close

တပတ်ရစ်ဖုန်း

close

February 8, 2023

မြိတ်မြို့တွင် တပတ်ရစ်ဖုန်းများ အရောင်းအဝယ်ပိုဖြစ်နေ

တနင်္သာရီတိုင်း၊ မြိတ်မြို့နယ်ရှိ ဖုန်းအရောင်းဆိုင်တွေမှာ ဖုန်းအသစ်တွေထက် တပတ်ရစ်ဖုန်းတွေကိုသာ ပိုမိုရောင်းချနေရတယ်လို့ ဖုန်းအရောင်းဆိုင်တွေက ပြောပါတယ်။

စစ်အာဏာသိမ်းပြီးနောက် ဒေါ်လာဈေးနှုန်းမြင့်မားတာ၊ ဈေးမငြိမ်တာတွေကြောင့် ဖုန်းဝယ်ယူသူတွေအနေနဲ့ တပတ်ရစ်ဖုန်းတွေကိုသာ စိတ်ဝင်စားလာကြပြီး အရင်က တလကို တပတ်ရစ်ဖုန်း အလုံး ၆၀ လောက်‌ပဲ‌ ရောင်းချရပေမဲ့ အခုနောက်ပိုင်းမှာတော့ တလကို အလုံး ၁၀၀ နီးပါး ရောင်းလာရတယ်လို့ ဖုန်းအရောင်းအဝယ်ပြုလုပ်နေတဲ့ ဒေသခံဆိုင်ရှင်တဦးက ပြောပါတယ်။

အရင်က တသိန်းပေးရတဲ့ ဖုန်းအမျိုးအစားက အခုခါမှာတော့ တသိန်းခွဲအထိ ဈေးတက်နေပြီး အရည်အသွေး အသင့်အတင့်ကောင်းတဲ့ ဖုန်းအသစ်တလုံးအတွက် အနည်းဆုံး ၄ သိန်းကျော် ၅ သိန်းနီးပါးပေးမှ ရနိုင်မှာဖြစ်တာကြောင့် အခုလို တပတ်ရစ်ဖုန်းတွေကို ပိုမိုဝယ်ယူလာကြတာ ဖြစ်တယ်လို့ ဆိုပါတယ်။

ဖုန်းသုံးစွဲသူတဦးက“ဖုန်းအသစ်တွေရဲ့တန်ဖိုးက အဆမတန်မြင့်မားပြီး စျေးနိမ့်နိမ့်နဲ့ အရည်အသွေး ကောင်းကောင်း သုံးချင်တဲ့သူတွေအတွက် တပတ်ရစ်ဖုန်းကို ဝယ်ယူသုံးနေရတာဖြစ်ပြီး နောက်ပိုင်း တပတ်ရစ်ဖုန်းဆိုင်တွေမှာသာ ဝယ်ယူမှု ပိုလာတယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ပြည်ပက ဖုန်းဝယ်ယူတဲ့ ဈေးကွက်တွေကို အခွန်အခတွေ တိုးမြှင့်ပြီး စစ်တပ်က ထိန်းချုပ်ဖို့ ကြိုးစားသလို ဖုန်းအသစ်တွေကို ဝယ်ယူတဲ့နေရာမှာလည်း ဝယ်ယူသူက မှတ်ပုံတင်သွင်းရမယ်ဆိုတဲ့ စည်းကမ်းချက်တွေလည်း ထုတ်ပြန်ထားပါတယ်။

3 mins Ago
Up