close

တပ်ကြပ်ကြီ

close

October 10, 2022

မန္တလေးတွင် တပ်ကြပ်ကြီး အချင်းချင်း ပစ်ခတ်မှုဖြစ်ပွားပြီး ၁ ဦး သေဆုံး

မန္တလေး၊  မဟာအောင်မြေမြို့နယ်လျှပ်စစ်ရုံးမှာ  အောက်တိုဘာ ၉ ရက် နေ့လယ်ပိုင်းက ကင်းအစောင့်တာဝန်ကျတဲ့   စစ်ကောင်စီတပ်က  တပ်ကြပ်ကြီး နှစ်ယောက် စကားများ ရန်ဖြစ်ပြီး သေနတ်နဲ့ပစ်ခတ်ရာ  တယောက် သေဆုံးခဲ့တယ်လို့ လျှပ်စစ်ရုံးနားနေသူတွေက ပြောပါတယ်။

မနေ့ နေ့လယ် ၂ နာရီလောက်မှာ သောက်စားမူးယစ်ပြီး အချင်းချင်းစကားများရာက  ပစ်ခတ်မှု ဖြစ်ပွားခဲ့တာဖြစ်ပြီး  တပ်ကြပ်ကြီး တ‌ယောက် သေဆုံးကာ ကျန်တယောက်ကတော့ ဒဏ်ရာရခဲ့တာကြောင့် နန်းတွင်းဆေးရုံမှာ တင်ပို့ ထားတယ်လို့ သိရပါတယ်။

မဟာအောင်မြေမြို့နယ်နေသူ တဦး “သူတို့က အရင်တုန်းကလည်း  သောက်စားနေကြတာ။ အခုလည်း မူးပြီး အချင်းချင်းစကားများရာကနေ ပစ်ခတ်မှုဖြစ်တာလို့ ကြားတယ်။ မကြာဘူး လူနာတင်ကားနဲ့ လာသယ်သွားတယ်။” လို့ ပြောပါတယ်။

မဟာအောင်မြေမြို့နယ်မှာရှိတဲ့  အဲဒီလျှပ်စစ်ရုံးကင်းစခန်း အစောင့်တွေဟာ  မကြာခဏ သောက်စားလေ့ရှိသူတွေ ဖြစ်တယ်လို့  ရပ်ကွက်နေသူတွေထံကသိရပါတယ်။ အဆိုပါပစ်ခတ်မှုနဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက်ကတော့ သတင်းထုတ်ပြန်တာ မတွေ့ရသေးပါဘူး။ 

3 mins Ago
Up