close

တနင်္သာရီမြို့

close

April 19, 2023

တနင်္သာရီမြို့တွင် ဗိုလ်ကြီးဟောင်း ၁ ဦး ပစ်ခတ်ခံရ

တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်၊ ချောင်းလမုကျေးရွာမှာ စစ်မှုထမ်းဟောင်းတဦးကို တူမီးသေနတ်နဲ့ လာရောက်ပစ်ခတ်လို့ ဒဏ်ရာရသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဧပြီ ၁၆ ရက် ည ၈ နာရီလောက်မှာ အမည်မသိ လူတယောက်က စစ်မှုထမ်းဟောင်းနေအိမ်ရှေ့ လာရောက်ပြီး အပြင်ကို ခေါ်ထုတ်ကာ တူမီးသေနတ်နဲ့ ပစ်ခတ်ထွက်ပြေးသွားတာ ဖြစ်ပါတယ်။

အဆိုပါ စစ်မှုထမ်းဟောင်းဟာ အရင်က စစ်ဗိုလ်အဆင့်ရှိသူတဦးဖြစ်ပြီး စစ်တပ်က ထွက်ပြီးနောက် စစ်ကောင်စီနဲ့ ပတ်သက်ဆက်နွှယ်တာမျိုး မရှိခဲ့ဘဲ ချောင်းလမုကျေးရွာမှာ အိမ်ထောင်ကျကာ ကုန်စုံဆိုင်ဖွင့်ပြီး အလုပ်လုပ်ကိုင်နေတဲ့သူဖြစ်တယ်လို့ ဒေသခံတဦးက ပြောပါတယ်။

“အရင်ကတော့ စစ်ဗိုလ်ကြီးတယောက်ပဲ။ ခုတော့ ရွာမှာ အိမ်ထောင်ကျပြီး ကောင်းရောင်းကောင်းဝယ် လုပ်နေတာပါ။ လာပစ်တဲ့လူကလည်း တယောက်တည်းပဲ။ အသိမိတ်‌ဆွေပြောပြီး ခေါ်ထုတ်ပြီးတော့ ပစ်သွားတာပါ။ သူကိုယ်တိုင်လည်း စစ်တပ်နဲ့ ကင်းကင်းကွာကွာနေတာပါ။”

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးကတော့ “တယောက်တည်း လာပစ်သွားတာတော့ သိရတယ်၊ ဘယ်သူဘယ်ဝါဖြစ်မယ်ဆို‌တာတော့ မသိရဘူး၊ အဖွဲ့ထဲကနေ သွားပစ်တာမဟုတ်ဘူး၊ ဒီတိုင်း ပုဂ္ဂိုလ်ရေးအရ ပစ်ခတ်သွားတာပဲ ထင်ပါတယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။

ပစ်ခတ်ခံရသူ အမျိုးသားမှာ လက်မောင်းမှာ ထိမှန်ဒဏ်ရာရခဲ့ပြီး လက်ရှိ တနင်္သာရီမြို့ ဆေးရုံမှာ ဆေးကုသမှု ခံယူနေတယ်လို့ သိရပါတယ်။

အရင်ကလည်း တနင်္သာရီမြို့နယ်ထဲမှာ အခုလိုမျိုး အမည်မသိလူတချို့က လာရောက်ပစ်ခတ်ခဲ့တာကြောင့် သေဆုံးသူတချို့ ရှိခဲ့တယ်လို့လည်း ဒေသခံတွေဆီက သိရပါတယ်။

8 mins Ago

March 1, 2023

တနင်္သာရီမြို့တွင် စစ်ကောင်စီတပ်က ဒေသခံပြည်သူ ၁၄ ဦးကို ထပ်မံဖမ်းဆီး

တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့မှာ စစ်ကောင်စီတပ်သားတွေက နေအိမ်ထဲ အတင်းဝင်ရောက်ပြီး ဒေသခံပြည်သူတွေကို ဖေဖော်ဝါရီ ၂၈ ရက် ညမှာ ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

စစ်ကောင်စီတပ်သားတွေက ဒေသခံပြည်သူ ၁၄ ဦးကို PDF နဲ့ ပတ်သက်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဖမ်းဆီးခေါ်ဆောင်သွားတာလို့လည်း ဆိုပါတယ်။

“စစ်သားတွေက ညဘက်ဆို ဧည့်စာရင်း အမြဲဝင်စစ်တယ်။ စစ်သားအသစ်တွေလည်း ပါတယ်။ ဖမ်းဆီးခံရတဲ့သူတွေထဲမှာ ငွေကြေးတတ်နိုင်သူတွေနဲ့ ဆရာမတွေ ပါသွားတယ်” လို့ နီးစပ်ရာ ဒေသခံတဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၆ ရက်ကလည်း တနင်္သာရီမြို့ထဲရှိ ဒေသခံပြည်သူ ၂၀ ကျော်လောက်ကို ဖမ်းဆီးခေါ်ဆောင်ခဲ့သေးတယ်လို့ သိရပါတယ်။

“စကစရဲ့လုပ်ရပ်တွေနဲ့ ပတ်သက်ပြီး ကျနော်တို့မှာ တော်တော်ခံပြင်းရတယ်။ ပြီးခဲ့တဲ့ ၃ ရက်လောက်ကလည်း စကစက အဲလိုလာဖမ်းဆီးတာကြောင့် အမျိုးသမီးတဦး သွေးတက်ပြီး ဆုံးသွားသေးတယ်” လို့ အဆိုပါနီးစပ်ရာဒေသခံက ဆက်ပြောပါတယ်။

အဆိုပါဖမ်းဆီးခံရသူတွေကို စစ်ကောင်စီက ခမရ ၅၅၇ မှာ ထိန်းသိမ်းထားတယ်လို့လည်း သိရပါတယ်။

တနင်္သာရီမြို့နယ်ဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂ ရက်က စစ်အုပ်ချုပ်ရေး ကြေညာခံထားရပြီး စစ်ကောင်စီတပ်သားတွေနဲ့ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ မကြာခဏ တိုက်ပွဲဖြစ်ပွားနေတဲ့ ဒေသလည်း ဖြစ်တယ်လို့ သိရပါတယ်။

2 months Ago
Up