close

တပ်မတော်သား

close

July 14, 2021

တပ်မတော်သားများနှင့် ပြည်သူ့ရဲများကို ပြောပါရစေ (ပေးစာ)

ညီညွတ်ကြပါ ဒီအချိန်မှာ

ဖေဖော်ဝါရီ ၁ ရက်နေ့မှာတော့ မင်းအောင်လှိုင်နဲ့ အဖွဲ့ဟာ အများပြည်သူအများစု ရွေးချယ်တင်မြှောက်တဲ့ ရွေးကောက်ခံ NLD ပါတီခေါင်းဆောင်တွေကို တရားမဝင်ဖမ်းဆီး ထိန်းသိမ်းပြီး ဒို့အချုပ်အခြာကို အာဏာရူးတစုက ကျနော်တို့ ပြည်သူတွေရဲ့ လက်ထဲကနေ လုယူဖို့ ကြိုးစားနေကြတယ်လေ။

မင်းအောင်လှိုင်နဲ့ စစ်ကောင်စီဟာ သူတို့ကိုယ်ကျိုးအတွက် နိုင်ငံအာဏာကို ချုပ်ကိုင်ချယ်လှယ်ဖို့ ကျနော်တို့ ခင်ဗျားတို့တွေရဲ့ ဘဝတွေကို စတေးဖို့ လုပ်နေပါပြီ။

ဒီတော့ မင်းအောင်လှိုင် အရူးလုပ်တာကို မခံကြပါနဲ့၊ သူတို့ရဲ့ အကုသိုလ်ကို မျှမယူချင်ပါနဲ့ ၊ မင်းအောင်လှိုင်ဟာ သတင်းမီဒီယာတွေမှာ ဘုရားတွေသွားပြ၊ ဘုန်းကြီးတွေကို ရှိခိုးပြနေပေမဲ့ တကယ်တန်းမှာ ကိုယ့်ပြည်သူကို ပြန်သတ်ဖို့ ခင်ဗျားတို့ကို အမိန့်ပေးနေတဲ့ လူသတ်ကောင်ပါ။ မင်းအောင်လှိုင်နဲ့ လူသတ်စစ်ကောင်စီဟာ ဘယ်လို ရက်စက်မှုကိုမဆို လုပ်ဖို့ အသင့်ဖြစ်နေပါတယ်။

တပ်မတော်သားများနှင့် ပြည်သူ့ရဲများခင်ဗျာ

ဘုရားရှင်တော် ဟောထားတဲ့ ကံနဲ့ ကံ၏ အကျိုးဆိုတာ ခင်ဗျားတို့ ကောင်စွာ သဘောပေါက်ကြတဲ့ အတိုင်း ကိုယ်ပြုတဲ့ကံ ကိုယ့်ထံ ပြန်ရောက်စမြဲမို့ လုပ်သင့် လုပ်ထိုက်တာကို မဆိုင်းမတွ လုပ်ကြပါတော့။ 

ခင်ဗျားတို့တွေ ရွှေတိဂုံဘုရားကို ဦးချမိတဲ့အခိုက်၊ နိုင်ငံတော်အလံကို ဦးညွှတ်အလေးပြုခိုက် ဒီလို အခိုက်အတန့်လေးမှာ နိုင်ငံတော်သီချင်းကို ခံစားသတိရကြည့်ပါဗျာ။ 

“ဒါ ဒို့မြေ ဒါဒို့ပြည် ဒို့ပိုင်တဲ့မြေ၊ ပြည်ထောင်စုကို အသက်ပေးလို့ ဒို့ကာကွယ်မလေ”လို့ ဆိုခဲ့ကြတယ်။ ခုလက်ရှိအချိန်မှာတော့ မင်းအောင်လှိုင်နဲ့ စစ်ကောင်စီဟာ ကျနော်တို့ရဲ့ ဒီမိုကရေစီနဲ့ လူ့အခွင့်ရေးတွေကို ဖယ်ရှားဖျက်ဆီးဖို့ လုပ်နေပါပြီ။ 

၅၄ သန်းသော ပြည်သူလူထုဟာ စစ်ကောင်စီကို  အသွေးထဲ အသားထဲကနေ ရွံရွာ စက်ဆုပ် မုန်းတီးနေကြပြီ၊ ပြည်သူလူထုမှာလည်း ကိုဗစ်-၁၉ ကပ်ရောဂါအတွက် ဆေးဝါး မလုံလောက်တဲ့ ကြားက စစ်ကောင်စီရဲ့ နှိပ်စက်မှုကြောင့် အသက်ရှင်ရက် ဘဝတွေ သေဆုံးသလို ခံစားနေကြရတယ်။

ပြည်သူလူထုဟာ ကိုယ့်မြေ ကိုယ့်ရေမှာနေရင်း နေ့စဉ် အကျဉ်းသားဖြစ်နေကြရပါတယ်။ စစ်ကောင်စီဟာ တိုင်းပြည်ကို လူမှုရေး၊ စီးပွားရေး ဘက်ပေါင်းစုံမှာ အနိမ့်ကျဆုံး အခြေအနေကို တွန်းပို့နေလို့ ပြည်သူလူထုဟာ ဒုက္ခပင်လယ်ဝေနေရပြီ။

ဒီပြည်သူလူထုကို ကယ်တင်ဖို့ ရောက်ရာနေရာကနေ၊ ရရာလက်နက် ကိုင်စွဲပြီး တိုက်ပွဲစကြပါတော့။ ဗိုလ်ချုပ်အောင်ဆန်း မှာခဲ့တာ ပြန်သတိရပါ။ တပ်မတော်ဟာ ပြည်သူကို လက်နက်အားကိုးနဲ့ အနိုင်ကျင့်ဖို့ မောက်မာဖို့ ဖွဲ့ထားတာမဟုတ်ဘူး။ ဒီလက်နက်နဲ့ ပြည်သူကို ကာကွယ်ဖို့ ဆိုတာ မမေ့နဲ့။ ဒီနေ့ အချိန်ဟာ ပြည်သူလူထုကို လူသတ် မိစ္ဆာအာဏာရှင် လက်အောက်ကနေ ကယ်တင်ရမယ့် အချိန်ပဲ။ 

“တွေဝေမနေနဲ့”

ပြည်သူလူထုနဲ့ တသားတည်းရပ်တည်ပါ။ တရားမဝင်တဲ့ ဖော်ဖော်ဝါရီ ၁ ရက်နေ့ အာာဏာသိမ်းမှုကို လုံးဝဆန့်ကျင်ပါ။ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတကြီး ဦးဝင်းမြင့်နဲ့ အဖမ်းဆီးခံ နိုင်ငံရေးအကျဉ်းသားတွေ အမြန်ဆုံးလွတ်မြောက်ဖို့ ကူညီပါ။

နိုင်ငံမှာ ဒီမိုကရေစီ ပြည်လည်တည်ဆောက်ရေးအတွက် ပူးပေါင်းပါဝင်ပါ။ ဒီလွတ်မြောက်မှုကြီးဟာ အနာဂတ်မျိုးဆက်သစ်တွေ အားလုံးအတွက် လွတ်လပ်ပြီး တရားမျှတတဲ့ လူ့အသိုက်အဝန်းကောင်းကြီးကို ဖန်တီးပေးဆပ်နိုင်မှာ အသေအချာပါ။ တပ်မတော်သားများနဲ့ ပြည်သူ့ရဲများကို အနူးအညွတ် တောင်းပန်ပါတယ်။

ပြည်သူ့အာဏာကို မိစ္ဆာအာဏာရှင် လက်အောက်ကနေ ပြန်လည်ရယူပြီး ပြည်သူ့လက်ထဲ ပြန်ထဲ့ပေးတဲ့ တပ်မတော်သားများဟာ တိုင်းပြည်ရဲ့ ကယ်တင်ရှင်တွေပါ။ ဒို့မြေ ဒို့ပြည် ဒို့ အချုပ်အခြာဟာ ဒို့ပြည်သူတွေ လက်ထဲမှာပဲ ရှိသင့်ပါတယ်။

မတွေဝေနဲ့တော့…..

ကျော်သီဟ

1 month Ago

June 1, 2021

စစ်ဗိုလ်ချုပ်တစ်စု၏ လက်ကိုင်တုတ်အဖြစ်မှရုန်းထွက်၍ ပြည်သူနှင့်ပူးပေါင်းရန် တပ်မတော်သားများကို NUG ဖိတ်ခေါ်

တပ်မတော်ကို အလွဲသုံးစားပြုလုပ်နေတဲ့ လက်တစ်ဆုပ်စာ စစ်ဗိုလ်ချုပ် တစ်စုရဲ့ လက်ကိုင်တုတ် ခါးပိုက်ဆောင်တပ်အဖြစ်မှ ရုန်းထွက်ပြီး ပြည်သူ့ရင်ခွင့်သို့ အမြန်ဆုံးခိုဝင်ကြဖို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)က တပ်မတော်သားတွေကို တိုက်တွန်းနှိုးဆော်လိုက်ပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ကာကွယ်ရေးဝန်ကြီးဌာနက တပ်မတော်သားတွေနဲ့ သက်ဆိုင်တဲ့  မူဝါဒသဘောထားကြေညာချက်ကို ဒီကနေ့ ဇွန်လ  ၁ ရက်မှာ  ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။

ပြည်သူလူထုကို အကြမ်းဖက် ညှဉ်းပန်းသတ်ဖြတ်နေတဲ့ အာဏာသိမ်းစစ်ကောင်စီရဲ့ လူမဆန်တဲ့ လုပ်ရပ်တွေဟာ စက်ဆုပ်ဖွယ်ဖြစ်ရုံမက ပြည်သူလူထုရဲ့ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်စောင့်ရှောက်မယ်လို့ သစ္စာဓိဋ္ဌာန်ပြုထားတဲ့ တပ်မတော်သားတွေရဲ့ ဂုဏ်သိက္ခာကို ညှိုးနွမ်းစေပြီး သစ္စာစူးမယ့် လုပ်ရပ်လို့ နားလည်သဘောပေါက်ကြတဲ့ အရာရှိ၊ အရာခံ အကြပ် စစ်သည်တွေဟာ ပြည်သူလူထုနဲ့ ဓမ္မဘက်မှ ရပ်တည်တိုက်ပွဲဝင်ဖို့ ပြင်ဆင်နေကြပြီလို့  ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ဖေဖော်ဝါရီလ ၁ ရက် အာဏာသိမ်းပြီးနောက် စစ်ကောင်စီရဲ့ လူစိတ်ကင်းမဲ့တဲ့ လုပ်ဆောင်ချက်တွေကြောင့် သူတို့ရဲ့ လက်အောက်ခံ လက်နက်ကိုင်အဖွဲ့အစည်းတွေဟာလည်း ပြည်သူ့က အော့နှလုံးနာတဲ့ အကြမ်းဖက်အုပ်စုများအဆင့်သို့ လျော့ကျခဲ့ရပြီဖြစ်တယ်လို့လည်း NUG က ဆိုပါတယ်။ 

အကြမ်းဖက်စစ်ကောင်စီရဲ့ ရက်စက်ကြမ်းကြုတ်တဲ့ လုပ်ရပ်တွေမှာ အလိုတူ အလိုပါ အဖြစ်မခံနိုင်တဲ့အတွက် စွန့်စားထွက်ခွာလာကြတဲ့ တပ်မတော်သားအားလုံးကို NUG အစိုးရက ပြည်သူ့ဘက်တော်သား သူရဲကောင်းစစ်သည်တွေ အဖြစ် မှတ်ယူကာ နွေးနွေးစွာ လက်ကမ်းကြိုဆို တဲ့အပြင် အကြမ်းဖက်စစ်ကောင်စီနဲ့ လမ်းခွဲပြီး ပြည်သူလူထုနဲ့ ဓမ္မဘက်က ရဲရဲရပ်တည်ရှေ့ဆက်မယ့် တပ်မတော်သားတွေနဲ့ သူတို့ရဲ့ မိသားစုတွေကို နွေးထွေးလုံခြုံမှုနဲ့ ဘဝ အာမခံချက်ပေးနိုင်ဖို့ စီစဉ်ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီရဲ့ နိုင်ငံရေးနဲ့ စီးပွားရေးအာဏာ လောဘဇောကြောင့် အဖက်ဖက်က ယိုယွင်းကျဆင်းပျက်စီးလာနေတဲ့ တပ်မတော်ရဲ့ ဂုဏ်သိက္ခာကို အမြန်ဆုံးကယ်ဆယ် စောင့်ရှောက်နိုင်သူတွေဟာ တပ်မတော်သားများ ကိုယ်တိုင်သာဖြစ်ပြီး တပ်မတော်သားတွေအနေနဲ့ အရေးတော်ပုံကြီးမှာ ပြည်သူလူထုနဲ့ အတူရပ်တည် ပါဝင်ဖို့လည်း ဖိတ်ခေါ်ထားပါတယ်။

ပြည်သူလူထုအပေါ် ကျူးလွန်ခဲ့တဲ့ပြစ်မှုတွေနဲ့ စစ်ရာဇဝတ်မှုတွေအတွက် တပ်မတော် တာဝန်ရှိသူ အဆင့်ဆင့်ကတော့ သူတို့ရဲ့ လုပ်ရပ်တွေအတွက် အပြည့်အဝ တာဝန်ယူ တာဝန်ခံကာ ထိုက်တန်တဲ့ အရေးယူမှုတွေ မလွဲမသွေခံရမှာဖြစ်တယ်လို့ NUG ကာကွယ်ရေး ဝန်ကြီးဌာနက အသိပေးကြေညာထားပါတယ်။ 

NUG ကာကွယ်ရေး ဝန်ကြီးဌာနရဲ့ လမ်းညွှန်မှုနဲ့ နိုင်ငံတဝန်းမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ ဒေသအသီးသီးမှာ ဖွဲ့စည်းထားပြီး တချို့ပြည်နယ်နဲ့ တိုင်းတွေမှာတော့ တိုက်ပွဲတွေ စတင်ဖြစ်ပွားနေပါတယ်။

PHOTO- CINCDS

3 months Ago
Up