စစ်ကိုင်းတိုင်း မုံရွာမြို့ မုံရွာကျောက္ကာကားလမ်းမှာ ဖေဖော်ဝါရီ ၁ ရက်နေ့ မနက်ပိုင်းက တပ်မတော်ထောက်ခံပွဲသွားတဲ့ကား မိုင်းဆွဲခံရတယ်လို့ သိရပါတယ်။
မနက် ၁၁ နာရီလောက် တပ်ထောက်ခံပွဲကိုသွားတဲ့ မှန်လုံကားတစ်စီးကို မုံရွာခရိုင်တပ်ရင်း ၂ တပ်ခွဲ Monywa Ranger Group/Truth Army က မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
အဲဒီမှန်လုံကားဟာ မုံရွာအားကစားကွင်းမှာ ကျင်းပနေတဲ့ တပ်မတော်ထောက်ခံပွဲကို ဒုတိယအကြိမ်သွားရောက်ပို့ဆောင်စဉ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က မသင်္ကာလို့ အထူးစုံစမ်းရေးတပ်ဖွဲ့ စုံစမ်းရာ တပ်မတော်ထောက်ခံပွဲ သွားရောက်တာဖြစ်ကြောင်း သိရတာကြောင့် မိုင်းဆွဲတိုက်ခိုက်ခဲ့တာဖြစ်ပြီး ၄ ဦး ထိခိုက်ဒဏ်ရာရှိခဲ့တယ်လို့ ဆိုပါတယ်။
ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်အာဏာသိမ်းမှု ၁ နှစ်ပြည့် နိုင်ငံတဝန်း အသံတိတ်သပိတ်ပါဝင်ဆင်နွှဲနေစဉ်အတွင်း နေအိမ်ပြင်ပမထွက်ကြဖို့ သပိတ်ကော်မတီအဖွဲ့ဝင်တွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက အသိပေး ထုတ်ပြန်ထားပါတယ်။
ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ အောက်တိုဘာ ၂၅ ရက် မနက်ပိုင်းက လူဦးရေ တစ်ထောင်ကျော်နဲ့ တပ်မတော် ထောက်ခံပွဲပြုလုပ်ခဲ့ပါတယ်။
တပ်မတော် ထောက်ခံပွဲကို လူဦးရေ တစ်ထောင်ကျော်နဲ့ တပ်အနီးမှာရှိတဲ့ လမ်းမပေါ်မှာ ဆန္ဒထုတ်ဖော်ခဲ့ကြတာပါ။
"ကျမတို့ ရှေ့က နေဖြတ်သွားတော့ ၉ နာရီမထိုးခင်လေးကပဲ လမ်းမကြီးအတိုင်း တည့်တည့်သွားပြီး ပြန်လှည့်သွားတော့ ၉ နာရီကျော်လေးပဲ။ လူဦးရေကတော့ တစ်ထောင်ကျော်မယ် ထင်တယ်" လို့ဒေသခံတစ်ဦးကပြောပါတယ်။
“တပ်မတော် ထောက်ခံပွဲမှာ NUG နဲ့ CRPH အလိုမရှိ၊ တပ်မတော်ဖြိုခွဲသူ ဒို့ရန်သူ၊ နိုင်ငံတော်ကို ထိန်းသိမ်းစောင့်ရှောက်နေသော မြန်မာ့တပ်မတော်ကိုကြိုဆိုထေါက်ခံပါသည်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအားကြိုဆိုထောက်ခံပါသည်” စတဲ့ စာသားပါ ဆိုင်းဘုတ်တွေ ကိုင်ဆောင်ပြီး ကြွေးကြော်ဆန္ဒထုတ်ဖော်ခဲ့ကြတာပါ။
ထောက်ခံပွဲကို ဌာနဆိုင်ရာတွေ၊ YMBA အဖွဲ့၊ စစ်မှုထမ်းဟောင်းများအဖွဲ့တွေနဲ့ မြို့ပေါ်ကမဟုတ်တဲ့ နယ်က လူတွေ ပါတယ်လို့ သိရပါတယ်။