အမေရိကန်ပြည်ထောင်စု၊ တန်နက်ဆီပြည်နယ်၊ နက်ရှ်ဗီးလ်မြို့ရှိ ပုဂ္ဂလိက ခရစ်ယာန်ကျောင်းမှာ မတ်လ ၂၇ ရက် မနက်ပိုင်းက ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး လူ ၆ ယောက်ထက်မနည်း သေဆုံးသွားကြောင်း အာဏာပိုင်တွေက ပြောပါတယ်။
သေဆုံးသူတွေဟာ ကလေးငယ် ၃ ဦးနဲ့ ဝန်ထမ်း ၃ ဦးဖြစ်ပြီး ဒဏ်ရာရသူလည်း အများအပြားရှိကြောင်း ဆိုပါတယ်။
မက်ထရိုပိုလီတန် နက်ရှ်ဗီးလ်ရဲဌာနရဲ့ တွစ်တာမှာ သံသယရှိသူလည်း သေဆုံးသွားကြောင်း ဖော်ပြထားပြီး သူ ဘယ်လိုကြောင့် သေသွားရကြောင်းကိုတော့ အတိအကျ မပြောထားပါဘူး။
နက်ရှ်ဗီးလ်မြို့ ဂရီးန်ဟေးလ်စ်ရပ်ကွက်ရှိ ကွန်ဗန့်ကျောင်းမှာ မူကြိုတန်းကနေ ၆ တန်းအထိ ကျောင်းသား ၂၀၀ လောက် တက်ရောက်နေတာပါ။
နက်ရှ်ဗီးလ်ရဲတပ်ဖွဲ့က ထုတ်ပြန်တဲ့ ကျောင်းဗီဒီယိုထဲမှာတော့ တိုက်ခိုက်သူဟာ မှန်တံခါးတွေကို သေနတ်နဲ့ပစ်ခတ်ထိုးဖွင့်ပြီး ဆီမီးအော်တိုမက်တစ် ရိုင်ဖယ်သေနတ်ကို ချိန်ရွယ်ထားပြီးတော့ ခန်းမတွေကို လှည့်ပတ်သွားလာနေတာကို တွေ့မြင်ရပါတယ်။
ပစ်ခတ်တဲ့အကြောင်းရင်းကို ချက်ချင်းမသိရသေးပေမဲ့ ဟာလီဟာ အဆောက်အဦအတွက် ဝင်ပေါက်တွေ အပါအဝင် ကျောင်းရဲ့အသေးစိတ်မြေပုံတွေကို ရေးဆွဲခဲ့ပြီး လက်ရေးစာတခုကိုလည်း ချန်ထားခဲ့ကြောင်းနဲ့ တခြားရေးသားထားချက်တွေကိုလည်း စုံစမ်းစစ်ဆေးသူတွေက စစ်ဆေးနေတဲ့အကြောင်း ရဲချုပ် ဂျွန်ဒရိတ်ခ်က သတင်းထောက်တွေကို ပြောပါတယ်။
အဲဒီကျောင်းကနေ သေနတ်သမားတဦးက မနက် ၁၀ နာရီ ၁၃ မိနစ်မှာ ဖုန်းခေါ်ဆိုခဲ့ပြီး ရဲက စလက်ခံခဲ့ပါတယ်။ အခင်းဖြစ်တဲ့ဆီကို နက်ရှ်ဗီးလ် မီးသတ်ဌာနက တုံ့ပြန်ရောက်ရှိခဲ့ပြီး လူနာအများအပြားရှိကြောင်း တွစ်တာမှာ ပြောခဲ့ပါတယ်။
ကလေးဆေးရုံကို သေနတ်ဒဏ်ရာတွေနဲ့ ရောက်ရှိလာကြပြီးနောက်မှာ ကျောင်းသား ၃ ဦး သေဆုံးခဲ့ကြောင်း ဆေးရုံပြောရေးဆိုခွင့်ရှိသူက ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အမေရိကန်ပြည်ထောင်စု၊ တန်နက်ဆီပြည်နယ်၊ မမ်းဖှစ်မြို့ တောင်ဘက် မိုင် ၄၀ လောက်အကွာ မစ္စစ္စပီမြောက်ပိုင်းရှိ မြို့ငယ်လေးမှာ ဖေဖော်ဝါရီ ၁၇ ရက်က သေနတ်သမားတစ်ဦး သောင်းကျန်းခဲ့ပြီး လုံခြုံရေးမှူးတွေ သူ့ကို ဖမ်းမမိခင်မှာ သူ့ရဲ့ ဇနီးဟောင်းနဲ့ တခြားငါးဦးကို နေရာ ၃ နေရာမှာ သတ်ဖြတ်ခဲ့ကြောင်း ခရိုင်အုပ်ချုပ်ရေးမှူးနဲ့ မျက်မြင်သက်သေတွေက ပြောပါတယ်။
မစ္စစ္စပီမြောက်ပိုင်း တိတ်ကောင်တီရှိ လူဦးရေ ၃၀၀ လောက်ရှိတဲ့ အာခါဘတ်လာ ကျေးလက်တောရွာမှာ သွေးထွက်သံယိုမှု ဖြစ်ပွားခဲ့ပြီးနောက်မှာ အသက် ၅၁ နှစ်အရွယ် သေနတ်သမား ရစ်ချတ်ဒါလီခရမ်ကို ပထမအဆင့် လူသတ်မှုနဲ့ တရားစွဲဆိုထားတယ်လို့ ရဲအရာရှိက သတင်းထောက်တွေကို ပြောပါတယ်။
ပစ်ခတ်ရတဲ့ အကြောင်းရင်းကို စုံစမ်းစစ်ဆေးရေးမှူးတွေက အတိအကျ မသိရသေးပါဘူး။ ဒါပေမယ့် ရဲအရာရှိကတော့ သံသယရှိသူနဲ့ သူ့ဇနီးဟောင်းတို့ရဲ့ ဆက်ဆံရေးကို စပြီးစစ်ဆေးမယ် လို့ ဆိုပါတယ်။
အာဏာပိုင်တွေဟာ ဓာတ်ဆီဆိုင် စတိုးမှာ ပစ်ခတ်မှု ဖြစ်ပွားခဲ့ကြောင်း ပထမဆုံး ဖုန်းခေါ်ဆိုမှုကို ရရှိခဲ့ပြီး လက်ထောက်လုံခြုံရေးမှူးတွေ ရောက်မလာခင်မှာပဲ အနီးနားရှိ နေအိမ်မှာ ဒုတိယအကြိမ် ပစ်ခတ်မှုရှိကြောင်း နောက်ထပ်ဖုန်းခေါ်ဆိုမှုတစ်ခု ရရှိခဲ့တယ်လို့ ရဲအရာရှိကပြောပါတယ်။
စတိုးဆိုင်မှာ အမျိုးသားတစ်ဦး ပစ်သတ်ခံခဲ့ရပြီး နောက်ပိုင်းမှာ သေနတ်သမားရဲ့ ဇနီးဟောင်းလို့ ယူဆရတဲ့ အမျိုးသမီးတစ်ဦးကို အိမ်မှာ သေဆုံးလျက်သား တွေ့ရှိခဲ့ပါတယ်။
ရဲအရာရှိတွေဟာ တခြားအိမ်ရဲ့ ကားလမ်းကြောင်းမှာ သံသယရှိသူကို ခြေရာခံမိခဲ့ပြီး သေနတ်သမားဟာ ရုန်းကန်ခြင်းမရှိပဲ အဖမ်းခံခဲ့ပါတယ်။ အဲဒီအိမ်ဟာ သေနတ်သမားရဲ့ နေအိမ်ဖြစ်ပြီး အဲဒီနေရာနဲ့ တဝိုက်မှာ နောက်ထပ် အလောင်း ၄ လောင်းကို အရာရှိတွေ တွေ့ရှိခဲ့ပါတယ်။
သံသယရှိသူဟာ အိမ်နောက်ဘက်ရှိ သေဆုံးသူ ၂ ယောက်နဲ့ မိသားစုဆက်စပ်မှုတွေ ရှိနိုင်ပြီး ကားလမ်းပေါ်မှာ သေဆုံးသူတွေကတော့ အခင်းဖြစ်နေရာမှာ အလုပ်လုပ်ကိုင်နေတဲ့ အလုပ်သမား တွေ ဖြစ်ပုံရတယ်လို့ ဆိုပါတယ်။
အရာရှိတွေဟာ သံသယရှိသူဆီက သေနတ်တို ၁ လက်နဲ့ လက်ကိုင်သေနတ် နှစ်လက်ကို သိမ်းဆည်းရမိခဲ့ကြောင်းနဲ့ ဒီမြို့မှာ ခုလို အကြမ်းဖက် ရာဇ၀တ်မှုတွေ အများကြီး မရှိခဲ့ကြောင်းနဲ့ ဒါက ထိတ်လန့်စရာပါလို့ ဒေသခံရဲအရာရှိ လန့်စ်က ပြောပါတယ်။