close

တပ်အရာရှိ

close

September 20, 2022

သပိတ်ကျင်း၌ စစ်ကားတစီး ကြားဖြတ်တိုက်ခိုက်ခံရသဖြင့် တပ်အရာရှိအပါဝင် ၃ ဦး သေဆုံး

မန္တလေးတိုင်း၊ ပြင်ဦးလွင်ခရိုင်၊ သပိတ်ကျင်းမြို့နယ်၊ ချောင်းကြီးရွာနားမှာ စစ်ကောင်စီကား တစီးကို စက်တင်ဘာ ၁၈ ရက်က ကြားဖြတ်တိုက်ခိုက်ခဲ့ရာမှာ တပ်အရာရှိ အပါအဝင် ၃ ယောက် သေဆုံးခဲ့တယ်လို့ ဒေသကာကွယ်ရေးတပ်ဖွဲ့ဖြစ်တဲ့ ဗိုလ်လင်းယုန်တပ်ဖွဲ့က စက်တင်ဘာ ၁၉ ရက်မှာ ထုတ်ပြန်ပါတယ်။

ချောင်းကြီးကျေးရွာနားက မီးလင်းရွှေလုပ်ကွက်ကို လုံခြုံရေး လာယူတာဖြစ်ပြီး တိုက်ခိုက်မှု အတွင်း တန်းမြင့်လေ့ကျင့်ရေးတပ် (၁၃) မှ လှုပ်ရှားစစ်ကြောင်းမှူး ဗိုလ်မှူး မျိုးမင်းဦးအပါဝင် အရာခံဗိုလ်နဲ့ ယာဉ်မောင်းစစ်သားတို့ သေဆုံးခဲ့သလို လက်နက်ခဲယမ်းတွေလည်း သိမ်းဆည်းရမိတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဗိုလ်လင်းယုန်တပ်ဖွဲ့ တာဝန်ရှိသူတဦးက "ကုမ္ပဏီက  သူတို့ရဲ့ ရွှေလုပ်ကွက်က ပစ်စာတွေကို ဒေသခံတွေ လာမယူရဲအောင် ခြောက်လှန့်ပေးဖို့ စကစတပ်က ကောင်တွေကို ခေါ်ထားတာလို့ သိရတယ်။ လူမိုက်ငှားတဲ့ သဘောပေါ့။ အဲ့ဒါကို ကြားဖြတ်တိုက်ခိုက်ခဲ့တာပါ။ ကားပေါ် ပါလာတဲ့ ကောင်တွေ အားလုံးသေတယ်။ ကားလည်း ပျက်စီးသွားတယ်။ ကားပေါ်က လက်နက်တွေလည်း ရတယ်" လို့ ပြောပါတယ်။

တိုက်ခိုက်မှုအတွင်း စစ်ကောင်စီအဖွဲ့ရဲ့ ကားပေါ်မှ MA-3 သေနတ် ၂ လက်၊  MA- 1​‌ သေနတ် ၁ လက်၊ 5.56 ကျည် ၄၁၃ တောင့်၊ 9 မမ ကျည် ၁၃ တောင့်၊ အီနာဂါဗုံးသီး ၈ လုံးနဲ့ 5.56 ကျည်ဘောက် ၂ ခု တို့ကို သိမ်းဆည်းရမိခဲ့ပြီး အဲဒီထဲက  MA-3 သေနတ် ၁ လက်နဲ့ MA-1 ၁ လက်ကတော့ ကျည်ထိ မှန်ချို့ယွင်းသွားတယ်လို့ သိရပါတယ်။

တိုက်ခိုက်မှု ဖြစ်ပွားပြီးနောက်  ချောင်းကြီးကျေးရွာနဲ့ ပတ်ဝန်းကျင်နေရာတွေက ဒေသခံတွေကို  စစ်ကောင်စီတပ်က စစ်ဆေးခဲ့တယ်လို့ သိရပါတယ်။

26 mins Ago
Up