close

တပ်မ ၄၄

close

May 7, 2023

ကျိုက်ထို တပ်မ ၄၄ နှင့် ဘီးလင်း ဝင်းကံရဲစခန်း တိုက်ခိုက်ခံရ

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်မှာ  မေ ၆ ရက် မနက် ၁၁ နာရီလောက်က  ကျိုက်ထို တပ်မ ၄၄ ကို ရှော့တိုက်ဒုံး ၃ လုံးနဲ့ ပစ်ခတ်ခံရပြီး တယောက်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပစ်ခတ်မှုကြောင့် တမခ ၄၄ ရုံးရှေ့ လူသွားလမ်းနေရာမှာ ၁ လုံး၊ ခမရ ၂ တပ်အနီး တောစပ်နေရာမှာ နှစ်လုံး ကျရောက်ပေါက်ကွဲခဲ့ပြီး တမခ ၄၄ ရုံးမှာ ဆေးသုပ်နေတဲ့ အသက် ၁၉ နှစ်အရွယ် မောင်နေထက်အောင်ဟာ ညာဘက်ပေါင် အစထိမှန် ဒဏ်ရာရရှိခဲ့တယ်လို့ စစ်တပ်နဲ့နီးစပ်တဲ့သူတွေက ပြောပါတယ်။

တပ်စခန်းတိုက်ခိုက်ခံရအပြီးမှာ ကျိုက်ထို PDF ပူပေါင်းအဖွဲ့တွေရှိရာနေရာကို ကျိုက်ထိုတပ်နယ်မှ လက်နက်ကြီးတွေနဲ့ ပြန်လည်ပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။

KRF ပူးပေါင်းအဖွဲ့ တာဝန်ရှိသူက “စစ်ရေးပစ်မှတ်ကိုတော့ ကျရောက်ပေါက်ကွဲတာရှိတယ်။ ထိခိုက်တာတွေလည်းရှိတယ်။ မြေပြင်အခြေအနေအရ အတိကျတော့ မသိရသေးဘူး”လို့ ပြောပါတယ်။

တပ်စခန်းတွေ တိုက်ခိုက်ခံရလို့ စစ်ကောင်စီဘက်ကလည်း လက်နက်ကြီးတွေနဲ့ ပြန်လည်ပစ်ခတ်တာတွေ လုပ်ခဲ့တာပါ။

ဘီးလင်းမြို့နယ်၊ ဝင်းကံရဲစခန်းကိုလည်း မွန်းလွဲ ၂ နာရီ ၄၆ မိနစ်မှ ၃ နာရီ ၁၂ မိနစ်အထိ ၂၆ မိနစ်ကြာ ဝင်ရောက်တိုက်ခိုက်ရာ ရဲတပ်ဖွဲ့ဝင်၂ ဦး သေဆုံးခဲ့ကြောင်း၊ တချိန်တည်းမှာဘဲ ဘီးလင်းမြို့နယ်၊ တောင်စွန်းရဲစခန်းအား စုစုပေါင်း ဒရုန်းဗုံးသီး ၄ လုံးနဲ့ ပစ်ချတိုက်ခိုက်ပြီး အထိအခိုက်တော့ မသိရသေးဘူးလို့ ကျိုက်ထို တော်လှန်ရေးတပ်ပေါင်းစုဘက်ကနေ သတင်းထုတ်ပြန်ထားပါတယ်။

စစ်ဆင်ရေးတိုင်းမှာ ပြည်သူ့ကာကွယ်ရေးပူးပေါင်းအဖွဲ့က အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ရက်က KRF ကျိုက်ထို တော်လှန်ရေးတပ်ပေါင်းစုဘက်က စစ်ကောင်စီတပ်စခန်းနဲ့ အနီးနားမှာမနေကြဖို့ စစ်ရေးအရှိန်ကို ဆက်လက်မြင့်တင်တိုက်ခိုက်သွားမယ်လို့ သတိပေးထားပါတယ်။

အဆိုပါတိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာမရှိသေးသလို ထိခိုက် သေဆုံးဒဏ်ရာရသူ အရေအတွက်နဲ့ ပတ်သက်ပြီးလည်း သီးခြားအတည်ပြုနိုင်ခြင်းမရှိပါဘူး။

8 mins Ago

July 17, 2021

ကနီမြို့နယ်တွင် ခလရ ၂ မှ စစ်သား ၁ ဦးကို ရွှေငွေပစ္စည်းနှင့်အတူဖမ်းမိ

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်မှာ ရှေ့တန်းထွက်နေတဲ့  စစ်ကောင်စီရဲ့ ခြေမြန်တပ်မ ၄၄ လက်အောက်ခံ ၊  ခလရ ၂ ကနေ ထွက်ပြေးလာတဲ့ တပ်သား တစ်ဦးကို ရွှေထည်ပစ္စည်းတွေ၊ ငွေကြေးတွေနဲ့အတူ ဇူလိုင် ၁၆ ရက်ညနေပိုင်းက ဖမ်းဆီးရမိခဲ့ပါတယ်။ 

အဲဒီတပ်သားဟာ  မင်းကင်းမြို့နယ် မောက်ကတော်ကျေးရွာကနေ ထွက်ပြေးလာတယ်လို့ ကနီမြို့နယ် ပြည်သူကာကွယ်ရေးတပ်ဖွဲ့ခေါင်းဆောင်က ပြောပါတယ်။

“ဒေသခံပြည်သူတွေရဲ့ သတင်းပေးချက်အရ စစ်သားတယောက် ထွက်ပြေးလာတာကို ဖမ်းမိခဲ့တယ်။ သူ့ကို ကျနော်တို့ဖမ်းပြီး စစ်ဆေးမှုကို စလုပ်တဲ့အချိန်မှာ တပ်မ ၄၄ တပ်က တပ်သားတယောက်လို့ သိရတယ်။ သူနဲ့အတူ ရွှေတိုရွေစတွေနဲ့ ငွေသား ကျပ်  ၇ သိန်း ဖိုးလောက်ပါတယ်ဗျ။ လက်ကောက် ၁၂ ကွင်း၊ ဆွဲကြိုး ၂ ကုန်း၊ လော့ကပ်သီး ၁ ခုနဲ့ ကျနော်တို့ စစ်ဆေးတွေ့ရှိရပါတယ်။”

အခုထွက်ပြေးလာတဲ့ တပ်သားဟာ ပြီးခဲတဲ့ရက်ပိုင်းက ကနီမြို့နယ် ယင်းကျေးရွာမှာ အပြစ်မဲ့ပြည်သူ ၁၆ ဦးကို ဖမ်းဆီးသတ်ဖြတ်ပြီး လက်ဝတ်ရတနာယူဆောင်သွားတဲ့ စစ်ကောင်စီတပ်သားတွေထဲက ဖြစ်တယ်လို့ ယင်းကျေးရွာဒေသခံတွေ  ဒီဗွီဘီကို ပြောပါတယ်။ 

ဖမ်းဆီးခံရတဲ့ အဆိုပါစစ်သားကတော့ ရွာသားတွေကို သတ်ဖြတ်ရာမှာ ကိုယ်တိုင်ပါဝင်ခြင်းမရှိဘူးလို့ ပြောပါတယ်။ 

“ကျနော် တပ်မတော်ထဲ ဝင်ခဲ့တာ  သင်တန်းအမှတ်စဉ် ၁/၂၀၁၉မှာ သင်တန်းတက်ခဲ့ပါတယ်။ အခု ကျနော့် မိခင် တပ်ရင်းက တပ်မ ၄၄ ၊ ခလရ ၂ ကပါ။  ကျနော်တို့ တပ်မ ၄၄ တပ်ရင်းတခုလုံးဟာ ကနီမြို့နယ်နဲ့ မင်းကင်းမြို့နယ်နှစ်ခုကို စစ်ကြောင်းနှစ်ခုခွဲ ထားတယ်ဗျ။ အပြစ်မဲ့ ပြည်သူတွေကို ဖမ်းဆီးပြီး မေးမြန်းကာ  ဥပဒေမဲ့ရိုက်နှက်တာတွေ၊ သတ်ဖြတ်တာတွေ လုပ်ခဲ့တာတွေ ရှိခဲ့တယ်ဗျ။ ဇူလိုင်  ၉ ရက်နေ့က ကနီမြို့နယ် ယင်းကျေးရွာမှာ အပြစ်မဲ့ပြည်သူ ၁၇ ဦးကို ဥပဒေမဲ့ သတ်ဖြတ်ခဲ့ပါတယ်။ ကျနော်ကတော့ ရှေ့ပွိုင့်မှာ တာဝန်ကျနေလို့ အဲဒီ ၁၇ ဦးသတ်တဲ့နေရာမှာ မပါဝင်ခဲ့ဘူးဗျ။‌ ပစ်သတ်နေတဲ့ သေနတ်သံတော့ ကြားရတယ်။” 

၂၀၂၀ စက်တင်ဘာလကတည်းက ရှေ့တန်းထွက်နေရကာ အိမ်ကိုမပြန်ရသေးတဲ့အကြောင်းနဲ့ မိသားစုနဲ့အတူ အေးအေးချမ်းချမ်း လုပ်ကိုင်စားချင်လို့ တပ်ကနေ ထွက်ပြေးလာတာလို့လည်း အဆိုပါ တပ်သားက ပြောပါတယ်။ 

“အဓိက ပြည်သူကို သတ်ခြင်း မသတ်ခြင်းက‌တော့ တပ်ရင်းမှူးအမိန့်ပဲ။ ဒါပေမဲ့ အခုလို နယ်လှည့်တဲ့တပ်ထဲမှာတော့ တယောက်တပေါက်ပဲဗျ။ ကျနော့်အမြင်နဲ့ဆို အပြစ်မဲ့သူတွေကို ရိုက်နှက်တာ သတ်ဖြတ်တာတွေ မလုပ်စေချင်ဘူး။ ဒါတွေ နေ့စဉ်မြင်တွေ့နေရတော့ အခုလို တပ်ထဲကနေ ထွက်ပြေးခဲ့တာလည် းပါတယ်။”

ကနီပြည်သူကာကွယ်ရေးအဖွဲ့အနေနဲ့ လက်ရှိမှာ ဖမ်းဆီးမိထားတဲ့ စစ်ကောင်စီတပ်သားကို လုံခြုံရေးအရ ကောင်းမွန်စွာထိန်းသိမ်းထားပြီး သူရဲ့ဇာတိ ပြန်ချင်တယ် ပြောတာကြောင့် ပြန်ခွင့်ပြုသွားမယ်လို့  ပြည်သူကာကွယ်ရေးတပ်ဖွဲ့ခေါင်းဆောင်က ပြောပါတယ်။

ကနီမြို့နယ်အတွင်းက စစ်အာဏာရှင်ဆန့်ကျင်တဲ့  ကျေးရွာတွေကို စစ်တပ်နဲ့ ရဲ လက်နက်ကိုင်တပ်တွေက  ဝင်ရောက်စီးနင်းပြီး  ရွာသားတွေကို အကြမ်းဖက် ဖမ်းဆီး နှိပ်စက် သတ်ဖြတ်တာတွေ ပြုလုပ်ခဲ့သလို ပြည်သူတွေ ပိုင်ဆိုင်တဲ့ ငွေကြေးနဲ့ ရွှေငွေ ပစ္စည်းတွေကိုလည်း အဓမ္မ လုယက် ခိုးယူခဲ့ကြပါတယ်။

2 years Ago
Up