close

တမူးမြို့

close

February 27, 2023

တမူးမြို့၌ စစ်တပ်ပစ်ခတ်သည့် လက်နက်ကြီး‌ထိမှန်ပြီး ကလေးငယ် ၁ ဦး သေဆုံး၊ ဒေသခံ ၂ ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း ၊ တမူးမြို့ ၊ မြို့မ(၁၂/က)ရပ်ကွက်၊ နန်းဖာလုံမှာ စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်လို့ ၅ နှစ်အရွယ် ကလေးငယ်တယောက်သေဆုံးပြီး နောက်ထပ်ကလေးငယ်တယောက် ဒဏ်ရာရကာ အမျိုးသမီးတယောက် ဒဏ်ရာရရှိခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။

ဖေဖော်ဝါရီ ၂၅ ရက်က တမူးမြို့ရဲ့တောင်ဘက်ပိုင်းမှာရှိတဲ့ စစ်ကောင်စီတပ်စခန်း တပ်ကုန်းဘက် ကနေ စစ်သားတွေက မြို့တွင်းကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တာတာမှာ လက်နက်ကြီး နှစ်ကြိမ်ကျပြီး အိမ်ဘေးမှာ ကစားနေတဲ့ ၅ နှစ်အရွယ် ကလေးနှစ်ယောက်အပါအဝင် ကလေးငယ်တယောက်ရဲ့ မိခင်တို့ ဒဏ်ရာရရှိပြီး ကလေးငယ်တယောက်ကတော့  သေဆုံးသွားကြောင်း  ဒေသခံက ပြောပါတယ်။

သေဆုံးသွားတဲ့ကလေးငယ်နဲ့  ထိခိုက်ဒဏ်ရာရသူတွေကို ရပ်ကွက်နေပြည်သူတွေက တမူးမြို့ ပြည်သူ့ဆေးရုံကို ပို့ဆောင်‌ပေးခဲ့ကြပါတယ်။

သေဆုံးသွားတဲ့ ကလေးငယ်နဲ့ ဒဏ်ရာရရှိသူတွေဟာ နန်းဖာလုံမှာ အသစ်ပြောင်းလာတဲ့ ဧဝံဝေလိတရားဟောဆရာရဲ့  မိသားစုဝင်တွေဖြစ်ပါတယ်။

ဖေဖော်ဝါရီ ၂၄ ရက်က တမူးPDF တပ်ဖွဲ့ဝင်တွေဟာ မြို့ပေါ်ရပ်ကွက်တချို့မှာ သွားလာလှုပ်ရှားနေတာကို သတင်းရရှိတာကြောင့် စစ်ကောင်စီက မြို့တွင်းကို လက်နက်ကြီးနဲ့ ပစ်ခတ်တာဖြစ်နိုင်တယ်လို့ မြို့ခံတွေက ယူဆကြပါတယ်။

အပြစ်မဲ့ပြည်သူတွေအပေါ် စစ်ကောင်စီရဲ့လုပ်ရပ်တွေကို လူမဆန်တဲ့ ကျူးလွန်မှုတွေအဖြစ် မှတ်တမ်းတင်ထားပြီး စစ်ကောင်စီကို အပြင်းအထန်ရှုတ်ချတယ်လို့ ကူကီးကျောင်းသားလူငယ်အဖွဲ့က  ထုတ်ပြန်ထားပါတယ်။

11 mins Ago

December 7, 2022

ကလေးမြို့ခံ ၁ ဦးကို PDF ဟုစွပ်စွဲပြီး စစ်တပ်ကဖမ်းဆီး၊ တမူးမြို့ခံ အမျိုးသမီး ၁ ဦး၏ နေအိမ် ချိပ်ပိတ်ခံရ

စစ်ကိုင်းတိုင်း၊ ကလေးမြို့မှာ ဒီဇင်ဘာ ၅ ရက်က ဒေသခံအမျိုးသားတယောက် မြို့ထဲကို ဈေးဝယ်သွားစဉ် စစ်ကောင်စီစစ်ဆေးရေးဂိတ်မှာ  ဖမ်းဆီးခံခဲ့ရပါတယ်။

ဖမ်းဆီးခံရသူဟာ ကိုအောင်မင်း ဖြစ်ပြီး ကလေးမြို့ဝင် အဖွဲ့စုံ စစ်ဆေးရေးဂိတ်မှာ စစ်ကောင်စီတပ်သားတွေက ခရီးသွားဒေသခံတွေနဲ့ လမ်းသွားလမ်းလာတွေကို စစ်ဆေးနေစဉ် ဖမ်းဆီးခံလိုက်ရတာလို့ ဒေသခံတဦးက ပြောပါတယ်

“သူက PDF မဟုတ်ဘူး။ PDF သင်တန်းလည်း မတက်ခဲ့ဖူးပါဘူး။ ဆောက်လုပ်ရေး သံချည်သံကွေးလုပ်နေတဲ့ သာယာဝတီကျေးရွာကပါ။ မြို့ထဲကို ကျေးရွာက နာမည်ပေး ကင်ပွန်းတပ်ပွဲရှိလို့ ပစ္စည်းသွားဝယ်ရာက အဖမ်းခံလိုက်ရတာပါ။”

ကို‌အောင်မင်း ဖမ်းဆီးခံရတာနဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်က အများပြည်သူတွေ အေးချမ်းစွာ နေထိုင်ရေးအတွက် နယ်မြေလုံခြုံရေး ဆောင်ရွက်နေတဲ့ လုံခြုံရေးအဖွဲ့ဝင်တွေက မသင်္ကကာဖွယ် ဆိုင်ကယ် ၁ စီးကို စစ်ဆေးခဲ့ရာ PDF သင်တန်း တက်ရောက်ခဲ့တာကြောင့် ဖမ်းဆီးခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

နိုဝင်ဘာ ၂၇ ရက်ကလည်း ကလေးမြို့ပေါ်မှာ CDM ကျောင်းဆရာတဦးနဲ့ ဒေသခံ PDF အဖွဲ့ဝင်တဦး ဖမ်းဆီးခံခဲ့ရပါသေးတယ်။

ကိုအောင်မင်းကို ‌PDF လို့ စစ်ကောင်စီက စွပ်စွဲဖမ်းဆီးတာနဲ့ပတ်သက်ပြီး ဒေသခံ ကလေး PDF တပ်ဖွဲ့ကို ဒီဗွီဘီက ဆက်သွယ်မေးမြန်းခဲ့ရာမှာတော့ ရှေ့တန်းတနေရာ ရောက်နေတဲ့အတွက် အင်တာဗျူးဖြေဖို့ အဆင်မပြေသေးကြောင်း ပြောပါတယ်။

လတ်တလော ကလေးမြို့ပေါ်မှာ စစ်ကောင်စီတပ်သားတွေနဲ့ ဒေသခံ ကာကွယ်ရေးတပ်တွေကြား တိုက်ပွဲတွေ မကြာခဏ ဖြစ်ပွားနေပြီး စစ်ကောင်စီကလည်း မြို့တွင်းကို လက်နက်ကြီးတွေနဲ့ မကြာခဏ ပစ်ခတ်နေတာကြောင့် ဒေသခံတွေ ထိခိုက်သေဆုံးမှုတွေလည်း ရှိနေပါတယ်။

စစ်ကိုင်းတိုင်း၊ တမူးမြို့မှာလည်း  ဒီဇင်ဘာ ၆ ရက် မနက်ပိုင်းက စျေးတန်း ၈ ရပ်ကွက် ကံကော်လမ်း ခြံအမှတ် (၈/စျ/၂၀၈) RC သုံးထပ်တိုက်ပိုင်ရှင် တမူး PDF အဖွဲ့ဝင် ဗိုလ်စက္ကူရဲ့ ဇနီးဟောင်း နေအိမ်ကို စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ဝင်တွေက ချိပ်ပိတ်သွားပါတယ်။

ချိပ်ပိတ်သွားတဲ့အိမ်ဟာ သူနဲ့မသက်ဆိုင်ကြောင်း၊ သူ့ရဲ့ဇနီးနဲ့ အာဏာမသိမ်းခင်ကာလကတည်းက တရားဝင် ကွာရှင်းပြတ်စဲထားကြောင်း တမူး PDF အဖွဲ့ဝင် ဗိုလ်စက္ကူက ပြောပါတယ်။

“ကျနော်တို့ဇနီးမောင်နှံက ကွာရှင်းထားတာ ကြာပါပြီ။ တမူးမြို့က လွှတ်တော်အမတ်တွေ ရှေ့မှောက်မှာ တရားဝင်ကွာရှင်းထားတာပါ။ ကျနော့်ရဲ့ ဇနီးဟောင်းအိမ်ကို ဘာကြောင့်ချိပ်ပိတ်တာလဲဆိုတာ ကျနော်လည်း စဉ်းစားလို့မရဘူး။”

ဗိုလ်စက္ကူရဲ့ ဇနီးဟောင်းအိမ် ချိပ်ပိတ်ခံရတာနဲ့ပတ်သက်ပြီး စစ်ကောင်စီရဲ့ ဝါဒဖြန့်သတင်း‌တွေမှာ တမူးမြို့မရဲစခန်း (ပ)၄၃/၂၀၂၂ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၀(ခ) အမှုမှ တရားခံ ကျော်မျိုးဦး (ခ) ကိုမျိုး (ခ) ဗိုလ်စက္ကူ ပိုင်ဆိုင်တဲ့ နေအိမ်ကို ချိပ်ပိတ်သိမ်းဆည်းခဲ့တယ်လို့ ဖော်ပြထားပါတယ်။

စစ်အာဏာသိမ်းပြီးနောက် တမူးမြို့မှာ တမူးမြို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွှတ်တော်အမတ်တွေ၊ ဒေသခံ တော်လှန်ရေးခေါင်းဆောင်တွေရဲ့ နေအိမ် အပါအဝင် နေအိမ်ပေါင်း ၁၅ လုံးဝန်းကျင် ချိပ်ပိတ်ခံထားရပါတယ်။

3 months Ago
Up