ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်မှာ စစ်ကောင်စီတပ် တပ်မ ၂၂ ရဲ့ တပ်သား ၄ ဦး လက်နက်တွေနဲ့ အတူထွက်ပြီးသွားပြီးနောက် တပ်စခန်းအနီးရှိ ဖရုံချောင်ကျေးရွားသားတွေနဲ့ ငှက်ပျောချောင်းကျေးရွာသားတွေကို ကျေးရွာအတွင်းက ယာယီထွက်သွားကြဖို့ စစ်ကောင်စီတပ်က စေခိုင်းထားတာကြောင့် ဒေသခံ ၂၀၀ ကျော်ဟာ နေရပ်စွန့်ခွာပြီး နီးစပ်ရာ ကျေးရွာတွေမှာ ခိုလှုံနေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီတပ်သား ၄ ဦးဟာ ဧပြီ ၃၀ ရက်က လက်နက်နဲ့အတူ ထွက်ပြေးသွားကြတာဖြစ်ပြီး ရွာအတွင်း မေးမြန်းလို့ မရတာကြောင့် ရွာသားတွေကို မေလ ၄ ရက် နောက်ဆုံးထားပြီး ရွာက ယာယီထွက်သွားကြဖို့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက လာပြောသွားတာလို့ ဖရုံချောင်းကျေးရွာသားတစ်ဦးက ပြောပါတယ်။
“ဧပြီလ ၃၀ ရက်နေ့က စစ်သား ၄ ဦးက လက်နက်တွေနဲ့ အတူပျောက်သွားတယ်လို့ သိရတယ်။ အဲဒီနောက် စစ်သားတွေ ရွာထဲမှာ လာရှာကြပြီ ရွာထဲမှာရှိလားဆိုပြီးမေးတယ်။ မရှိဘူးပြောတော့ ရွာထဲမှာ မနေကြနဲ့ဆိုပြီးတော့ ပြောတယ်။ ရွာမှာ နှစ်ပတ်လောက်မနေကြလို့ပြောတယ်။ ဘာကြောင့်ဆိုတာလည်း မသိရဘူး။ အခုတော့ ရွာမှာ ဘယ်သူမှ မရှိတော့ဘူး”လို့ပြောပါတယ်။
စစ်ကောင်စီနဲ့ အေအေတို့အကြား တကျော့ပြန်တိုက်ပွဲဖြစ်ပွားနောက် စစ်ကောင်စီရဲ့ တပ်မ ၂၂ ဟာ ဖရုံချောင်းကျေးရွာနဲ့ ငှက်ပျောချောင်းကျေးရွာအနီးမှာ တပ်စွဲနေတာဖြစ်တယ်လို့ ဒေသခံတွေက ပြောကြပါတယ်။
ငှက်ပျောချောင်းကျေးရွာသားတစ်ဦးက “ ကျနော် ရွာသားတွေကို ရွာမှာ ၂ ပတ် ၃ ပတ်လောက် မနေကြဖို့ လာပြောတယ်။ ကျနော်တို့လည်း ဘာကြောင့်မနေရဆိုတာမသိရသေးဘူး။ အခုတော့ ရွာအနီးနားက ရွာတွေက ဆွေမျိုးတွေဆီမှာခိုလှုံနေကြရတယ်။ ဘယ်တော့ ပြန်ရမယ်ဆိုတာ မသိရသေးဘူး” လို့ပြောပါတယ်။
အခုကျေးရွာကနေ တိမ်ရှောင်နေကြရတဲ့ ဖရုံချောင်းကျေးရွာမှာ အိမ်ခြေ ၁၈ ဆောင်ခန့်ရှိပြီး လူဦးရေ ၈၀ ကျော်ခန့်နေထိုင်ကာ ငှက်ပျောချောင်းကျေးရွာမှာ အိမ်ခြေ ၂၅ ဆောင်ခန့်ရှိပြီး လူဦးရေ ၁၀၀ ကျော်ခန့်နေထိုင်ကြတယ်လို့သိရပါတယ်။
အဲဒီကျေးရွာတွေက လူတွေဟာ လက်ရှိမှာ ဘူးသီးတောင်မြို့နယ် သေကံခွဆုံ၊ သေကံနဲ့ ညောင်ချောင်းအပါဝင် ဘူးသီးတောင်မြို့ပေါ်တွေမှာလည်း ခိုလှုံနေကြရတယ်လို့ သိရပါတယ်။
ရခိုင်ပြည်နယ်မှာ စစ်ကောင်စီနဲ့ အေအေတို့အကြား တကျော့ပြန်တိုက်ပွဲရပ်တန့်ပြီးနောက် ရခိုင်ပြည်နယ် နေရပ်မပြန်နိုင်သေးတဲ့ စစ်ဘေးရှောင်ဦးရေ ၇၀၀၀၀ ကျော်ကျန်ရှိနေသေးတယ်လို့ UNHCR ရဲ့စာရင်းတွေအရသိရပါတယ်။
ရခိုင်ပြည်နယ် ကျောက်တော်မြို့မှာ စစ်ကောင်စီတပ်သား တယောက် ထွက်ပြေးသွားတာကြောင့် စစ်တပ်က အင်အားအလုံးအရင်းနဲ့ မြို့ပေါ်သာမက အနီးအနားက ကျေးရွာတွေမှာ လိုက်ရှာနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီတပ်သား အင်အား ၃၀ ကျော်လောက်က စက်တင်ဘာ ၁၀ ရက် နေ့လယ်ပိုင်းနဲ့ ညနေပိုင်းတွေမှာ မဟာမုနိစစ်ဘေးရှောင်စခန်း၊ စပါးဆိပ်ကျေးရွာနဲ့ မဟာမုနိကျေးရွာတွေမှာ ဝင်ရောက် ရှာဖွေခဲ့ကြတယ်လို့ ဒေသခံ တဦးက ပြောပါတယ်။
"လက်နက်အပြည့်အစုံနဲ့ စစ်သားတဦး ထွက်ပြေးသွားတယ်ဆိုပြီး မဟာမုနိစစ်ဘေးရှောင်စခန်းကို ၃ ကြိမ်အထိ ဝင်ပြီးစစ်ဆေးခဲ့တယ်လို့ သိရတယ်။ သူတို့က ရဲဘော် တဦး ထွက်ပြေးသွားလို့ ရှာတယ်ဆိုပြီး ပြောခဲ့တာတွေတော့ ရှိတယ်။ နောက်ပြီး ညနေပိုင်းမှာလည်း စပါးဆိပ်ကျေးရွာကို ဝင်ပြီးတော့ ရွာဦးက အိမ်တချို့ကို စစ်ဆေးခဲ့တယ်။ အဲဒီကအပြန်မှာ မဟာမုနိကျေးရွာထဲကို ဝင်လာကြတယ်။ စစ်ဆေးခဲ့တာတွေတော့ မရှိဘူး။ အခုလို စစ်ကြောင်းဝင်လာပြီး စစ်တယ်ဆို တော့ ယောက်ျားတွေလည်း စိုးရိမ်ပြီး ရှောင်နေကြရတယ်။"
စစ်ကြောင်းက အိမ်တွေထဲအထိ ဝင်ရောက်ရှာဖွေခဲ့တာကြောင့် ဒေသခံတွေ စိုးရိမ်နေကြတယ်လို့ စပါးဆိပ် ရွာသားတဦးက ဆိုပါတယ်။
“စစ်သားတွေက ညနေ ၇ နာရီကျော် ၈ နာရီလောက်မှာ စစ်ကြောင်း ဝင်လာပြီးတော့ ရွာဦးက အိမ် ၂၀ လောက်ကို စစ်ဆေးခဲ့တယ်။ ရွာထဲ လူစိမ်းတွေ ရောက်လားဆိုပြီးတော့ မေးတယ်။ အိမ်ထောင်စုစာရင်းတွေ စစ်ဆေးခဲ့တယ်။ သူတို့က စစ်သား တဦး ထွက်ပြေးသွားလို့ လာရှာတာလို့တော့ ပြောသွားတယ်။ ရွာအပြန်မှာ သေနတ် ၃ ချက်ပစ်ပြီးတော့ ပြန်သွားကြတယ်” လို့ ပြောပါတယ်။
ရခိုင်ပြည်နယ်မှာ စစ်ကောင်စီနဲ့ ရက္ခိုင့်တပ်တော် (အေအေ) တို့ကြား တိုက်ပွဲဖြစ်ပွားနေတာကြောင့် စစ်ကောင်စီတပ်သားတချို့ ထွက်ပြေးတာတွေရှိပြီး စက်တင်ဘာ ၆ ရက်ကလည်း ရသေ့တောင်မြို့နယ်မှာ နယ်ခြားစောင့် ရဲအရာရှိ တယောက် နဲ့ တပ်ဖွဲ့ဝင် ၂ ယောက် အေအေဘက်ကို ခိုလုံသွားတယ်လို့ သိရပါတယ်။
ရက္ခိုင်တပ်တော် (အေအေ) ဘက်ကို စစ်ကောင်စီတပ်သား ရာချီ ထွက်ပြေးလာတာရှိတယ်လို့ ဇွန် ၁၄ ရက်က ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ အေအေပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက ပြောကြားခဲ့ပါတယ်။