စစ်ကိုင်းတိုင်း ကလေးမြိုနယ် ကြံသာကျေးရွာမှာ စစ်ကောင်စီ တပ်စွဲထားတဲ့အတွက် တောင်သူတွေက စိုက်ခင်းတွေ ပစ်ထားရတာကြောင့် စားဝတ်နေရေး အခက်အခဲဖြစ်ပေါ်နေ တယ်လို့ ဒေသခံတွေက ပြောပါတယ်။
အဆိုပါ ကြံသာကျေးရွာမှာ အနီးနားဝန်းကျင်က ဒေသခံတွေက စိုက်ခင်းတွေ စိုက်ပျိုးထားပြီး အဲဒီလို ယာခင်းတွေဆီသွားတဲ့ တောင်သူတွေကို စစ်ကောင်စီ တပ်သားတွေက ပစ်ခတ် ဖမ်းဆီးမှုတွေရှိနေတာကြောင့် ရွာသားတွေအနေနဲ့ သွားမရဘူးလို့ ဒေသခံတောင်သူတဦးက ပြောပါတယ်။
စစ်ကောင်စီတပ်ဖွဲ့ဟာ အခုလို တပ်စွဲထားတာဟာ ၆ လဝန်းကျင်ရှိနေပြီး ယာခင်းတွေဆီသွားတဲ့ တောင်သူ ၃ ဦးကိုလည်း ဖမ်းဆီးထားတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၁ ရက်နေ့က အဆိုပါ ကြံသာကျေးရွာမှာ အထိုင်ချထားတဲ့ စစ်ကောင်စီစခန်းကို ကလေး PDF တပ်ဖွဲ့ဝင်တွေက ဝင်ရောက်တိုက်ခိုက်ခဲ့လို့ စစ်ကောင်စီတပ်သား ၁၅ ဦး ကျဆုံးခဲ့တယ်လို့လည်း သိရပါတယ်။
ရန်ကုန်မြို့၊ အောင်မင်္ဂလာအဝေးပြေးဝင်းအတွင်းမှာ စစ်ကောင်စီတပ်က ဝင်ရောက် တပ်စွဲထားတယ်လို့ အဲဒီဝင်းအတွင်းမှာ နေထိုင်သူတချို့ဆီက သိရပါတယ်။
အဝေးပြေး ဝင်ပေါက်နေရာတချို့မှာ မနေ့ကစ စစ်တပ်က လုံခြုံရေးယူထားပြီး ဝင်းအတွင်း လှည့်လည်စစ်ဆေးနေတယ်လို့ အဝေးပြေးယာဥ်မောင်းတစ်ဦးက ပြောပါတယ်။
“သူတို့ သတင်းရ၊ မသင်္ကာတဲ့ ဂိတ်တွေ ဝင်စစ်မေးမြန်းတာတွေ ရှိတယ်လို့လည်း ပြောတယ်။ ညကတော့ စစ်ကားနှစ်စီး လုံခြုံရေးယူထားတာ တွေ့တယ်။”
စစ်အာဏာသိမ်းမှုအစောပိုင်းက အောင်မင်္ဂလာ အဝေးပြေးဝင်းမှာ စစ်တပ်က တပ်စွဲ လုံခြုံရေးယူခဲ့ဖူးပါတယ်။ နောက်တော့ ရဲတပ်ဖွဲ့လုံခြုံရေးပဲ ထားခဲ့ပြီး ထွက်သွားပြီးနောက် အခု ပြန်လည်ရောက်ရှိလာတာပါ။
အောင်မင်္ဂလာ အဝေးပြေးဝင်းအတွင်း စစ်ကောင်စီသားတွေကို မြင်တွေ့ရတာကြောင့် စိတ်အနှောင့်ယှက် ဖြစ်နေကြရတယ်လို့ ခရီးသည်တွေက ပြောပါတယ်။