မော်တော်ယာဥ်ဖောင်းကြွနံပါတ်ပြားတွေကို မတ် ၃ ၁ ရက် နောက်ဆုံးထား ပြောင်းလဲတပ်ဆင်စေခဲ့ရာ ယာဥ်တချို့ကျန်နေသေးတာကြောင့်ဆိုပြီး ဧပြီလကို ပညာပေးကာလ သတ်မှတ်ကာ ယာဥ်အားလုံး အပြီးတပ်ဆင်ရမယ်လို့ စစ်ကောင်စီလက်အောက်ခံ ကုန်းလမ်းပို့ဆောင်ရေးညွန်ကြားမှု ဦးစီးဌာနက ထုတ်ပြန်ပါတယ်။
ပညာပေးကာလဖြစ်တဲ့ ဧပြီလကျော်လို့မှ နံပါတ်ပြားအသစ် ပြောင်းလဲမတပ်ဆင်ရသေးဘူးဆိုရင် လိုအပ်တဲ့ စစ်ဆေးအရေးယူမှုတွေ ပြုလုပ်သွားမယ်လို့ ဖော်ပြထားပါတယ်။
မူလက ဌာနဆိုင်ရာယာဥ်တွေ၊ မြို့တွင်းခရီးသည်တင်ယာဥ်တွေ၊ တက္ကစီနဲ့ ကုန်တင်ယာဥ်တွေအနေနဲ့ မတ် ၃၁ ရက် နောက်ဆုံးထားပြီး ယာဥ်နံပါတ်ပြားအသစ် လဲလှယ်တပ်ဆင်ဖို့ ညွှန်ကြားခဲ့ပြီး ပုဂ္ဂလိကယာဥ်တွေကိုတော့ နောက်ဆုံးထား တပ်ဆင်ရမယ့်ကာလ သတ်မှတ်ဖော်ပြထားခြင်း မရှိခဲ့ပါဘူး။
ပုဂ္ဂလိက ယာဥ်တွေအနေနဲ့ ယာဥ်မှတ်ပုံတင်သက်တမ်း တိုးချိန်ဖြစ်စေ၊ သက်တမ်းမကုန်ခင်ဖြစ်စေ အမြန်ဆုံးလဲလှယ်ဖို့သာ ဖော်ပြထားခဲ့ပြီး အခုထုတ်ပြန်ချက်အရ အဲဒီယာဥ်တွေပါ ဧပြီလအတွင်း နံပါတ်ပြားအသစ် လဲလှယ်ရတော့မယ်လို့ ကညန လိုင်စင်ဝန်ဆောင်မှု လုပ်ငန်းလုပ်နေသူတချို့က ပြောပါတယ်။
ကညန လိုင်စင်ဝန်ဆောင်မူလုပ်နေသူတဦးက "မူလကြေညာချက်အရ ကားသက်တမ်းတိုးချိန်ကြမှ နံပါတ်ပြား ပြောင်းလဲရတယ်ဆိုတော့ တချို့ကားပိုင်ရှင်တွေက မလုပ်ကြသေးတာ၊ အခုကြေညာချက်အသစ်အရဆို အကုန်အပြီးပြောင်းကြရတော့မယ်။ သင်္ကြန်ပိတ်ရက်တွေလည်းရှိတော့ နံပါတ်ပြားလည်းသူတွေ ပိုများလာနိုင်တယ်" လို့ ပြောပါတယ်။
အခုပြောင်းလဲမယ့် ယာဥ်ဖောင်းကြွနံပါတ်ပြားမှာ ယာဥ်မှတ်ပုံတင်ထားတဲ့ မြို့နယ်သင်္ကေတနံပါတ်၊ ယာဥ်အမျိုးအစားတို့ကို အသစ်ထည့်သွင်းဖော်ပြထားတာဖြစ်ပါတယ်။
အဲဒီနံပါတ်ပြားအသစ်ကို စစ်အာဏာသိမ်းပြီးနောက်မှာ ပြောင်းလဲတပ်ဆင်ဖို့ သတ်မှတ်ခဲ့တာဖြစ်ပြီး အစောပိုင်းကာလတွေမှာ ပြုလုပ်သူနည်းခဲ့ပေမယ့် အခုလိုနောက်ဆုံးထား ပြောင်းလဲတပ်ဆင်ရမယ့် အချိန်ကာလသတ်မှတ်လိုက်ပြီးနောက်မှာ လဲလှယ်သူ များပြားလာခဲ့တာဖြစ်ပါတယ်။
နံပါတ်ပြားအသစ်လဲရင် နံပါတ်ပြားခ ကျပ် ၉,၀၀၀ နဲ့ ဖောင်ကြေး ကျပ် ၁,၀၀၀ ကျသင့်မှာဖြစ်ပြီး ဝန်ဆောင်မူလုပ်ငန်းတွေကိုအပ်ပြီး လုပ်မယ်ဆိုရင်တော့ ဒီထက်ပိုကုန်ကျတယ်လို့ ယာဥ်ပိုင်ရှင်တွေက ဆိုပါတယ်။
ရန်ကုန်မြို့က တက္ကစီတွေမှာ စမတ်မီတာတပ်ဆင်ဖို့ စစ်ကောင်စီလက်အောက်ခံ ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ (YRTC) က လုပ်ဆောင်နေပါတယ်။
ပြီးခဲ့တဲ့ မတ် ၉ ရက်က YRTC ရုံးမှာပြုလုပ်တဲ့ မီဒီယာတွေ့ဆုံပွဲမှာ YRTC တွဲဖက် အတွင်းရေးမှူး ဦးလန်ကျင့်မန်က ရန်ကုန်မြို့ရဲ့ ယာဉ်အစီးရေ ၅၀၀ လောက်ကို စမတ်မီတာ တပ်ဆင်သွားမယ့်အကြောင်း မီဒီယာတွေကို ပြောခဲ့တာပါ။
ဒီစနစ်ဟာ ရန်ကုန်မြို့ရဲ့ ယာဉ်ကြောပိတ်ဆို့မှုတွေကြောင့် ခရီးသည်နဲ့ ယာဉ်မောင်းတွေကြား အဆင်မပြေနိုင်ဘူးလို့ ရန်ကုန်မြို့ အငှားယာဉ်မောင်းတွေက ပြောဆိုကြပါတယ်။
“မီတာစဖွင့်ပြီဆိုတာနဲ့ မီတာ ဘယ်လောက်ကောက်မလဲ မသိဘူးလေ။ သူက မီတာ စတက်မယ်ဆို အနည်းဆုံး ၁,၅၀၀၊ ၂,၀၀၀ နဲ့တင်မှာ။ မကောင်းဘူး မဟုတ်ဘူး၊ ကောင်းတော့ ကောင်းတယ်။ ဒါပေမဲ့ ဘယ်လိုအခက်အခဲဖြစ်မလဲဆိုတာ သိပ်ပြီးတော့ တွေးလို့မရသေးဘူး။ လောလောဆယ် လေယာဉ်ကွင်းက တက္ကစီတွေနဲ့ ဂတ်စ်သမားတွေ ဦးစားပေးမယ်။ လမ်းကျပ်မယ်ဆိုတော့ မီတာတက်သွားမယ်လေ။ အားသာချက်၊ အားနည်းချက်ကတော့ သူ့ဟာနဲ့သူရှိမယ်။ ဆီကားတွေကျတော့ လမ်းကျပ်ရင်တော့ အဆင်ပြေမှာမဟုတ်ဘူး။ လမ်းကျပ်ရင် စကားပြောရမယ်။ မနက်ပိုင်း ရုံးသွားချိန် ရုံးဆင်းချိန်တွေပေါ့။ တရားဝင် မီတာတပ်မယ်ဆို သူတို့ ကြေညာပေးရမှာ။ ကြေညာပေးမှ ကာစတမ်မာကလည်း စီးမှာလေ။ သူက စောင့်ရလေ မီတာကတက်လေ။ ပြောမယ်ဆို ကာစတမ်မာနဲ့ စကားပြောရမှာ” လို့ လှိုင်မြို့နယ်မှ အငှားယာဉ်မောင်းတဦးက ပြောပါတယ်။
စမတ်မီတာ တပ်ဆင်ပြီးတဲ့အခါ ယာဉ်စီးခကို CNG စျေးနှုန်းနဲ့ တွက်ချက်မှာမဟုတ်ဘဲ စက်သုံးဆီစျေးနှုန်းအပေါ် မူတည်ပြီး ယာဉ်စီးခကို သတ်မှတ်သွားမယ်လို့ YRTC တာဝန်ရှိသူတွေက ပြောပါတယ်။
YRTC အနေနဲ့ စမတ်မီတာ တပ်ဆင်တာဟာ သင့်တင့်မျှတတဲ့စျေးနှုန်းနဲ့ လုံခြုံမှုရှိရှိ ပြေးဆွဲနိုင်ဖို့ ရည်ရွယ်ထားတယ်ဆိုပေမဲ့ လက်တွေ့မှာတော့ စက်သုံးဆီအသုံးပြုပြီး မောင်းနေရတဲ့ တက္ကစီတွေအတွက် ဝင်ငွေမကိုက်ဘူးလို့ အငှားယာဉ်မောင်းတဦးက ပြောပါတယ်။
“လက်ရှိအနေအထားနဲ့ ဖောက်သည်ရှိတဲ့သူပဲ ကိုက်တာ။ လမ်းပေါ်သွားတဲ့သူဆို မကိုက်ဘူး။ ဆီစျေးသည် အနည်းဆုံး ၂၀,၀၀၀ ဖိုးထည့်မှ ၁၀ လီတာ။ ၁၀ လီတာက တနေကုန် မပတ်နိုင်ဘူး။ ဂက်စ်ကားလောက် အဆင်မပြေဘူး။ ဂက်စ်ကားသမားတွေက ကိုက်တာ။ ဆီကားသမားတွေက တိုင်ပတ်တယ်။ အုံနာကြေးနဲ့ မောင်းတယ်ဆို အနိမ့်ဆုံး ၃၀,၀၀၀ ဝင်မှ ကျန်တဲ့ပိုက်ဆံ ကိုယ်စားရတာ။ မီတာစနစ်ပြောင်းရင် လောလောဆယ်က အဆင်မပြေနိုင်ဘူး” လို့ မင်္ဂလာဒုံမြို့နယ်မှ အငှားယာဉ်မောင်းတဦးက ဒီဗွီဘီကို ပြောပါတယ်။
ရန်ကုန်မြို့က ခရီးသွားပြည်သူတဦးကတော့ အခုလိုမျိုး စမတ်မီတာစနစ် သုံးမယ်ဆိုရင် နိုင်ငံရဲ့ ယာဉ်ကြောစနစ်၊ ခရီးသွားပြည်သူတွေရဲ့ အခက်အခဲတွေကို ထည့်သွင်း စဉ်းစားသင့်တယ်လို့ အကြံပြုပါတယ်။
“ကားလမ်းတွေမပိတ်ဘူး၊ ယာဉ်ကြောက အမြန်လမ်းတွေ သပ်သပ်ရှိမယ်ဆိုရင်တော့ တက္ကစီမီတာက ကောင်းမယ့်အနေအထား၊ ဒါကြောင့် တခြားနိုင်ငံတွေမှာ ကျင့်သုံးကြတယ်။ အောင်မြင်ကြတယ်။ ဒါပေမဲ့ ကျမတို့နိုင်ငံရဲ့ ယာဉ်ကြောစနစ်၊ လူတွေရဲ့ စနစ်၊ ခရီးသည်တွေရဲ့ စနစ်တွေ ဒါတွေနဲ့ကျ ကိုယ့်နိုင်ငံနဲ့ လိုက်လျောညီထွေမှု မရှိဘူး။ ဒီလိုမျိုး လုပ်ချင်တယ်ဆို ကျမတို့ စဉ်းစားရမှာက အမြန်လမ်းကြောင်း သီးသန့်ရှိသလား၊ ယာဉ်ကြောပိတ်ဆို့မှု မဖြစ်အောင် ဘယ်လိုထိန်းရမလဲ၊ ဒါမျိုးတွေ ထည့်သွင်းစဉ်းစားမှုမရှိဘဲ အကောင်အထည် ဖော်တာတော့ ကျမ အဆင်မပြေဘူးလို့ မြင်တယ်။”
ရန်ကုန်တိုင်းဒေသကြီးမှာ မှတ်ပုံတင်ထားတဲ့ တက္ကစီယာဉ်အစီးရေ ၆၅,၀၀၀ ဝန်းကျင် ရှိပါတယ်။ မီတာစနစ်နဲ့ ယာဉ်စီးခကောက်ခံတဲ့စနစ်ကို အရင် စစ်အစိုးရလက်ထက် ၂၀၀၈ ခုနှစ်မှာ တကြိမ်၊ ၂၀၁၃ ခုနှစ်မှာ တကြိမ် လုပ်ဆောင်ခဲ့ပေမဲ့ မအောင်မြင်ခဲ့ပါဘူး။
လက်ရှိမှာလည်း စစ်ကောင်စီလက်အောက်ခံ YRTC က စမတ်မီတာ တပ်ဆင်မယ့်အပေါ် အငှားယာဉ်မောင်းတွေနဲ့ ခရီးသည်တွေကြား ဝေဖန် ပြောဆိုနေပါတယ်။