နျူကလီးယားစွမ်းအင်သုံးပြီး ဒုံးကျည် ပစ်လွှတ်နိုင်တဲ့ ရေငုပ်သင်္ဘော ၂ စီး ရုရှားရေတပ်မှာ စတင်အသုံးပြုတဲ့ တပ်တော်ဝင်အလံတင်အခမ်းအနားကို ရုရှားသမ္မတ ဗလာဒီမီယာပူတင်က ရုပ်သံလိုင်းကနေတဆင့် ဒီဇင်ဘာ ၂၁ ရက်က တက်ရောက်ပါတယ်။
ရုရှားရေတပ်ကိုလည်း သမ္မတပူတင်က ချီးကျူးပြီး ဒီပွဲဟာ ရုရှားရေတပ်သမိုင်းမှာ မရှိမဖြစ် အရေးပါတဲ့ သမိုင်းမှတ်တိုင်တရပ်ပဲလို့ သူ့ရဲ့ မိန့်ခွန်းအတွင်း ပြောခဲ့ပါတယ်။
ကညက်ဆာလက်ခ်လို့ နာမည်ပေးထားတဲ့ ရေငုပ်သင်္ဘောဟာ ဘိုရေအဆင့် ဖြစ်ပြီး ဘူလာဗာ ပဲ့ထိန်းဒုံးကျည် တပ်ဆင်ထားပါတယ်။ နိုဗိုစီဗျက်စ်ခ် ရေငုပ်သင်္ဘောကတော့ ယာဆန် အဆင့်ဖြစ်ပြီး ကာလီဘာနဲ့ အိုညက်စ် ပဲ့ထိန်းဒုံးကျည်တွေ တပ်ဆင်ထားတာပါ။
ဒီပဲ့ထိန်းဒုံးကျည်တွေဟာ ပင်လယ်ပြင် ပစ်မှတ်တွေကို ထိမှန်နိုင်ပြီး မြေပြင်ပစ်မှတ်တွေကိုလည်း တိတိကျကျ ထိမှန်အောင် ပစ်ခတ်နိုင်တယ်လို့ ပူတင်က ပြောပါတယ်။