close

တမန်းသားကျေးရွာ

close

November 10, 2021

မောင်တောမြို့နယ်တွင် အေအေ နှင့် အာဏာသိမ်းစစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မြောက်ပိုင်း တမန်းသားကျေးရွာ နဲ့ ၆ မိုင်ခန့်အကွာမှာ နိုဝင်ဘာ ၉ ရက်နေ့ မွန်းတည့် ၁၂ နာရီကနေ နေ့လယ် ၁ နာရီကျော်အထိ ရက္ခိုင့်တပ်တော် (အေအေ) နဲ့ အာဏာသိမ်းစစ်ကောင်စီတပ်တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

“ဟုတ်ပါတယ်။ ဒီနေ့ မနက် ၁၂ နာရီလောက်ကတည်း စဖြစ်ကြတာ။ တမန်းသားရွာနဲ့ ၆ မိုင်လောက်အကွာမှာ အေအေအထိုင်ချထားတဲ့ စခန်းကို တပ်မတော်က ထိုးစစ်ဆင်တာ ဗျူဟာမှူးကိုယ်တိုင်ထိုင်ပြီး လက်နက်ကြီးတွေနဲ့ ပစ်နေတာ ထိခိုက်ဒဏ်ရာရသူတွေကို ဘူးသီတောင်ဆေးရုံကိုယူသွားကြတယ်လို့ သိရတယ်” လို့ အမည်မဖော်လိုတဲ့ တမန်းသား ကျေးရွာသားတစ်ဦးက DVB ကို ပြောပါတယ်။

နိုဝင်ဘာလ ၉ ရက်နေ့ မွန်းတည့် ၁၂ နာရီအချိန်ကစပြီး တမန်းသားကျေးရွာ၏ အရှေ့မြောက်ဘက် ၆ မိုင်ခန့်အကွာမှာ လက်နက်ကြီး လက်နက်ငယ်အသံတွေနဲ့ ရဟတ်ယာဥ်အသံတွေလည်း ကြားနေရ​တာကြောင့် တမန်းသားကျေးရွာသူသားတွေ  စိုးရိမ်နေကြပါတယ်။

ရေနောက်ငှားသားကျေးရွာနေ အမည်မဖော်လိုတဲ့ ရွာသားတစ်ဦးက ဒီနေ့မနက် ၁၂ နာရီဝန်းကျင်ကစပြီး တမန်းသားနဲ့ ရေနောက်ငါးသားကျေးရွာတို့ရဲ့ အရှေ့ဘက်တောင်တန်းတွေမှာ လက်နက်ကြီးငယ်ပစ်ခတ်မူများရှိခဲ့ကြောင်း ထပ်ဆင့်အတည်ပြုပြောဆိုပါတယ်။

“ပစ်ခတ်မှုတွေ ဖြစ်ကြတယ်လို့ သိရတယ်။ တမန်းသားကျေးရွာရဲ့ အရှေ့ဘက်ပေါ့။ နောက် ထိခိုက်ဒဏ်ရာရတာတွေရှိတယ်လို့လည်း သိရတယ်။ ဒါပေမဲ့ အောက်ခြေက လူတွေတော့ မသိရသေးဘူး ပြောကြတယ်။” 

ရေနောက်ငါးသားကျေးရွာသူရွာသားတွေကလည်း မွန်းတည့်ပိုင်းကစတင်ပြီး လက်နက်ကြီး လက်နက်ငယ်သံတွေ ကေားရကြောင်း ပြောပါတယ်။

အဆိုပါဖြစ်စဥ်မှာ အေအေ အထိုင်ချနယ်မြေအား မြန်မာစစ်တပ်က အင်အားတိုးချလာတဲ့အတွက် အေအေဘက်က လက်နက်ကြီးနဲ့ ပစ်ခတ် တားဆီးတာလို့ ဒေသခံတွေက ​ပြောဆိုသုံးသပ်ကြပါတယ်။

"အေအေက ထိန်းချုပ်ထားတဲ့ နယ်မြေဘက်ကို အင်အားအလုံးအရင်းနဲ့ တက်လာတော့ ပစ်ခတ်မှုတွေဖြစ်ကြတာပါ" လို့ ဒေသခံတဦးက ပြောပါတယ်။

မောင်တော​ခရိုင်ဖြစ်တဲ့ ဘူးသီးတောင်နယ်နဲ့ မောင်တောမြို့နယ်အတွင်း မြန်မာတပ်မတော် အစဥ်အမြဲ အင်အားတိုးချဲ့နေတယ်လို့ ဆိုပါတယ်။

ရက္ခိုင့်တပ်တော် (အေအေ) နဲ့ စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲတွေ ရပ်တန့်နေတာ တစ်နှစ်ပြည့်နေပြီး နိုဝင်ဘာ ၉ ရက်နေ့က တကျော့ပြန်လက်နက်ကြီးသံတွေ ထွက်ပေါ်လာတာဖြစ်ပါတယ်။

ရက္ခိုင့်တပ်တော် (အေအေ) ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခအား ဆက်သွယ် မေးမြန်းခဲ့ပေမဲ့ ဆက်သွယ်လို့ မရသေးပါဘူး။

ပြီးခဲ့တဲ့လပိုင်းကလည်း ရခိုင်ပြည်နယ် မင်းပြားမြို့နယ်အတွင်း အေအေ ပိုင်နက်အား တပ်မတော်က အင်အားတိုးချလာတဲ့အတွက် ထိတွေ့မှုဖြစ်ပွားခဲ့ကြပါသေးတယ်။

2 mins Ago
Up