မန္တလေးတိုင်း၊ ဝမ်းတွင်းမြို့နယ်၊ တဲစုကျေးရွာမှာ တပ်မတော်ထောက်ခံပွဲ ဦးဆောင်ပြုလုပ်ခဲ့သူ အမျိုးသား တယောက် အောက်တိုဘာ ၁၅ ရက်ညနေက သေနတ်နဲ့ ပစ်သတ်ခံခဲ့ရပါတယ်။
သေဆုံးသူဟာ တဲစုရွာသား ကိုမင်းနိုင်ဖြစ်ပြီး သူ့ရဲ့နေအိမ်မှာ အမည်မသိလူတစ်စုက သေနတ်နဲ့ လာပစ်သွားတာကြောင့် ဒဏ်ရာရသွားပြီး ဆေးကုသမှုခံယူနေစဉ် သေဆုံးသွားတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
"ကိုမင်းနိုင် သေနတ်နဲ့ ၃ချက်အပစ်ခံရတယ်။ ဆိုင်ကယ်နဲ့ဝင်လာပြီး သူ့ အိမ်ရှေ့ မှာ ပစ်သွားတာလို့ သိရတယ်။ မိတ္ထီလာဘက်မှာ ဆေးကုနေရင်း သေသွားတာပါ။"
ကိုမင်းနိုင်ဟာ အရင်က တပ်ထောက်ခံပွဲတွေကို တက်ကြွစွာ ဦးဆောင်လုပ်ကိုင်ခဲ့သူဖြစ်ပြီး လွန်ခဲ့တဲ့ နှစ်လလောက်က ဆိုရှယ်လူမှုကွန်ရက်စာမျက်နှာမှာ သူ့ကို ဒလန်ဆိုပြီး ရေးတင်ခံခဲ့ရတယ်လို့လည်း သိရပါတယ်။
မန္တလေးတိုင်း ဝမ်းတွင်းမြို့မှာ ဇန္ဝါရီ ၁၇ ရက်နေ့က တပ်မတော်ထောက်ခံပွဲနဲ့ ရွေးကောက်ပွဲ တရားမျှတမှူရရေး ဆန္ဒဖော်ထုတ်ပွဲ ဦးဆောင်ခဲ့တာကြောင့် ပုဒ်မ ၃ ခုနဲ့ အမှုဖွင့်ခံထားရသူ ၂ ဦး မနေ့ညနေက လာရောက်အဖမ်းခံခဲ့တယ်လို့ သိရပါတယ်။
ဆန္ဒပြပွဲ ဦးဆောင်သူ ၃ ဦးအား ပုဒ်မ ၃ ခုနဲ့ အမှုဖွင့်ထားရာမှာ ၁ ဦးဖမ်းမိခဲ့ပြီး ၂ ဦးက တိမ်းရှောင်နေရာမှ ဇန်နဝါရီ ၂၄ ရက်ညနေက ဝမ်းတွင်းမြို့မရဲစခန်းမှာ လာရောက်အဖမ်းခံပြီး မြို့နယ်တရားရုံးမှာ ဒီနေ့ ချုပ်ရမန်ယူတယ်လို့ ဝမ်းတွင်းမြို့မရဲစခန်းက သိရပါတယ်။
ဝမ်းတွင်းမြို့မရဲစခန်း တာဝန်ကျရဲအရာရှိက “တိမ်းရှောင်သွားတဲ့ ဦးဆောင်သူ ၂ ဦး မနေ့ကညနေ ၅ နာရီခွဲလောက်မှာ ရဲစခန်းကို လာရောက် အဖမ်းခံပါတယ်။ ဒီနေ့ မြို့နယ်တရားရုံးမှာ ချုပ်ရက်ရမန်ယူတာပါ” လို့ ပြောပါတယ်။
ဇန်နဝါရီ ၁၇ ရက်နေ့လယ်က လူအင်အား ၂၇ ဦးနဲ့ ဝမ်းတွင်းမြို့ အမှတ် ၃ ရပ်ကွက် ပြည်သူ့အားကစားကွင်းက စတင်ပြီး ငြိမ်းချမ်းစွာစီတန်းလှည့်လည်ခဲ့ရာ အမှတ် ၂ ရပ်ကွက် မေခလာဟစ်တိုင်ကွင်းမှာ ဝန်းရံသူအင်အား ၃၀၀ ကျော်သွားတာကြောင့် ဦးဆောင်သူ တဲစုရွာနေ ဦးမောင်ဆင့်၊ တောင်ဆည်ရွာနေ ဦးသန်းဆွေနဲ့ ရွှဲသီးရွာနေ ဦးဇော်မင်းတို့ကို ပုဒ်မ ၃ ခုနဲ့ ဝမ်းတွင်းမြို့မရဲစခန်းမှာ အမှုဖွင့်ထားတာပါ။
တောင်ဆည်ရွာနေ ဦးသန်ဆွေကတော့ ဇန်နဝါရီ ၁၇ ရက်နေ့မှာ ဖမ်းဆီးမိခဲ့ပြီး ရွှဲသီးရွာနေ ဦးဇော်မင်း နဲ့ တဲစုရွာနေ ဦးမောင်ဆင့် တို့ကတော့ တိမ်းရှောင်သွားခဲ့ရာမှ လာရောက်အဖမ်းခံကြတာပါ။
သူတို့ ၃ ဦးကို မြို့နယ်ရဲတပ်ဖွဲ့မှူးက ငြိမ်းစုစီဥပဒေပုဒ်မ ၂၀၊ မြို့နယ်အုပ်ချုပ်ရေးမှူးရုံး ဒုဦးစီးမှူးက သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှူဥပဒေ ပုဒ်မ ၂၅/၃၀ (က) နဲ့ ဝမ်းတွင်းမြို့မရဲစခန်းမှာ အမှုဖွင့်ခဲ့တာလို့ သိရပါတယ်။
သတင်း-ဓာတ်ပုံ-မောင်မောင်လင်း