ရခိုင်ပြည်နယ်၊ စစ်တွေမြို့မှာ နိုဝင်ဘာ ၇ ရက် တန်ဆောင်မုန်းလပြည့်နေ့ညက ဝင်္ကဘာပွဲတော်ကို ကိုဗစ်အလွန်ကာလမှာ ပထမဆုံးအကြိမ် ပြန်လည်ကျင်းပခဲ့ပါတယ်။
စစ်တွေဒေသခံတယောက်က “တန်ဆောင်မုန်းပထမနေ့က သိပ်မစည်ဘူးဗျ။ လပြည့်နေ့မှာ ပိုစည်လာတာ။ လူတွေကလည်း ကိုဗစ်နဲ့ ပွဲတွေမကျင်းပရတာကြာတော့ စိတ်လွတ်ကိုယ်လွတ် ပျော်ရွှင်ချင်ကြတာပေါ့။ ဒါတောင် မနေ့က RV မှာ ပစ်ခတ်မှုဖြစ်လို့၊ မဟုတ်ရင် ဒီထက်စည်ကားဦးမှာ” လို့ ပြောပါတယ်။
နိုဝင်ဘာ ၆ ရက်က ရခိုင်ပြည်နယ် ငါးလုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူး ဦးသက်ဦးဟာ စစ်တွေကမ်းနားလမ်းရှိ RV စားသောက်ဆိုင်မှာ သေနတ်နဲ့ ၄ ချက်ပစ်ခတ်ခံရလို့ စစ်တွေဆေးရုံကြီးမှာ အရေးပေါ် ဆေးကုသမှု ခံယူနေရဆဲ ဖြစ်ပါတယ်။
နိုဝင်ဘာ ၇ ရက် ညနေပိုင်းမှာတော့ လောကနန္ဒာပုထိုးတော်ရဲ့ ရင်ပြင်မှာ ဆီးမီးထွန်းပူဇော်ပွဲ ကျင်းပခဲ့သလို စစ်တွေမြို့ မိဇံရပ်ကွက်ရှိ ကိုရီးယားဆိပ်ကမ်း၊ ရန်ပြေမာန်ပြေဘုရားကြီး အနီးမှာလည်း မီးပုံးပျံတင်ပွဲနဲ့ ဆီမီးပူဇော်ပွဲ ကျင်းပခဲ့ပါတယ်။
“လပြည့်နေ့မှာ ဝင်္ကဘာပွဲကတော့ အစည်ကားဆုံးပါ။ လောကနန္ဒာပုထိုးတော်ကြီးမှာ ဆီမီးပူဇော်ပွဲရှိတယ်။ ကိုရီးယားဆိပ်ကမ်းက ရန်ပြေမာန်ပြေဘုရားကြီး ရင်ပြင်မှာလည်း မီးပုံးပျံလွှတ်ပွဲနဲ့ ဆီမီးပူဇော်ပွဲတော့ရှိတယ်။ ဒါပေမဲ့ ဝင်္ကဘာပွဲက အထူးစည်ကားပါတယ်။”
ရခိုင်ပြည်နယ်၊ စစ်တွေမြို့နဲ့ တခြားမြို့တွေမှာလည်း နိုဝင်ဘာ ၆ ရက်ကစတင်ပြီး တန်ဆောင်တိုင်ပွဲတွေ ကျင်းပနေကြပါတယ်။
ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ အမှတ် ၄ ရပ်ကွက်၊ ကမ်းနားလမ်းမှာပြုလုပ်တဲ့ တန်ဆောင်မုန်းလပြည့်နေ့ မီးမျှောပွဲမှာ ဗုံးပေါက်ကွဲခဲ့တယ်လို့ သိရပါတယ်။
စစ်ကောင်စီခန့် ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း တက်ရောက်ဖွင့်လှစ်ပြီး ၁၀ မိနစ်အကြာမှာ ဗုံးပေါက်ကွဲခဲ့ကာ ဒေသခံပြည်သူတွေ ထွက်ပြေးတဲ့အထိ ဖြစ်ခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။
ဒေသခံတယောက်က “၆ နာရီ ၁၀ မိနစ်လောက်မှာဖြစ်တာ၊ အကုန်ပြေးတာပေါ့၊ ခံယူချက်မရှိတဲ့ကောင်တွေ၊ ကျနော်တို့က ထိုင်ကြည့်နေတာ၊ လုံခြုံရေးက တအားတင်းကျပ်ထားတာ၊ အဲ့ကြားက ရအောင်လုပ်သွားတာ လေးစားတယ်” လို့ ပြောပါတယ်။
ဗုံးပေါက်ကွဲတဲ့နေရာဟာ စစ်ကောင်စီခန့်ဝန်ကြီးချုပ် တက်ရောက်တဲ့နေရာနား မဟုတ်ပေမဲ့ ပြည်သူတွေက ထွက်ပြေးတာမျိုးရှိခဲ့ပြီး ထိခိုက်တာတော့ မရှိခဲ့ဘူးလို့ ဆိုပါတယ်။
ပုသိမ်မြို့မှာ နိုဝင်ဘာ ၅ ရက်က ရုံးပေါင်းစုံမှာရှိတဲ့ စသုံးလုံးရုံး ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့သေးတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဆီမီးမျှောပွဲကို အရင် ကြံ့ခိုင်ရေးအစိုးရလက်ထက်က ၃ နှစ်ကြာ ကျင်းပပြုလုပ်ခဲ့ပြီး NLD အစိုးရလက်ထက်မှာ တိုင်းအစိုးရရဲ့ အသုံးစရိတ် လျှော့ချတဲ့အနေနဲ့ ဆီမီးမျှောပွဲ ရပ်နားထားခဲ့ပြီး အာဏာသိမ်းစစ်ကောင်စီလက်ထက်မှာ ပြန်လည်ကျင်းပတာဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။