close

တပ်အင်အားတိုးချ

close

February 10, 2022

မောင်တောမြောက်ပိုင်းတွင် စစ်ကောင်စီက တပ်အင်အားတိုးချနေသဖြင့် ဒေသခံများစိုးရိမ်

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မြောက်ပိုင်းမှာ အခုရက်ပိုင်းတွေ စစ်ကောင်စီက တပ်အင်အား တိုးချလာနေတာကြောင့် တိုက်ပွဲတွေ ပြင်းထန်လာမှာကို ဒေသခံတွေ စိုးရိမ်နေကြပါတယ်။

“ဟုတ်ပါတယ်။ မနေ့ကတော့ ရဟတ်ယာဥ်နဲ့ အင်အားတိုးချတာရှိတယ်။ ဘူးသီတောင်မှ စစ်ကားတွေနဲ့အပြည့် မောင်တောမြောက်ပိုင်းကို အင်အားတိုးချနေတာရှိသလို စစ်တွေဘက်ကနေ နေဗီဇက်နဲ့ ပင်လယ်ဖြတ်ပြီး အလယ်သံကျော်ကမ်းခြေကတဆင့် အင်အားဖြည့်တင်းနေတာတွေ ရှိနေတယ်” လို့ မောင်တောဒေသခံတစ်ဦးက ပြောပါတယ်။

စစ်ကောင်စီ တပ်အင်အားတိုးချလာနေတာကြောင့် မောင်တောမြောက်ပိုင်းမှာ နေထိုင်နေကြတဲ့ ဒေသခံတွေ စိုးရိမ်နေကြတာပါ။

ငန်းချောင်းကျေးရွာသားတဦးက "၂၀၁၇ ခုနှစ်က ARSA နဲ့ တိုက်ပွဲတွေကြောင့် ကျနော်တို့ မွတ်ဆလင်ကျေးရွာသူ/သားတွေအများစု ဘင်္ဂလာဒေ့ရှ်နိုင်ငံကို နေရပ်စွန့်ခွာခဲ့ကြရပြီ။ အခုတဖန် အေအေ နဲ့ တိုက်ပွဲတွေ ပြင်းထန်စွာဆက်ဖြစ်လာမယ်ဆိုရင် နောက်တစ်ခေါက်ထွက်​ စစ်ဘေးရှောင်ကြရမှာ” လို့ ပြောပါတယ်။

ဖေဖော်ဝါရီ ၇ ရက် ည ၁၁ နာရီကျော်အချိန်လောက်က ငန်းချောင်းကျေးရွာအနီး စစ်ကောင်စီတပ်သားတွေ လိုက်ပါလာတဲ့ အရပ်သားယာဉ်တစ်စီးကို အေအေ တပ်ဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး နာရီဝက်လောက် တိုက်ပွဲတွေ ပြင်းထန်စွာဖြစ်ပွားခဲ့တာပါ။

"အခုအင်အားတွေတိုးချနေရင်တော့ နှစ်ဖက်တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားလာမှာပဲ။ တိုက်ပွဲတွေ ဖြစ်ရင် လမ်းတွေပိတ်မယ်။ ကုန်စည်စီးဆင်းမူရပ်မယ်။ ဒေသခံတွေဒုက္ခရောက်လာမယ်” လို့ ကြိမ်ချောင်းကျေးရွာသားတဦးက ပြောပါတယ်။

ဇန်နဝါရီ ၂၇ ရက်နေ့က မောင်တောမြောက်ပိုင်းရှိ အေအေ လွတ်မြောက်နယ်မြေအတွင်း သင်တန်းတက်ဖို့ သွားရောက်တဲ့ လူငယ် ၃၁ ဦးအား ကြိမ်ချောင်း ၂၄ စစ်ဆေးရေးဂိတ်မှာ ဖမ်းဆီးပြီးနောက် မောင်တောမြောက်ပိုင်းဒေသတွေမှာ စစ်ကောင်စီနဲ့ အေအေတို့ တိုက်ပွဲဆက်တိုက်ဖြစ်ခဲ့ကာ ငန်းချောင်းကျေးရွာအနီး မိုင်းဆွဲခံရပြီးနောက် ဖေဖော်ဝါရီ ၇ ရက်နေ့က လမ်းတွေ ယာယီပိတ်ထားခဲ့ပါတယ်။

အဆိုပါပိတ်ထားတဲ့လမ်းတွေ ဖေဖော်ဝါရီလ ၉ ရက်မနေ့က စပြီးပြန်လည်သွားလာခွင့်ပြုထားပေမဲ့ အစစ်အဆေး တင်းကျပ်နေတယ်လို့ ကားသမားတွေက ပြောပါတယ်။

“အစစ်အဆေးကတော ပိုပြီးတင်းကျပ်လာတယ်။ ဝန်ထမ်းတွေဆိုရင် ဝန်ထမ်းကတ်တွေ ပြရတယ်။ အရပ်သားတွေဆို မှတ်ပုံတင်ပြတာတောင် ဘယ်က လာတယ်။ ဘယ်ကိုသွားမယ်။ ဘယ်မှာတည်းခိုမယ်ကအစ အသေးစိတ်စစ်ဆေးခံရတယ်။ ဖုန်းနံပါတ်တွေပါ ပေးထားခဲ့ရတယ်။ ကားသမားတွေဆိုယင်လည်း ကားနဲ့လူပါ ဓာတ်ပုံတွေတွဲရိုက်တယ်။” လို့ မောင်တောဒေသခံကားသမားတစ်ဦးက ပြောပါတယ်။

ရခိုင်ပြည်နယ်မှာ ရက္ခိုင့်တပ်တော် (အေအေ) နဲ့ စစ်ကောင်စီတပ်တို့ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာအတွင်း တစ်ကြိမ်၊ ၂၀၂၂ ဖေဖော်ဝါရီ ၄ ရက်မှာ တစ်ကြိမ်၊ ဖေဖော်ဝါရီ ၆ ရက်နဲ့ ဖေဖော်ဝါရီ ၇ ရက်တို့က မောင်တောမြောက်ပိုင်းမှာ တိုက်ပွဲများ ဆက်တိုက်ဖြစ်လာနေတာပါ။

မိုင်းဆွဲတိုက်ခိုက်ခံရမှုကြောင့် စစ်ကောင်စီဘက်က ဗိုလ်မှုတစ်ဦးအပါအဝင် အကျအဆုံးများခဲ့တာကြောင့် မောင်တောမြောက်ပိုင်းကို စစ်အင်အား အလုံးအရင်းနဲ့ အင်အားဖြည့်တင်းနေတာဖြစ်ပြီး နှစ်ဖက် တိုက်ပွဲတွေ ပြင်းထန်စွာဖြစ်ပွားလာမှာကို ဒေသခံတွေ စိုးရိမ်နေကြပါတယ်။

photos:FB

2 mins Ago
Up