close

တန်ဆောင်မုန်းလပြည့်နေ့

close

November 7, 2022

တန်ဆောင်မုန်းလပြည့်နေ့ ရွှေတိဂုံသို့ ဘုရားဖူးလာသူ နည်းပါး

တန်ဆောင်မုန်းလပြည့်နေ့ ဒီကနေ့ ရွှေတိဂုံဘုရားကိုလာရောက် ဘုရားဖူးမြော်သူတွေရှိပေမဲ့  ပြီးခဲ့တဲ့ သီတင်းကျွတ်လပြည့်နေ့ကလောက်တော့ လာရောက်သူမများဘူးလို့  စေတီတော် ဝန်ထမ်းတွေနဲ့  ရန်ကုန်မြို့ခံဘုရားဖူးသွားသူတွေက ပြောပါတယ်။

ရွှေတိဂုံဘုရားကို ဘုရားဖူးလာသူတွေဟာ ပြီးခဲ့တဲ့ သီတင်းကျွတ်လပြည့်နေ့တုန်းကတော့  စောင်းတန်းအသီးသီးနဲ့ ဘုရားရင်ပြင်တော်ပေါ်မှာ ခြေချစရာနေရာ မရှိလောက်အောင် ဘုရားဖူးတွေနဲ့ အလွန်ကို စည်ကား  ပြည့်နှက်ခဲ့ပါတယ်။ 

သီတင်းကျွတ်လပြည့်နေ့က လူ ၂ သိန်းကျော် ဘုရားဖူးလာရောက်ခဲ့တယ်လို့ စစ်ကောင်စီက ထုတ်ပြန်ပါတယ်။

ဒီနေ့တော့ သီတင်းကျွတ်လပြည့်နေ့က လာရောက်ဖူးမြောက်သူ အရေအတွက်ရဲ့ ထက်ဝက်လောက်ပဲရှိနိုင်ပြီး ဘုရားဖူးဝင်တာ နည်းတဲ့အတွက် အံ့သြရတယ်လို့ စေတီတော်ဝန်ထမ်းတွေက ပြောပါတယ်။

“ဒီလိုမျိုး တခါမှလည်း မမြင်ဘူး။ အရင်ကဆို မနက်ခင်း ဘုရားဖူးအပြည့်ဖြစ်နေပြီ။ စေတီတော်အောက်ခြေမှာ ဖိနပ်အပ်ဖို့ နေရာမကျန်လောက်တဲ့ထိ လူများတဲ့အပြင် ဓာတ်လှေကားနဲ့ ရင်ပြင်တော်ပေါ်တက်ဖို့တောင် လူပြည့်ကျပ်နေလို့ မနက် ၈ နာရီကျော်ရင် ဓာတ်လှေကားကို ပိတ်ထားခဲ့ရပါတယ်။”

စေတီတော်ပေါ်မှာတော့ တန်ဆောင်မုန်းလပြည့်နေ့ပွဲ အခမ်းအနားတွေ စီစဉ်ကျင်းပတာမျိုး မတွေ့ရပေမဲ့ ကထိန်ရွှေကြာသင်္ကန်း ကပ်လှူပူဇော်ပွဲနဲ့ ရေစက်ချ အခမ်းအနားကိုတော့ ကျင်းပမယ်လို့သိရပါတယ်။

ရွှေတိဂုံဘုရားမှာ နှစ်စဉ်ကျင်းပမြဲဖြစ်တဲ့ မသိုးသင်္ဃန်း ရက်လုပ်ပူဇော်ပွဲကိုတော့ ကိုဗစ်ကပ်ရောဂါစတင်ဖြစ်ပွားကတည်းက ရပ်နားထားခဲ့ပြီး အခုအခါ တခြားပွဲလမ်းသဘင်တွေကို ပြန်လည်ကျင်းပကြပေမဲ့ စည်ကားထင်ရှားလှတဲ့ မသိုးသင်္ဃန်းရက်လုပ်ပူဇော်ပွဲကိုတော့ ပြန်လည်ကျင်းပနိုင်တာမရှိပါဘူး။

ရပ်ဝေးကဘုရားဖူးပြည်သူတွေဟာ မသိုးသင်္ဃန်းရက်လုပ်ကြတဲ့ အဖိတ်နေ့ကတည်းက ညအိပ် ဘုရားဖူးလာကြတဲ့အတွက် အရင်ကတန်ဆောင်မုန်းလပြည့် မနက်ခင်းတွေမှာ  ဘုရားဖူးပြည်သူတွေနဲ့ စည်ကားလေ့ရှိတာဖြစ်ပါတယ်။

အခုအချိန်ဟာ စစ်အာဏာရှင်တော်လှန်ရေးကာလဖြစ်တာကြောင့် ဘာသာရေးကို အကြောင်းပြပြီး ပျော်ပွဲရွှင်ပွဲ ပြုလုပ်တာတွေ၊ အပျော်အပါးကိုပဲ ဦးတည်တဲ့ ဖျော်ဖြေရေးအစီအစဉ်တွေကို မကျင်းပဖို့ တော်လှန်ရေးအင်အားစုတွေရော၊ တော်လှန်နေကြတဲ့ ပြည်သူတွေက နှိုးဆော်ထားပါတယ်။ 

အလားတူ စစ်ကောင်စီက ဦးစီးကျင်းပတဲ့ ပြည်သူ့ရင်ပြင် တန်ဆောင်တိုင်မီးထွန်းပွဲတော်ကိုလည်း သွားရောက်လည်ပတ်သူတွေ မရှိသလောက်နည်းပါးခဲ့တယ်လို့ ရန်ကုန်မြို့ခံတွေကဆိုပါတယ်။

ဒီနေ့ ရွှေတိဂုံဘုရားနဲ့ ပြည်သူ့ရင်ပြင်ကို စစ်ကောင်စီတပ်တွေက လုံခြုံရေးတင်းကျပ်ထားပြီး တဦးချင်းစစ်ဆေးပြီးမှသာ ပြည်သူ့ရင်ပြင်အတွင်းကို ဝင်ခွင့်ပေးတာဖြစ်ပါတယ်။

ဒီနေ့ည ၇ နာရီ ရန်ကုန် ပြည်သူ့ရင်ပြင်နဲ့ နေပြည်တော် တပေါင်းကွင်းမှာ မီးထွန်းပွဲတွေနဲ့ မီးရှူးမီးပန်းပစ်ဖောက်မှာဖြစ်တဲ့အတွက် ပြည်သူတွေလာရောက်ကြည့်ရှုကြဖို့ စစ်ကောင်စီက ဖိတ်ခေါ်ထားပါတယ်။

စစ်ကိုင်းတိုင်း၊ ကလေးမြို့မှာတော့ တန်ဆောင်မုန်းလပြည့် ဒီကနေ့မှာ စစ်ကောင်စီက မြို့တွင်းနေရာအနှံ့အပြားမှာ လုံခြုံရေးတွေ တင်းကျပ်ထားတယ်လို့ မြို့ခံတွေက ပြောပါတယ်။

စစ်ကောင်စီတပ်သားတွေဟာ သုခကမ္ဘာခန်းမအနီး၊ တာဟန်းနေကြာတိုက်လမ်း စတဲ့နေရာတွေအပါအဝင် လမ်းအတော်များများမှာ နေရာယူကာ လုံခြုံရေးယူထားပါတယ်။

ကလေးမြို့တွင်းမှာတော့ ဈေးဆိုင်အတော်များများပိတ်ထားပြီး မြို့တွင်း လမ်းမ‌တွေပေါ်မှာလည်း လူသွားလူလာတွေအနည်းငယ်သာရှိတယ်လို့ ဒေသခံတွေကပြောပါတယ်။

ဒေသခံတဦးက "မြို့တွင်းမှာလည်း လူသွားလူလာနည်းတယ်။ ခေတ်‌တွေကောင်းတုန်းကတော့ ဒီ‌လိုနေ့မျိုးဆို ရွှေဘုံသာဘုရားကြီးမှာ လူအပြည့် လမ်း‌မတွေပေါ်လူအပြည့်နဲ့စည်းကားနေတာ။ အခုတော့ အပြင်လည်း မထွက်ရဲဘူး။ စစ်သားတွေက နေရာတိုင်းမှာရှိနေတယ်။"

ကလေးမြို့ပြ စစ်ဆင်းရေးအဖွဲ့တွေကလည်း ဒေသခံတွေအနေနဲ့ အပြင်မထွက်ကြဖို့နဲ့အ သွားအလာဆင်ခြင်ကြဖို့ သတိပေးထားပါတယ်။

ပြီးခဲ့တဲ့ သီတင်းကျွတ်လပြည့်နေကလည်း ကလေးမြို့တွင်း‌နေရာအများအပြားမှာ ဗုံးပေါက်ကွဲခဲ့ပါတယ်။

15 mins Ago

November 30, 2020

တန်ဆောင်မုန်းလပြည့်နေ့ မဟာဗန္ဓုလပန်းခြံတွင် အပန်းဖြေသူများစည်ကား၊ မီးပုံးပျံလွှတ် (ဓာတ်ပုံ)

တန်ဆောင်မုန်းလပြည့်နေ နိုဝင်ဘာ ၂၉ ရက်က ရန်ကုန်မြို့တော်ခန်းမရှေ့ မဟာဗန္ဓုလပန်းခြံမှာ Stoner တွေစုပေါင်းကာ မီးပုံးလွှင့်တင်ခဲ့ကြပါတယ်။ မြန်မာတနိုင်ငံလုံး အတိုင်းအတာနဲ့ လူသိများ ထင်ရှားသော ၁၁၁၁ လုံး ပွဲတော်လို့ အမည်တပ် ခေါ်ဝေါ်တဲ့ တန်ဆောင်တိုင် မီးပုံးပျံလွှတ်ပွဲတော်ကို ဆေးခြောက် တရားဝင်ဖြစ်မြောက်ရေး NJ မှ ဦးဆောင်ပြီး ဆေးခြောက်တရားဝင်ရေး လိုလားသူများ စုပေါင်းကာ ရန်ကုန်၊ မန္တလေး၊ တောင်ကြီး စတဲ့မြို့တွေမှာ မီးပုံးပျံတွေ လွှတ်တင်ကာ ဆေးခြောက်သုံးစွဲမှုကြောင့် ပြစ်ဒဏ်ချမှတ်ခံနေရသူတွေအတွက် ရည်ရွယ်ပြီး ဆုတောင်းပွဲတွေ ပြုလုပ်ခဲ့ပါတယ်။ ရန်ကုန်မြို့တော်ခန်းမရှေ့ ဗဟာဗန္ဓုလပန်းခြံမှာ Stay At Home ကာလဖြစ်ပေမဲ့ လာရောက်အပန်းဖြေသူတွေနဲ့ စည်ကားနေပါတယ်။ Photo - Ye Myo Khant / MPA
2 years Ago
Up