ယူကရိန်းအရေး ရုရှားနဲ့ တင်းမာမှုမြင့်နေချိန်မှာ အမေရိကန်ကာကွယ်ရေးဌာန ပင်တဂွန်က မဟာမိတ် နေတိုးတပ်ဖွဲ့တွေကို ကူညီဖို့ အရှေ့ဥရောပဆီ အမေရိကန်တပ်သား ၃၀၀၀ နီးပါး အခု ရက်ပိုင်း စေလွှတ်မယ်လို့ ကြေညာပါတယ်။
ကာကွယ်ရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူ ဂျွန်ကာဘီက “အမေရိကန်တပ်မျိုးစုံကို ပိုလန်၊ ရိုမေးနီးယား၊ ဂျာမနီနိုင်ငံတွေဆီလွှတ်မှာပါ။ ယူကရိန်းမှာ တိုက်ခိုက်ဖို့မဟုတ်ဘူး၊ ကျွန်တော်တို့ နေတိုးမဟာမိတ်တွေကို ကာကွယ်ဖို့ပါ၊ လိုအပ်ရင် တပ်သား ၈၅၀၀ အထိ ချထားမယ်”လို့ ပြောပါတယ်။
ရုရှားသမ္မတပူတင်ကလည်း ယူကရိန်းအရေးနဲ့ပတ်သက်ပြီး အင်္ဂါနေ့က တရားဝင် ပြောဆိုရာမှာ “ရုရှားဟာ ကျူးကျော်သူမဟုတ်ဘူး၊ သားကောင်ဖြစ်နေတာပါ၊ ရုရှားကို စစ်ပွဲထဲ ဆွဲသွင်းနေတာ အမေရိကန်ပါ” လို့ ပြောခဲ့ပါတယ်။
အမေရိကန်အမျိုးသားလုံခြုံရေးကောင်စီ ဥရောပရေးရာ အငြိမ်းစားဒါရိုက်တာ ဒုတိယဗိုလ်မှူးကြီး အလက်ဇန်ဒါးဗင်ဒ်မန်းကတော့ နေတိုးအင်အားတိုးမြှင့်ဖို့ အမေရိကန်တပ်တွေလွှတ်တာ မှန်ကန်တယ်၊ ရုရှားဟာ ကျူးကျော်မှုမှန်သမျှအတွက် တန်ဖိုးကြီးကြီး ပေးဆပ်ရမယ်ဆိုတာကို အချက်ပြလိုက်တာပဲ” လို့ သုံးသပ်ပါတယ်။
ပြီးခဲ့ရက်သတ္တပတ်တွေအတွင်း ရုရှားနဲ့ အနောက်အုပ်စုကြား ယူကရိန်းပြဿနာအပေါ် သံတမန်ရေးနည်းနဲ့ အဖြေရှာမှု ရလဒ်မထွက်တဲ့နောက် နှစ်ဖက်စလုံး စစ်ရေးချထားမှုတွေ ပိုလုပ်လာတာပါ။