close

တန့်ဆည်

close

April 25, 2023

ဖယ်ခုံနှင့် တန့်ဆည်တွင် စစ်ကောင်စီတပ်ထံက လက်နက်ခဲယမ်းများ သိမ်းဆည်းရမိ

ရှမ်း-ကယားနယ်စပ်၊ ဖယ်ခုံမြို့၊ မြောက်စလုံးကျေးရွာတိုက်ပွဲအတွင်း ခဲယမ်းတချို့ သိမ်းဆည်းရမိပြီး စစ်ကောင်စီဘက်က ၂၀ ကျော် သေဆုံးတယ်လို့ The Karenni Information Centre (KnIC) က ထုတ်ပြန်ပါတယ်။

မြောက်စလုံးကျေးရွာအတွင်း စစ်ကောင်စီတပ်က ဧပြီ ၂၁ ရက်က စတင်စစ်ကြောင်းထိုး ဝင်ရောက်လာတာကြောင့် ကရင်နီ ပူးပေါင်းတပ်ဖွဲ့တွေနဲ့ တိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့ပါတယ်။

 ဧပြီ ၂၄ ရက်နေ့မှာ စစ်ကောင်စီတပ်ကို ကရင်နီအမျိုးသားကာကွယ်ရေးတပ် (KNDF) နဲ့ ကရင်နီတပ်မတော် (KA) တပ်ရင်း-၅ အပါအဝင် ကရင်နီပူးပေါင်းတပ်တို့က ချေမှုန်းရေးအဖြစ် ဝင်ရောက်တိုက်ခိုက်ခဲ့ရာ လက်နက်ခဲယမ်းတချို့ သိမ်းဆည်းရမိပြီး စစ်ကောင်စီတပ်က သေဆုံးမှုတွေရှိခဲ့တယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။

စစ်ကောင်စီတပ်ဟာ မြောက်စလုံးကျေးရွာကို တိုက်လေယာဉ် ၃ စီးနဲ့ လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ပြီး စစ်ကြောင်းထိုးလာတဲ့တပ်မှာ အမှတ် ၂ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် လက်အောက်ခံ ရှမ်းပြည်နယ်အခြေစိုက်တပ်တွေဖြစ်ပြီး အခြေအနေ အသေးစိတ်ကိုတော့ မသိရသေးဘူးလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဧပြီ ၂၃ ရက် မြောက်စလုံးကျေးရွာ တိုက်ပွဲအတွင်း KNDF တပ်ရင်း ၁၁ မှ အသက် ၂၂ နှစ်အရွယ် ရဲဘော် ဒါးဝီ ကျဆုံးခဲ့တယ်လို့ KNDF တပ်ရင်း-၁၁ က ထုတ်ပြန်ထားပါတယ်။

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်မှာလည်း  နားဋောင်းကျရွာ ပျူစောထီးစခန်းကို  ဧပြီ ၂၅ ရက် မနက် ၃ နာရီလောက်မှာ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ ဒေသခံ ကာကွယ်ရေးခေါင်းဆောင်တွေဆီကနေ သိရပါတယ်။

အဆိုပါ နားဋောင်းကျရွာဟာ စစ်ကောင်စီကိုထောက်ခံတဲ့ ဘုန်းကြီးဦးဝါသဝ ကိုယ်တိုင် ပျူသင်တန်းပေးထားတဲ့ ကျေးရွာတရွာဖြစ်ပါတယ်။

တန့်ဆည်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ရင်းမှ ရဲဘော်တဦးက “မနက်လင်းပိုင်း ၃ နာရီက အဲဒီရွာကို ဝင်စီးခဲ့တာ။ ပျူနဲ့ စကစ စုစုပေါင်း ၁၂ ယောက်သေတယ်။ စခန်းလည်း သိမ်းနိုင်ခဲ့တယ်ဗျ။ လက်နက် ၇ လက်လည်း ရတယ်။ ယမ်းတွေ၊ ကျည်တွေလည်း ရတယ်ဗျ။ အမျိုးအစားတွေကိုတော့ သေချာမသိရဘူး။ ရတဲ့လက်နက်နဲ့ ကျည်၊ ယမ်းတွေကို တပ်ရင်းတွေက သိမ်းသွားကြတာလေ။ တိုက်ပွဲကြာချိန်က တနာရီနီးပါး ကြာလိမ့်မယ်” လို့ ပြောပါတယ်။

တန့်ဆည် ပကဖ၊ တန့်ဆည် Mobile PDF အဖွဲ့၊ ရွှေဘိုခရိုင် PDF တပ်ရင်း ၆၊ တပ်ရင်း ၇၊ တပ်ရင်း ၉၊ တပ်ရင်း ၁၂၊ တပ်ရင်း ၂၅ တို့ ပူးပေါင်းသိမ်းပိုက်ခဲ့တာဖြစ်ပြီး ရဲဘော် ၂ ဦး မစိုးရိမ်ရဒဏ်ရာ ရရှိခဲ့တယ်လို့   ဒေသခံ‌‌ ပြည်သူ့ကာကွယ်ရေးခေါင်းဆောင်တွေဆီကနေ သိရပါတယ်။

ကန့်ဘလူ၊ ကျွန်းလှမြို့နယ်တွေမှာ ဘုန်းကြီး ဦးဝါသဝကနေ ဒေသခံပြည်သူတချို့ကို ခြိမ်းခြောက်ဖိအားပေးကာ ပျူသင်တန်း တက်ခိုင်းတာကြောင့် ၂ မြို့နယ်ပေါင်း ပျူရွာ ၅၀ ခန့်အထိ ဖွင့်လှစ်နိုင်ဖို့ ကြိုးစားနေတာလည်း ရှိနေတယ်လို့ ကျွန်းလှမြို့နယ် NLD ပါတီ လွှတ်တော်ကိုယ်စားလှယ်တဦးကပြောပါတယ်။

အခုပျူစခန်းဟာလည်း ကန့်ဘလူမြို့နယ်နဲ့ တန့်ဆည်မြို့နယ်နှစ်ခုကြား နယ်စပ်ရွာတရွာ ဖြစ်တယ်လို့လည်း သိရပါတယ်။

50 mins Ago

January 4, 2023

ကလေးနှင့် တန့်ဆည်တို့တွင် စစ်ကောင်စီတပ်နှင့် ပျူစောထီးများ တိုက်ခိုက်ခံရ၊ ကနီတွင် စစ်တပ်ပိုင်စက်လှေကို မီးရှို့ဖျက်ဆီး

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်၊ လက်ပံချောင်းရွာအရှေ့ဘက် ချမ်းသာကြီးရွာအနီးမှာ စစ်ကောင်စီတပ်အင်အား ၃၀ လောက်နဲ့  ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့ကြား ဇန်နဝါရီ ၃ ရက် ညနေပိုင်းက တိုက်ပွဲတွေဖြစ်ပွားခဲ့ပါတယ်။

အဆိုပါတိုက်ပွဲမှာ စစ်ကောင်စီတပ်ဘက်က RPG၊ လက်နက်ကြီး ၄၀ မမတွေနဲ့ ပစ်ခတ်ပြီး တိုက်ပွဲပတ်ဝန်းကျင်မှာရှိတဲ့ အသက် ၅၀ အရွယ် အမျိုးသမီးတဦး လည်ပင်းထိမှန်ဒဏ်ရာ ပြင်းထန်ရရှိသွားတယ်လို့ ချင်းအမျိုးသားအဖွဲ့ချုပ် (CNO) ထံက သိရပါတယ်။

အဲဒီတိုက်ပွဲမှာ စစ်ကောင်စီတပ်ဘက်က ၁၀ ယောက်လောက် သေဆုံးတယ်လို့ ခန့်မှန်းရပြီး  ဒေသကာကွယ်ရေး ပူးပေါင်းတပ်ဘက်က ထိခိုက်ကျဆုံးမှု မရှိ‌ဘူးလို့ CNO က ပြောပါတယ်။

ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့က ပိတ်ပင်ထားတဲ့ ကလေး-တမူးလမ်းမနဲ့ ရာဇဂြိုဟ်-လက်ပံချောင်း လမ်းမကြီးတွေကို ဇန်ဝါရီ ၄ ရက်ကစပြီး ပြည်သူတွေ ပြန်လည်အသုံးပြုနိုင်ပြီလို့လည်း CNO က အသိပေးထားပါတယ်။

တိုက်ပွဲအပြီးမှာ စစ်ကောင်စီတပ်က ဆုတ်ခွာရင်း ခုံသာရွာ(သစ်) ရွာသားတချို့ကို လူသားဒိုင်းအဖြစ် ဖမ်းဆီးသွားတယ်လို့ ဒေသခံ ကာကွယ်ရေးတပ်တွေက ပြောပါတယ်။

အလားတူ ကလေးမြို့ ပျဉ်သာ‌ကျေးရွာကနေ ကလေးမြို့နယ်အရှေ့ပိုင်းကို ဦးတည် စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို ဇန်နဝါရီ ၂ ရက် မနက်ပိုင်းမှာ မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့   ကလေး PDF အဖွဲ့က ပြောပါတယ်။

အဆိုပါ စစ်ကောင်စီအင်အား ၆၀  လောက်ကို  PDF(Kalay) မိုင်းတပ်ဖွဲ့နဲ့ အောင်မေတ္တာ ပူးပေါင်းအဖွဲ့တို့က အသင့်တပ်ဆင်ထားတဲ့ မိုင်း ၄ လုံးနဲ့ ပျဉ်သာကျေးရွာအနီးမှာ မနက် ၁၁ နာရီလောက်နဲ့ မွန်းလွဲ ၁၂ နာရီလောက်က ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီ မိုင်းဖောက်ခွဲတိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၄ ဦး ထိခိုက်သေဆုံးနိုင်ပြီး ကျန်တပ်ဖွဲ့ဝင် အများအပြား ထိခိုက်မှုရှိကြောင်း၊ စစ်ကောင်စီတပ်ဟာ မိုင်းဖောက်ခွဲရာ အနီးပတ်ဝန်းကျင်မှာ ၁၀ မိနစ်ခန့် ပစ်ခတ်ခဲ့ကြောင်း ကလေး PDF က ပြောပါတယ်။

“သူတို့ဘက်က ၄ ဦးကျတယ်လို့ ဒေသခံတွေက အတည်ပြုပြောတာ။ ကျနော်တို့အဖွဲ့ကတော့ မိုင်းဆွဲပြီး ပြေးရတာ။ ထိခိုက်ကျဆုံးမှု အရေအတွက်ကိုတော့ အတိအကျ မသိနိုင်ဘူး။‌ ကျနော်တို့ဘက်ကတော့ ထိခိုက်ကျဆုံးမှု မရှိဘူး။”

ပျဉ်သာကျေးရွာတိုက်ပွဲနဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက်က နယ်မြေလုံခြုံရေး ဆောင်ရွက်နေတဲ့ လုံခြုံရေးအဖွဲ့နဲ့ PDF တွေ တိုက်ပွဲဖြစ်ပွားရာ ဒေသခံ PDF တွေက ဒဏ်ရာများစွာရရှိပြီး ထွက်ပြေးသွားတယ်လို့ ထုတ်ပြန်ပါတယ်။

ပျဉ်သာကျေးရွာဟာ ကလေးမြို့ရဲ့ အရှေ့ဘက် ၃ မိုင်ခန့်ကွာဝေးပြီး စစ်ကောင်စီလက်အောက်ခံ ကျေးရွာတရွာဖြစ်သလို ပျူစောထီးအဖွဲ့တွေ များပြားတဲ့ ရွာတရွာလည်း ဖြစ်ပါတယ်။

စစ်ကိုင်းတိုင်း၊ ရေဦးခရိုင်၊ တန့်ဆည်မြို့နယ်၊ ဆင်ငယ်ကျေးရွာမှာလည်း စစ်ကောင်စီက လက်နက်တပ်ဆင်ပေးထားတဲ့ ပျူစောထီးစခန်းကို ဇန်နဝါရီ ၃ ရက် မွန်းလွဲပိုင်းက တန့်ဆည်မြို့နယ် ပြည်သူ့ကာကွယ်ရေး ပူးပေါင်းအဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်ပြီး လက်နက်ခဲယမ်းတွေနဲ့အတူ သိမ်းပိုက်ရရှိခဲ့တယ်လို့ ဒေသတွင်း ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဆီက သိရပါတယ်။

Taze Support-TSO အဖွဲ့ တာဝန်ရှိသူက “ဆင်ငယ်ကျေးရွာမှာရှိတဲ့ စစ်(..) နဲ့ ပျူတွေအားလုံးကို ရှင်းလင်းနိုင်ခဲ့ပြီး MA-1 ၂ လက်၊ ကာဘိုင် ၂ လက်၊ ၉-ဗို့ ခါးချိုး ၄ လက်၊ လက်လုပ်ခါးချိုး ၂ လက်နဲ့ ကျည် ၂၀၀ ကျော် သိမ်းဆည်းနိုင်ခဲ့တယ်” လို့ ပြောပါတယ်။

အဆိုပါတိုက်ပွဲကို ရွှေဘိုခရိုင် တပ်ရင်း ၆၊ ၉၊ ၁၂ နဲ့ တန့်ဆည်မြို့နယ် ပ.က.ဖအဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ရဲ‌ဘော် ၁ ဦး တိုက်ပွဲအတွင်း ကျဆုံးခဲ့တယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ် ချင်းတွင်းမြစ်အတွင်းက စစ်ကောင်စီ စက်လှေတစီးကို မနေ့ ဇန်နဝါရီ ၃ ရက် ည ၈ နာရီမှာ သိမ်းဆည်းရမိတယ်လို့ ကနီမြို့နယ် ကျောက်လုံးကြီးတပ်မဟာအဖွဲ့ တာဝန်ရှိသူထံကနေ သိရပါတယ်။

အဆိုပါ စက်လှေနဲ့ ဖလပ်မော်တော် ၇ စီးဟာ ပြီးခဲ့တဲ့ ၂၀၂၂ ဒီဇင်ဘာ ၂၇ ရက်က စတင်ကာ စစ်ကောင်စီတပ် လုံခြုံရေးအပြည့်နဲ့ ချင်းတွင်းမြစ်အထက်ပိုင်းကို ဆန်တက်လာတဲ့ ရေယာဉ်တွေ ဖြစ်တယ်လို့ သိရပါတယ်။

ကျောက်လုံးကြီးတပ်မဟာ တာဝန်ရှိသူက “စစ်‌ကောင်စီရေယာဉ်တွေက မုဌောရွာအနီး ဆိပ်ကမ်းမှာ သောင်တင်နေတာ ကြာပြီဗျ။ အဲဒီနေရာကနေ ကနီမြို့ကို အင်အား ၇၀ လောက်နဲ့ သွားတာကို ကျနော်တို့ ငါးဖျတ်အနီး ဆိပ်ကမ်းကနေ ကြားဖြတ် တိုက်ခိုက်နိုင်ခဲ့တယ်။ စက်လှေတစီးရတယ်၊ ဖုန်း ၂ လုံးရတယ်၊ ဆန်အိတ် ၈၂ အိတ်၊ ပဲ ၁၀ အိတ်၊ စားဆီပုံး ၁ ပုံး၊ စစ်သုံးကျောပိုးအိတ် ၃ လုံး၊ ကျည်ကာအင်္ကျီတွေ ရခဲ့တယ်။ စက်လှေက‌တော့ မီးရှို့ထားခဲ့တယ်” လို့ ပြောပါတယ်။

အဆိုပါစက်လှေပေါ်က စစ်သားအများစုဟာ ချင်တွင်းမြစ်အတွင်း ခုန်ချထွက်ပြေးသွားသူတွေ ရှိသလို စက်လှေအတွင်း သေဆုံးသူ ၂ ဦးရဲ့ ရုပ်အလောင်းကိုလည်း တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။

အဆိုပါတိုက်ပွဲတွေနဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက်က ထိခိုက်သေဆုံးတာရှိပေမဲ့ ဒီဗွီဘီအနေနဲ့ သီးခြား အတည်မပြုနိုင်သေးသလို စစ်ကောင်စီဘက်ကလည်း သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။

4 months Ago
Up