close

တပ်ထောက်ခံပွဲ

close

February 1, 2022

မြဝတီမြို့တွင် တပ်ထောက်ခံပွဲအပြီး မိုင်းပေါက်ကွဲ

ကရင်ပြည်နယ်၊ မြဝတီမြို့မှာ  ဖေဖော်ဝါရီ ၁ ရက် မွန်းတည့်  ၁၂ နာရီလောက်က စစ်အာဏာသိမ်းတဲ့ ၁ နှစ်ပြည့် တပ်ထောက်ခံပွဲပြုလုပ်ပြီးချိန်မှာ မိုင်းတစ်လုံးပေါက်ကွဲခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

ဘုရင့်နောင်လမ်းမကြီးဘေးက မြို့နယ်လျှပ်စစ်ရုံးဝင်းအနီးမှာ ဗုံးပေါက်ကွဲခဲ့တာဖြစ်ပြီး တပ်ထောက်ခံပွဲပြုလုပ်ပြီးချိန် မိနစ်အနည်းငယ်အကြာမှာ ပေါက်ကွဲခဲ့တာပါ။

မြဝတီမြို့ ဒေသခံတစ်ဦးက" ဗုံးပေါက်ချိန်နဲ့ အကြမ်းဖက်ထောက်ခံပွဲပြီးတဲ့အချိန်နဲ့ ကံကောင်းတာ။ နောက်မဟုတ် မသာကောက်ပွဲ ဖြစ်တော့မလို့။ မြဝတီမှာက  နေ့စားသမားတွေများတယ်။ ငွေရရင် အကုန်လုပ်တယ်။ နိုင်ငံ​ရေး ဘာမှနားလည်တာ မဟုတ်ဘူး။ ကျနော်တို့ မြို့ခံစစ်စစ်တွေ သိက္ခာကျတယ်"လို့ ပြောပါတယ်။

အဆိုပါ ဗုံးပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာရရှိသူမရှိကြောင်းနဲ့ ဗုံးပေါက်ကွဲမှုဖြစ်ပွားရာနေရာကို စစ်ကောင်စီရဲ့ တပ်နဲ့ ရဲတွေရောက်ရှိလာပြီး စုံစမ်းစစ်ဆေးမှုတွေပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

ဒီကနေ့ပြုလုပ်တဲ့  စစ်အာဏာသိမ်းတဲ့ ၁ နှစ်ပြည့် တပ်ထောက်ခံပွဲကို  အမျိုးသားရေးအင်အားစုတွေနဲ့ တပ်မိသားစုတွေစုစုပေါင်း အင်အား ၄၀၀ နီးပါးနဲ့ မြစန္နီပန်းခြံစုရ​ပ်ကနေ မြို့တွင်းသို့ စီတန်းလှည့်လည် ဆန္ဒပြခဲ့ကြပါတယ်။

အလားတူ ဘားအံမြို့မှာလည်း စစ်မှုထမ်းဟောင်းအဖွဲ့က ဦးဆောင်ပြီး တပ်ထောက်ခံပွဲ ပြုလုပ်ခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

ဒီက​နေ့ မနက် ၆ နာရီခွဲလောက်က ဘုရားသုံးဆူမြို့၊မြို့မဈေးအနီးမှာ ​မိုင်း ၁ လုံးပေါက်ကွဲခဲ့သလို ဈေးအနောက်ဘက်လမ်းကြား အမှိုက်ပုံအနီးမှာ နောက်ထပ်မိုင်း ၂ လုံးဆက်တိုက်ပေါက်ကွဲခဲ့ပေမဲ့ လူထိခိုက်မှုရှိဘဲ ကွမ်းယာဆိုင်တစ်ဆိုင် အနည်းငယ်ပျက်စီးခဲ့သလို လက်နက်ငယ် ပစ်ခတ်သံ၂ ချက် ကြားရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

2 days Ago

မြောင်းမြမြို့တွင် တပ်ထောက်ခံပွဲလာသူ ၁ ဦးလျှင် ငွေကျပ် ၅၀၀၀ ပေး

ဧရာဝတီတိုင်း၊ မြောင်းမြမြို့နယ်မှာ ဖေဖော်ဝါရီ ၁ ရက်နေ့က အသံတိတ်သပိတ်အား တန်ပြန်ပြုလုပ်တဲ့အနေနဲ့ တပ်ထောက်ခံပွဲကို ၁၁ နာရီလောက်မှာ စတင်ပြုလုပ်ခဲ့ပါတယ်။ 

စစ်တပ်အာဏာသိမ်းတာ ၁ နှစ်ပြည့် အသံတိတ်သပိတ်ပြုလုပ်နေချိန်မှာ တန်ပြန်တဲ့အနေနဲ့ စစ်တပ်ထောက်ခံပွဲပြုလုပ်တာဖြစ်ပြီး လာတဲ့သူတွေကို ထွေအုပ်က တစ်ယောက်ကို ကျပ် ၅ ထောင်ပေးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ 

“ရွာဘက်က ကြံ့ခိုင်ရေးတွေတော့ သွားကြားတယ်၊ လူနည်းလို့ ပိုက်ဆံပေးခေါ်တယ်လို့ ကြားတယ်။ တယောက်ကို ငါးထောင်နဲ့ ” လို့ မြောင်းမြမြို့ခံတဦးက ပြောပါတယ်။ 

အာဏာသိမ်းစစ်တပ်ထောက်ခံပွဲကို နောင်ရိုးခန်းမရှေ့ကနေစတင်ပြီး အောင်ဆန်းလမ်း ကမ်းနားလမ်းနဲ့ ဦးဘချိုလမ်းထိ လူအင်အား ၁၀၀ နီးပါးနဲ့ လှည့်လည်ပြုလုပ်ခဲ့တာလို့ ဆိုပါတယ်။ 

ထောက်ခံပွဲ လာရောက်တဲ့လူတွေကို ထွေအုပ်ဝန်ထမ်းတွေက တစ်ဦးကို ၅ ထောင်ပေးတယ်လို့ ဒေသခံတွေအကြား ပြောဆိုမှုတွေရှိနေပေမယ့်  သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။

စစ်တပ်အာဏာသိမ်း ၁ နှစ်ပြည့်တဲ့နေ့မှာပဲ ဧရာဝတီတိုင်းအတွင်းက လပွတ္တာမြို့မှာလည်း ပြုလုပ်ခဲ့သေးတယ်လို့ သိရပါတယ်။

2 days Ago

January 31, 2022

ကျိုက်လတ်တွင် တပ်ထောက်ခံပွဲ မလိုက်သူများထံမှငွေကောက်ခံပြီး ဆန္ဒပြသူများကို နေ့စားခ ပြန်ပေး

ဧရာဝတီတိုင်း၊ ကျိုက်လတ်မြို့နယ်မှာ ဇန်နဝါရီ ၃၁ ရက်က အာဏာသိမ်းစစ်တပ် ထောက်ခံပွဲ ပြုလုပ်ခဲ့ရာမှာ ကျေးရွာတွေက တအိမ်တယောက်လိုက်ဖို့ ခေါ်ဆောင်ပြီး မလိုက်သူတွေကို အုပ်ချုပ်ရေးမှူးနဲ့ရာအိမ်မှူးတွေက ငွေကြေးတောင်းခံခဲ့တယ်လို့  ဒေသခံတွေက ပြောပါတယ်။

“တပ်ထောက်ခံပွဲလို့ ခေါ်တာမဟုတ်ဘူး။ ဘောလုံးပွဲဖွင့်ပွဲဆိုပြီး ခေါ်တာ။ မလိုက်ရင် ၅၀၀ ပေးရတာ။ အဲဒီပိုက်ဆံနဲ့ သူတို့က နေ့စားပြန်ခေါ်တာတွေ ရှိတယ်။ ဟိုရောက်မှ တပ်ထောက်ခံပွဲဆိုတာ သိရတာ”လို့ ဒေသခံတဦးက ပြောပါတယ်။

တပ်ထောက်ခံပွဲသွားဖို့ ကျေးရွာတွေက လူတွေကို သုံးဘီးနဲ့လာခေါ်ပြီး မြို့ပေါ်လိုက်ပို့ ပေးခဲ့ပေမယ့် ပြန်တဲ့အချိန်မှာ လမ်းလျှောက်ပြန်ကြရတယ်လို့ ဆိုပါတယ်။ 

ကျိုက်လတ်မြို့နယ်အတွင်းမှာ ကျေးရွာပေါင်း ၉၀ ကျော်ရှိပြီး တအိမ် တယောက်ခေါ်တာကြောင့် လူဦးရေ ထောင်ဂဏန်းလောက်ဖြစ်သွားတယ်လို့ ပြန်လာသူတွေက ပြောပါတယ်။ 

အလားတူ ဒီကနေ့မှာပဲ မြောင်းမြမြို့မှာ တပ်ထောက်ခံပွဲကို ဒီနေ့  ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

3 days Ago
Up