close

တပ်မဟာ ၆

close

April 20, 2022

နိုင်ငံသားစိစစ်ရေးကတ် လုပ်ငန်းအတွက် ကူညီပေးမည့်အစီအစဉ် ကေအန်ယူ ပြန်ရုပ်သိမ်း

ကရင်အမျိုးသားအစည်းအရုံး(ကေအန်ယူ) တပ်မဟာ ၆ နယ်မြေ၊ ဒူးပလာယာခရိုင်အတွင်းမှာ ပန်းခင်းစီမံချက်နဲ့ နိုင်ငံသားစိစစ်ရေးကတ်ပြားနဲ့ အိမ်ထောင်စုလူဦးရေစာရင်းတွေ လုပ်ဆောင်ရာမှာ ကူညီပေးဖို့တိုက်တွန်းထားတာကို  ပြန်လည်ရုပ်သိမ်းကြောင်း ကေအန်ယူက  ဧပြီ ၂၀ ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။

စစ်ကောင်စီရဲ့တပ်တွေဟာ ဒူးပလာယာခရိုင်အတွင်း အင်အားတိုးချဲ့လှုပ်ရှားလာတဲ့အတွက် တိုက်ပွဲတွေဖြစ်တဲ့အပြင် ဒေသတွင်းမတည်ငြိမ်မှုတွေကြောင့် ဒေသခံပြည်သူတွေဟာ အလွန်စိုးရိမ်နေရသလို ပြည်သူလူထုရဲ့ အသက်အိုးအိမ်ပစ္စည်းတွေ ထိခိုက်ပျက်စီးတဲ့အတွက် လုံခြုံရေးစိုးရိမ်ရတဲ့အခြေအနေကြောင့် လုပ်ငန်းအကောင်အထည်ဖော်ဖို့  ဖြစ်နိုင်ခြေမရှိလို့ အခုလိုရုပ်သိမ်းလိုက်တာလို့ ကေအန်ယူ တပ်မဟာ ၆  တပ်မဟာမှူး ဗိုလ်မှူးချုပ် စောဆာမိစေးဖိုးလက်မှတ်ရေးထိုးထုတ်ပြန်တဲ့ စာမှာ ဖော်ပြပါတယ်။ 

မတ် ၁၃ ရက်က စစ်ကောင်စီရဲ့ လက်အောက်ခံ ကြာအင်းဆိပ်ကြီးမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနနဲ့ သက်ဆိုင်ရာ ရှေ့တန်းရုံးတွေက ပေးပို့ခဲ့တဲ့စာအပေါ်  ဒေသတွင်းပြည်သူလူထုတွေရဲ့ အသက်အိုးအိမ်စည်းစိမ်လုံခြုံမှုနဲ့ စားဝတ်နေရေးအတွက် လုံခြုံစိတ်ချစွာ နေထိုင်လုပ်ကိုင်စားသောက်နိုင်ဖို့အတွက်  ကူညီပေးခဲ့တာလို့ ကေအန်ယူက ဆိုပါတယ်။

တံခွန်တိုင်ကျေးရွာသားတစ်ဦးက”အခုက နိုင်ငံရေးကမတည်ငြိမ်၊ တိုက်ပွဲတွေကဖြစ် ကျနော်တို့ ဒေသခံအတွက် နိုင်ငံသားကတ်ကော၊ အိမ်ထောင်စုလူဦးရေးစာရင်းမရှိလည်း ဘာမှမဖြစ်ဘူး။ တိုက်ပွဲတွေမရှိဖို့ အရေးကြီးတယ်။ နိုင်ငံရေးတည်ငြိမ်အောင် အရင်လုပ်ဖို့လိုတယ်။ အခု စာရင်းကောက်တာကလည်း မဲအတွက်ပဲဖြစ်မယ်”လို့ ဆိုပါတယ်။

ကရင်ပြည်နယ်အတွင်းက မြို့နယ်၊ ရပ်ကွက်နဲ့ ကျေးရွာတွေမှာ  နိုင်ငံသားစိစစ်ရေးကတ်ပြားနဲ့ အိမ်ထောင်စုလူဦးရေစာရင်းတွေကို လိုက်လံကောက်ယူတာတွေကို စစ်ကောင်စီရဲ့  လက်အောက်ခံ လူဝင်မှုကြီးကြပ်ရေးဝန်ထမ်းတွေနဲ့  အုပ်ချုပ်ရေးမှူးတွေက ဖိအားပေးလုပ်ဆောင်နေတာတွေ ရှိပါတယ်။

အခုလို နိုင်ငံသားစိစစ်ရေးကတ်နဲ့ အိမ်ထောင်စုလူဦးရေစာရင်းတွေကို လံလိုက်ကောက်ယူနေတာဟာ စစ်ကောင်စီကပြုလုပ်မယ့် ရွေးကောက်ပွဲမှာ စစ်တပ်ထောက်ခံတဲ့ပါတီ အနိုင်ရရှိရေးအတွက် ကြိုတင်ပြင်ဆင်လုပ်ဆောင်နေတာလို့  ဘားအံမြို့၊ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေက ဝေဖန်သုံးသပ်နေကြပါတယ်။

စစ်ကောင်စီက ပန်းခင်းစီမံချက်နဲ့ နိုင်ငံသားစိစစ်ရေးကတ်တွေ ဆောင်ရွက်ပေးနေတာဖြစ်လို့ ဧပြီလကစတင်ပြီး ခရီးသွားလာရာမှာက နိုင်ငံသားစိစစ်ရေးကတ်  မပြုလုပ်ထားသူတွေကို စစ်ဆေးတွေ့ရှိပါက အရေးယူခံရမယ်လို့  အသိပေးထုတ်ပြန်ထားပါတယ်။

4 mins Ago

January 30, 2022

ကေအန်ယူ တပ်မဟာ ၆ ခရိုင်ဥက္ကဋ္ဌ ပဒိုစောရွှေမောင်း တာဝန်မှနုတ်ထွက်

ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) တပ်မဟာ ၆၊ ကော့ကရိတ် (ဒူးပလာယာ) ခရိုင်မှာ ဇန်နဝါရီ ၂၇ ရက်က ပြုလုပ်တဲ့ ခရိုင်အရေးပေါ်အစည်းအဝေးအတွင်း ခရိုင်ဥက္ကဋ္ဌ ပဒိုစောရွှေမောင်းဟာ တာဝန်ကနေ နုတ်ထွက် ခွင့်တောင်းခံခဲ့တယ်လို့ ဗဟိုကော်မတီတာဝန်ရှိသူဆီက သိရပါတယ်။

တပ်မဟာ ၆ ခရိုင်ဥက္ကဋ္ဌ တာဝန်ကို ဗဟိုကွန်ဂရက်ကနေအတည်ပြုခဲ့ပြီး တာဝန်ထမ်းဆောင်နေရာ က ခရိုင်အရေးပေါ်အစည်းအဝေးမှာ တရားဝင်တင်ပြခဲ့တဲ့အတွက် ဗဟိုကွန်ဂရက် မကျင်းပ ချိန်အထိ နုတ်ထွက်အနားယူခွင့် ခွင့်ပြုထားတယ်လို့ ဆိုပါတယ်။

ကေအန်ယူဗဟိုကော်မတီဝင် (ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ) ပဒိုသမိန်ထောက “အစည်းအဝေး ကနေပဲ သူကို နုတ်ထွက်ခွင့်ပေးလိုက်တယ်။ ဒီအပေါ်မှာတော့ ကျနော်ဘာမှ မှတ်ချက် မပေးချင်ပါဘူး။ သူထွက်သွားတာလည်း တမျိုးတော့ အေးတာပေါ့။ သူစိတ်ဆန္ဒမပါဘဲ ခရိုင်ဥက္ကဋ္ဌ တက်လုပ်နေရတာ မဖြစ်ဘူးလေ။ မနှောင့်ယှက်ဖို့ပဲ လိုတယ်” လို့ ပြောပါတယ်။

လက်ရှိမှာ ခရိုင်အရေးပေါ် အစည်းအဝေးပြုလုပ်နေဆဲဖြစ်ပြီး ခရိုင်ဥက္ကဋ္ဌတာဝန်ကို ခရိုင်ဒုဥက္ကဋ္ဌ ဖြစ်သူ တပ်မဟာ ၆ တပ်မဟာမှူးက ဆက်လက်တာဝန်ယူသွားမှာဖြစ်ပြီး ကေအန်ယူဖွဲ့စည်းပုံအရ ဗဟိုနဲ့ ခရိုင်အဆင့် ရွေးချယ်ခံရတဲ့ ခေါင်းဆောင်တွေဟာ ၄ နှစ်သက်တမ်း တာဝန်ထမ်းဆောင်ရမှာ ဖြစ်ပါတယ်

တပ်မဟာ ၆ နယ်မြေအတွင်း စစ်အာဏာရှင်ကို ဆန့်ကျင်တဲ့ NUG၊ PDF၊ CDM တွေကို စစ်ကောင်စီရဲ့ တပ်တွေ နယ်‌မြေကျော်ဝင်ရောက်ပြီး  ရှာဖွေဖမ်းဆီမှုတွေ ပြုလုပ်နေတဲ့အတွက် KNLA ပူးပေါင်းတပ်ဖွဲ့တွေနဲ့ နှစ်ဖက်တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့အပေါ် ခရိုင်ဥက္ကဋ္ဌဖြစ်သူ ပဒိုစောရွှေမောင်းနဲ့ ခရိုင်အဆင့်တာဝန်ရှိသူတွေအကြား သဘောထားကွဲလွဲတာတွေရှိတယ်လို့ ကေအန်ယူတာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

ခရိုင်ဥက္ကဋ္ဌတာဝန်ယူထားတဲ့ ပဒိုစောရွှေမောင်းဟာ ကရင်ပြည်နယ်ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည်ရေး ကော်မတီမှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း ၄ ဖွဲ့မှာ ကိုယ်စားလှယ်တစ်ဦးအနေနဲ့ပါဝင်ပြီး တာဝန်ထမ်းဆောင်နေသူဖြစ်ပါတယ်။

ကေအန်ယူ တပ်မဟာ ၆ ထိန်းချုပ်နယ်မြေအတွင်းကို စစ်ကောင်စီရဲ့တပ်တွေဟာ နယ်မြေကျော်ဝင်ရောက်လာပြီး စစ်ရေးလှုပ်ရှားတာ၊ အင်အားတိုးချဲ့တာ၊ လက်နက်ခဲယမ်း ဖြည့်တင်းတာ၊ စခန်းတိုးချဲ့တည်ဆောက်တာ၊ ဒေသခံပြည်သူတွေကို ဖမ်းဆီးပြီး အတင်းအဓမ္မ ခိုင်းစေတာ၊ လူသားဒိုင်းအဖြစ် အသုံးပြုတာတွေအပြင် လူ့အခွင့်အရေးချိုးဖောက်တာတွေကြောင့် နေ့စဉ်တိုက်ပွဲတွေဖြစ်ပွားနေတာဖြစ်ပြီး တိုက်ပွဲတွေဟာ ပိုမိုပြင်းထန်နေတာပါ။

အခုလို နှစ်ဖက်တိုက်ပွဲတွေကြောင့် သောင်းနဲ့ချီတဲ့ ဒေသခံတွေဟာ နေအိမ်တွေ၊ လုပ်ငန်းခွင်တွေကို စွန့်ခွာပြီး နီးစပ်ရာဆွေမျိုးတွေဆီနဲ့ တောတောင်တွေထဲ ထွက်ပြေးခဲ့ရတဲ့အတွက် နေထိုင်စား သောက်ရေး အခက်အခဲတွေနဲ့ ရင်ဆိုင်နေရသလို ရေရှည်မှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေမယ်ဆိုရင်  နေထိုင်စားသောက်ရေးအတွက် အခက်အခဲတွေ ပိုမိုရင်ဆိုင်ရနိုင်တယ်လို့ စစ်ပြေးရှောင်တွေက ဆိုပါတယ်။

3 months Ago
Up