေး အတင်းတောင်းတာ‌အပြင် ဖမ်းဆီးရိုက်နှက်တာ‌တွေ ခြိမ်းခြောက်တာ‌တွေကိုလည်း လုပ်ဆောင် နေတယ်လို့ သိရပါတယ်။

ဒေသခံပြည်သူတဦးက "သူတို့က မျက်နှာသိတွေကိုဆို ပိုက်ဆံမ‌တောင်းဘူး။ သူတို့ မသိတဲ့ သူတွေဆိုရင် ပိုက်ဆံတောင်းရမ်းကြမ်းတယ်။ ဆိုင်ကယ်တွေလည်း သိမ်းတယ်။ သွားတောင်း‌ရင် ပြန်ရိုက် လွှတ်တာတွေလည်း ရှိတယ်။ ကားသမားတွေဆိုလည်း အမြဲတမ်း ပိုက်ဆံ‌ပေးရတယ်။ မပေးရင်ပြဿနာရှာတယ်" လို့ ပြောပါတယ်။

၂၀၁၉ နှစ်လယ်ပိုင်းက မိုးသည်းထန်စွာ ရွာသွန်းတာကြောင့် တနင်္သာရီမြစ်ရေကြီးပြီး တောင်ပြိုကျတာတွေ ဖြစ်ပွားခဲ့ရာ တကူ-ဇဝဲကားလမ်းပေါ်ရှိ ကိုးမိုင်တောင်မှာ မြေပြိုကျကာ လမ်းပြတ်ထွက်သွားပြီး မြိတ်မှ တညက်ကျေးရွာကိုသွားတဲ့ တောင်ရှည်တံတားမှာလည်း ရေစီးအားကြောင့် ပြတ်ထွက်သွားခဲ့ဖူးပါတယ်။ 

ဒါအပြင် တနင်္သာရီမြို့နယ်၊ တုံးဗျောကြီးရွာမှာရှိတဲ့ စစ်ကောင်စီဂိတ်မှာလည်း ခရီးသွားတွေနဲ့ ကုန်ကားတွေဆီကနေ ငွေကြေးအတင်းတောင်းရမ်းတာမျိုးတွေ ရှိတယ်လို့ ခရီးသွားတဦးက ပြောပါတယ်။

မတ်လ မကုန်ခင်အချိန်ကလည်း တနင်္သာရီမြို့နယ် ကမ္ပလိုင်းဂိတ်မှာ ဒေသခံလူငယ် ၄ ‌ယောက်ကို စစ်ကောင်စီရဲ့ ဂိတ်တပ်သားတွေကနေ ပစ်ခတ်ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။

4 days Ago

May 3, 2023

တနင်္သာရီတိုင်းက စစ်ရှောင်ပြည်သူ ၃၀,၀၀၀ ကျော် အကူအညီလိုအပ်

တနင်္သာရီတိုင်းဒေသအတွင်းရှိ စစ်ရှောင်ဦးရေမှာ ပြီးခဲ့တဲ့ဧပြီလအတွင်း ၃၀,၀၀၀ ကျော် ရှိနေတယ်လို့ ဒေါနတနင်္သာရီ စစ်ဘေးရှောင်အထောက်အကူပြုရေး အဖွဲ့ဆီက သိရပါတယ်။

ထားဝယ်မြို့နယ်မှာ အမြဲတမ်းစစ်ရှောင် ၃၅၈ ဦး၊ လောင်းလုံးမြို့နယ်မှာ အမြဲတမ်းစစ်ရှောင် ၅,၀၀၀ ခန့်နဲ့ ယာယီစစ်ရှောင် ၁၀,၀၀၀ နီးပါးခန့်၊ ပုလောမြို့နယ်မှာ အမြဲတမ်းစစ်ရှောင် ၂,၆၀၀ ကျော်နဲ့ ယာယီစစ်ရှောင် ၁၀,၀၀၀ ကျော်ခန့်၊ တနင်္သာရီမြို့နယ်မှာ စစ်ရှောင်ပြည်သူ ၅,၀၀၀ ခန့် ရှိနေတယ်လို့ ဒေါနတနင်္သာရီ စစ်ဘေးရှောင်အထောက်အကူပြုရေးအဖွဲ့ရဲ့ အချက်အလက်အရ သိရပါတယ်။

ကော့သောင်းခရိုင်၊ ကော့သောင်းမြို့နယ်မှာ ဧပြီ ၁၆ ရက်က ဆိတ်ဖူးကျေးရွာက ဒေသခံပြည်သူ ၃၀၀ ခန့်ဟာ ထိုင်းနယ်စပ်ကို စစ်ရှောင်ခဲ့ပေမဲ့ ဧပြီ ၁၇ ရက်နေ့မှာ နေရပ်ပြန်လာနိုင်တဲ့အတွက် စစ်ရှောင်ပြည်သူမရှိဘူးလို့ သိရပါတယ်။

သရက်ချောင်းနဲ့ ရေဖြူမြို့နယ်တွေမှာလည်း စစ်ရေးအခြေအနေ ငြိမ်သက်နေတာကြောင့် ဧပြီလအတွင်း စစ်ရှောင်ပြည်သူ မရှိပေမဲ့ စစ်ကောင်စီတပ်တွေက ဖြတ်လေးဖြတ်မူ ကျင့်သုံးပြီး ပြည်သူတွေကို ဖိနှိပ်ထားတယ်လို့ သိရပါတယ်။

စစ်ရှောင်တွေကို ကူညီပေးနေသူတဦးက “စစ်ကောင်စီဘက်က စစ်ဆေးမှုတွေနဲ့ အကန့်အသတ် သယ်ယူမှုတွေ လုပ်လာတာကြောင့် ရိက္ခာနဲ့ ဆေးဝါးသယ်ယူပို့ဆောင်ရတာ အဆင်မပြေမှုတွေ ရှိနေပါတယ်။ ထားဝယ်အရှေ့တောဘက်၊ သရက်ချောင်း တောင်ပျောက်တိုက်နယ်ဘက်နဲ့ စစ်အုပ်ချုပ်ရေးကြေညာထားတဲ့ မြို့နယ်တွေမှာ စစ်ကောင်စီဘက်က စစ်ဆေးတင်းကျပ်မှုတွေ ပိုလုပ်လာတယ်” လို့ ပြောပါတယ်။

FE5 Tanintharyi ရဲ့ အချက်အလက်အရ တနင်္သာရီတိုင်းအတွင်းမှာ ပြီးခဲ့တဲ့မတ်လအတွင်း စစ်ရှောင်ပြည်သူ ၄၀,၀၀၀ ကျော်အထိရှိခဲ့ပြီး ဧပြီလအတွင်းမှာတော့ စစ်ရှောင်ပြည်သူ ၃၀,၀၀၀ ကျော်ရှိခဲ့ရာ ၁၀,၀၀၀ လောက် လျော့နည်းသွားတယ်လို့ သိရပါတယ်။

“စစ်ရှောင်ပြည်သူတွေအတွက် နေရာထိုင်ခင်း၊ စားနပ်ရိက္ခာနဲ့ ဆေးဝါးတွေ အရေးတကြီး လိုအပ်နေပါတယ်။ ပြည်သူတွေအနေနဲ့လည်း စစ်ရှောင်ပြည်သူတွေကို ကူညီပေးရာမှာ ပူးပေါင်းပါဝင်ပေးဖို့ မေတ္တာရပ်ခံချင်ပါတယ်” လို့ စစ်ရှောင်တွေကို ကူညီပေးနေသူတဦးက ပြောပါတယ်။

1 week Ago
Up