close

တပ်ရင်း၃ရင်း

close

February 21, 2023

မိုးမိတ်မြို့နယ်၌ စစ်ကောင်စီတပ်ရင်း ၃ ရင်း လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခံရ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မိုးမိတ်မြို့နယ်ထဲက စစ်ကောင်စီတပ်ရင်း ၃ ရင်းကို ဖေဖော်ဝါရီ ၂၀ ရက် မနက် ၇ နာရီလောက်မှာ ၆၀ မမ လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သပိတ်ကျင်း NUG တပ်ရင်းအမှတ် ၁၂၂၂ ကနေ သိရပါတယ်။

မိုးမိတ်မြို့နယ်ထဲက စစ်ကောင်စီတပ်ရင်းတွေဖြစ်တဲ့ ရင်း ၂၂၃၊ ရင်း ၂၇၆ နဲ့ ရင်း ၃၄၈ တို့ကို ၆၀ မမ စိန်ပြောင်းနဲ့ တိုက်ခိုက်ခဲ့တာလို့ သပိတ်ကျင်း NUG တပ်ရင်းအမှတ် ၁၂၂၂ သတင်းနဲ့ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

“လက်နက်ကြီးနဲ့ပဲ ပစ်ခတ်ခဲ့တာပါ။ သူတို့ကို မျှားတဲ့သဘောပေါ့နော်။ သူတို့ စစ်ကြောင်းလာမယ်ဆိုရင် ထိတွေ့မှုဖြစ်မယ့် အနေအထားမျိုးပါပဲ။ စကစဘက်က လက်နက်ကြီးနဲ့ ပြန်ပစ်တာတော့ရှိတယ်။ ဒါပေမဲ့ စစ်ကြောင်းထွက်မလာတာကြောင့် ထိတွေ့မှုမဖြစ်ခဲ့ဘူး။”

လက်နက်ကြီးလေးလုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်ကောင်စီတပ်ရင်း ၂၂၃ နဲ့ ၂၇၆ ကြားမှာ တကြိမ်၊ ဂိတ်စခန်းအနီးမှာ တကြိမ်နဲ့ ဗျူဟာရုံးအနီးမှာ တကြိမ် ထိမှန်ခဲ့တယ်လို့ သိရပါတယ်။

ပစ်ခတ်ခဲ့မှုနဲ့ပတ်သက်ပြီး ထိခိုက်ဒဏ်ရာရရှိမှု အခြေအနေကို မသိရှိရသေးသလို ဒီဗွီဘီအနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။

စစ်ကောင်စီတပ်ဘက်က ညနေ ၃ နာရီအထိ လက်နက်ကြီးနဲ့ ပြန်လည်ပစ်ခတ်ခဲ့ပေမဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။

4 mins Ago
Up