close

တနေ့တည်း

close

April 24, 2023

ပေါက်ခေါင်းမြို့နယ်တွင် တနေ့တည်း လူသတ်မှု ၃ မှုဖြစ်ပွား

ပဲခူးတိုင်း၊ ‌ပေါက်ခေါင်းမြို့နယ် ကမ်းနီ၊ ဝက်တိုးနဲ့ မကျဥ်းခုံ ကျေးရွာ ၃ ရွာမှာ ဧပြီ ၂၃ ရက် တနေ့တည်း လူသတ်မှု ၃ မှု ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကမ်းနီကျေးရွာက ရာအိမ်မှူး ကိုအောင်သူဟာ မနေ့ည ၇:၃၀ နာရီလောက်မှာ အသက် ၄၅ နှစ်အရွယ်  ကိုဝင်းဘိုအား သတ်လိုက်တာဖြစ်ပြီး ဘာကြောင့် သတ်တယ်ဆိုတာတော့ မသိရဘူးလို့ ကျေးရွာနေသူတဦးက ပြောပါတယ်။  

“ကိုဝင်းဘိုက သူ့အိမ်ကနေ ဆိုင်ကယ်နဲ့ ထွက်လာတုန်း သူ့အိမ် ၃ အိမ်ကျော်လောက်မှာ ကို အောင်သူက ဓားနဲ့ စီးခုတ်ပြီးသတ်လိုက်တာ။ သူကတော့ ဝန်ခံတယ် သူသတ်ကြောင်း၊ သူ့ကို ဖမ်းလည်းထားတယ်။” 

ဝက်တိုးရွာမှာတော့ သစ်ကိစ္စ စကားများရာကနေ လူသတ်မှုဖြစ်ခဲ့တာလို့ ကျေးရွာနေသူတဦးက ပြောပါတယ်။

“၀က်တိုးရွာက ကိုလှကြည်တို့သားအဖက ကိုသန်းလွင် သစ်လုပ်တဲ့ လွစက်တဲနားမှာလာပြီး သစ်ချတာကို ကိုသန်းလွင်က အချမခံတာကနေစပြီး စကားများကြတာ။ ကိုလှကြည်တို့သားအဖနဲ့ သရက်တပင်ရွာသားတယောက်တို့က ကိုသန်းလွင်ကို ဓားနဲ့ခုတ်သတ်လိုက်တာ။ ရွာကသိသိချင်း သူ့အမျိုးတွေ လိုက်သွားပြီး ပေါက်ခေါင်းဆေးရုံကို တန်းခေါ်သွားတာ၊ ဆေးရုံကျမှ သေသွားတာ။ ကျူးလွန်သူတွေကိုတော့ တယောက်မှ ဖမ်းမမိသေးဘူး။” 

မကျီးခုံကျေးရွာမှာလည်း အသက် ၆၀ ကျော်အရွယ် အမျိုးသားတယောက် အသတ်ခံခဲ့ရတယ်လို့ နာရေးကူညီမှုအသင်း တာဝန်ရှိသူတဦးက ပြောပါတယ်။

"နာမည်တော့မသိဘူး၊ အသက်က ၆၀ ကျော်လောက်တော့ရှိမယ်ထင်တယ်။ ဓားဒဏ်ရာတွေနဲ့ ခေါင်းတွေကိုပဲ ခုတ်ထားတာ။ သူက မကျီးခုံရွာသား၊ အသတ်ခံရတာက ခုတ်ချောင်းဘက်မှာဖြစ်တာ။”

လူသတ်မှု ၃ မှု ဖြစ်ပွားတာနဲ့ ပတ်သက်ပြီး ပေါက်ခေါင်းမြို့နယ် ရဲတပ်ဖွဲ့မှုူးကို ဒီဗွီဘီက ဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ ဖုန်းမကိုင်ပါဘူး။

မကျီးခုံရွာနဲ့ ကမ်းနီရွာတွေက အလောင်းတွေကိုတော့ ပေါက်ခေါင်းသုသာန်မှာ သင်္ဂြိုဟ်လိုက်ပြီး ၀က်တိုးရွာက အလောင်းကိုတော့ မိသားစုက ရွာကိုပြန်သယ်ပြီး သင်္ဂြိုဟ်ကြတယ်လို့ သိရပါတယ်။

9 hours Ago

December 25, 2020

ကာမိုင်းမြို့တွင် တနေ့တည်း ငလျင် ၄ ကြိမ်လှုပ်ခတ်

ကချင်ပြည်၊ ကာမိုင်းမြို့မှာ ဒီဇင်ဘာ ၂၄ ရက်က တနေ့တည်း မြေငလျင် ၄ ကြိမ်လှုပ်ခတ်ခဲ့တယ်လို့ မိုးဇလက ထုတ်ပြန်ပါတယ်။ ဒီဇင်ဘာလ ၂၄ ရက်နေ့၊ မြန်မာစံတော်ချိန် ၁၄ နာရီ၊ ၃၉ မိနစ်၊ ၄၈ စက္ကန့်အချိန်မှာ ကာမိုင်းမြို့ရဲ့ အရှေ့မြောက်ဘက် ၁၃ မိုင်ခန့်အကွာ အနက် ၁၀ ကီလိုမီတာကို ဗဟိုပြုပြီး အင်အားရစ်(ခ်)တာ စကေး ၅.၀ အဆင့်ရှိ အင်အားအသင့်အတင့်ရှိသော မြေငလျင်တခုလှုပ်ခဲ့ပါတယ်။ အလားတူ ညနေ ၁၇ နာရီ၊ ၅၁ မိနစ်၊ ၂၃ စက္ကန့် အချိန်ကလည်း ကာမိုင်းမြို့ရဲ့ အရှေ့မြောက်ဘက် ၁၃ မိုင်ခန့်အကွာ အနက် ၁၂ ကီလိုမီတာကို ဗဟိုပြုပြီး အင်အား ရစ်(ခ်)တာစကေး ၃.၅ အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်လှုပ်ခဲ့ပါတယ်။ ဒီဇင်ဘာ ၂၄ ရက်ည ၁၉ နာရီ ၁၇ မိနစ်၊ ၁၄ စက္ကန့်မှာလည်း ကာမိုင်းမြို့ရဲ့ အရှေ့မြောက်ဘက် ၉ မိုင်ခန့်အကွာ အနက် ၁၀ ကီလိုမီတာကို ဗဟိုပြုပြီး အင်အား ရစ်(ခ်)တာစကေး ၄.၆ အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်လှုပ်ခဲ့ပါတယ်။ အလားတူ ည ၂၁ နာရီ၊ ၄၃ မိနစ်၊ ၅၁ စက္ကန့်အချိန်မှာလည်း ကာမိုင်းမြို့ရဲ့ အရှေ့မြောက်ဘက် ၈ မိုင်ခန့်အကွာ အနက် ၈ ကီလိုမီတာကို ဗဟိုပြုပြီး အင်အား ရစ်(ခ်)တာစကေး ၄.၃ အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တခု လှုပ်ရှားသွားတယ်လို့ ဆိုပါတယ်။
2 years Ago
Up