စစ်ကောင်စီနဲ့ ဆက်နွှယ်နေတဲ့ ရွှေဗျိုင်းဖြူကုမ္ပဏီက တယ်လီနောမြန်မာဆက်သွယ်ရေးကုမ္ပဏီရဲ့ ရှယ်ယာအများစုကို ဝယ်ယူပြီးတဲ့နောက် တယ်လီနောမိုဘိုင်းဆက်သွယ်ရေး ဆင်းကတ်တွေကို ခေါ်ဆိုမှုပိတ်ခဲ့ပြီး ပြန်လည်မှတ်ပုံတင်ခိုင်းခဲ့တယ်လို့ တယ်လီနောဆင်းကတ်သုံးစွဲသူတွေက ပြောပါတယ်။
နော်ဝေနိုင်ငံအခြေစိုက် ဆက်သွယ်ရေးကုမ္ပဏီကြီးဖြစ်တဲ့ တယ်လီနောဆက်သွယ်ရေး လုပ်ငန်းစုက မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက် လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ကျူးလွန်လာတဲ့အတွက် ဆက်လက်လုပ်ကိုင်လိုမှုမရှိတော့တာကြောင့် သူ့ပိုင် တယ်လီနောမြန်မာ ဆက်သွယ်ရေးလုပ်ငန်းခွဲကို လက်ဘနွန် အခြေစိုက် M1 Group ထံ လွှဲပြောင်းရောင်းချခဲ့တာပါ။
ဒီ့နောက် M1 Group က စစ်ကောင်စီနဲ့ ပတ်သက်နေတဲ့ ရွှေဗျိုင်းဖြူကုမ္ပဏီထံ တယ်လီနောမြန်မာ ဆက်သွယ်ရေး လုပ်ငန်းစုရဲ့ ရှယ်ယာ ၈၀ ရာခိုင်နှုန်းအား ပြန်လည်ရောင်းခဲ့ပါတယ်။
ရွှေဗျိုင်းဖြူကုမ္ပဏီပိုင်ရှင်ဖြစ်သူ ဦးသိန်းဝင်းဇော်ဟာ စစ်ကောင်စီနဲ့ပတ်သတ်မှုရှိတဲ့ လုပ်ငန်းတွေထဲက စက်သုံးဆီ တင်သွင်းဖြန့်ဖြူးတာနဲ့ ကျောက်စိမ်းတူးဖော်ရေး စတဲ့လုပ်ငန်းတွေကို လုပ်ကိုင်နေသူ တယောက်လည်း ဖြစ်ပါတယ်။
ဒါကြောင့် စစ်ကောင်စီနဲ့နီးစပ်တဲ့ လုပ်ငန်းစုက အခုလိုဝယ်ယူပြီးတဲ့နောက် ဆက်သွယ်ရေး ဆင်းကတ်တွေကို အသုံးမပြုနိုင်အောင် တမင်ရည်ရွယ်ပြီး ပိတ်ပင်ခဲ့ကာ ပြန်လည်မှတ်ပုံတင်ခိုင်းခဲ့တာ ဖြစ်နိုင်တယ်လို့ တယ်လီနောဆင်းကဒ် သုံးစွဲသူတွေ က ဆိုပါတယ်။
တယ်လီနောဆက်သွယ်ရေးဆင်းကတ် အသုံးပြုနေသူတဦးက “ပြီးခဲ့တဲ့ရက်ပိုင်းကလေ တယ်လီနောဆင်းကတ်က ဘာဖြစ်သွားလဲ မသိဘူး။ လုံးဝကို မရတော့တာ။ အဲ့ဒါနဲ့ မှတ်ပုံတင်လုပ်ပေးတဲ့ နေရာဆီ သွားပြီးတော့ ပြန်လုပ်ရတာပေါ့။ သူတို့က မေးတယ်။ ဘယ်ဆိုင်က ဝယ်တာလဲပေါ့။ ဆိုတော့ အန်တီက ဆိုင်ကဝယ်တာ မဟုတ်ဘူး။ အပြင်ကနေပဲ မှာပြီးတော့ ဝယ်လိုက်တာပေါ့နော်။ ဘယ်လောက် ဘယ်လောက် ကျတယ်။ သုံးနေတာလည်း ကြာပြီပေါ့။ အဲဒီဆင်းကတ်က ကိုယ့်အမည်နဲ့ မှတ်ပုံတင်ပြီးသား၊ အမည်ပေါက်လည်း ရှိပြီးသား။ ကိုယ်ကလည်း အမြဲတမ်း သုံးနေတဲ့ဟာလေ။ ဒီနံပါတ်ကိုပဲ ပြန်လုပ်ပေးပါလို့ ပြောလိုက်တာပေါ့နော်။ အဲ့လို ပြောလိုက်တော့ သူတို့ကလည်း ရပါတယ်တဲ့။ ပြီးတော့ မှတ်ပုံတင်လည်း ပြလိုက်တယ်ပေါ့နော်။ ဒီတော့ သူတို့ကလည်း ဆင်းကတ်အဟောင်းကို ယူထားလိုက်ပြီး နံပါတ်တူ ဆင်းကတ် အသစ် ပြန်ပေးပါတယ်။ အဲဒီအတွက် ငွေ သုံးထောင်ကျပ် ပေးရတယ်။ ချက်ချင်းတော့ သုံးလို့ မရဘူးပေါ့။ အချိန် နည်းနည်းတော့ စောင့်ရတယ်။ အခုတော့ ဆင်းကတ်က အဝင်ရော အထွက်ရော ပြန်သုံးလို့ ရနေပါပြီ” လို့ ဒီဗွီဘီကို ပြောပါတယ်။
တယ်လီနောသုံးစွဲသူ လူငယ်တဦးကလည်း “တယ်လီနောဆီက မက်ဆေ့ချ်တွေ ဝင်လာတယ်။ မှတ်ပုံတင်ထားတဲ့ ID မှားယွင်းနေတယ်ဆိုပြီး အသိပေးစာတွေ ဝင်လာတယ်။ ဆင်းကတ်ကို မှတ်ပုံပြန်တင်ပါပေါ့။ တကယ်လို့ မှတ်ပုံပြန်မတင်ရင် ခေါ်ဆိုမှုတွေ ပိတ်မယ်ဆိုပြီး ပို့လာတယ်။ အမှန်က ဆင်းကတ်က မှတ်ပုံတင်ပြီးသားပါ။ အမည်ပေါက်နဲ့ လုပ်ထားတာ။ ဒါကို ဘာကိစ္စနဲ့ မှားယွင်းနေတယ် ဆိုပြီး လာပို့နေတာလဲ မသိဘူး။ ကျနော်လည်း မလုပ်နိုင်လို့။ ဒီအတိုင်းထားလိုက်တယ်။ ပိတ်ချင်လည်း ပိတ်ဆိုပြီး မသုံးတော့ဘူး။ ဆင်းကတ်ထုတ်ထားလိုက်တယ်” လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၁ခုနှစ်၊ မေလအတွင်းမှာ တယ်လီနောမြန်မာကုမ္ပဏီက ထုတ်ပြန်တဲ့ အချက်အလက်တွေအရ မြန်မာနိုင်ငံမှာ တယ်လီနောဆင်းကတ်အသုံးပြုသူက ၁၈ သန်းကျော် ရှိတာကြောင့် တယ်လီနောဆင်းကတ် အသုံးပြုသူတွေ၏ ပုဂ္ဂိုလ်ရေးဆိုင်ရာ အချက်အလက်တွေအတွက် စိုးရိမ်စရာရှိပါတယ်။
ဒါကြောင့်ပဲ Justice For Myanmar အဖွဲ့က တယ်လီနောအုပ်စုဟာ သူ့ရဲ့ မြန်မာနိုင်ငံမှာရှိတဲ့ တယ်လီကွန်းလုပ်ငန်းကို မြန်မာစစ်တပ်နဲ့ ဆက်နွှယ်နေတဲ့ စီးပွားရေးလုပ်ငန်းစုကြီးတခုကို ရောင်းချဖို့ စီစဉ်နေပြီး ဒါဟာ တရားမဝင် လူသတ်စစ်ကောင်စီကို ကြွယ်ဝချမ်းသာစေမှာ ဖြစ်သလို သုံးစွဲနေတဲ့ မြန်မာပြည်သူ ၁၈ သန်းရဲ့ ပုဂ္ဂိုလ်ရေးအချက်အလက်တွေကို စစ်ရာဇဝတ်ကောင်တွေ လက်အတွင်းကို ကျရောက်စေမယ့် အန္တရာယ် ရှိနေတယ်လို့ ထောက်ပြပြောဆိုထားပါတယ်။
ဆင်းကတ်တွေကို အခုလို ပြန်မှတ်ပုံတင်စေတာဟာ ကုမ္ပဏီရဲ့ လုပ်ငန်းလုပ်ဆောင်မှုတွေနဲ့အညီ လုပ်ထုံးလုပ်နည်းအတိုင်း ဆောင်ရွက်တာသာဖြစ်ပြီး တယ်လီနောမြန်မာ ပိုင်ရှင်ပြောင်းလဲမှုနဲ့ မသက်ဆိုင်ဘူးလို့ တယ်လီနော မြန်မာက အသိပေးကြေညာချက် ထုတ်ပြန်ထားပါတယ်။
နော်ဝေအခြေစိုက် တယ်လီနောဆက်သွယ်ရေးလုပ်ငန်းစုပိုင် တယ်လီနောမြန်မာကို လက်ဘနွန် M1 Group ရဲ့ မိတ်ဖက်လုပ်ငန်းဖြစ်တဲ့ Investcom PTE Ltd. ဆီ ရောင်းချမှုကို စစ်ကောင်စီက အတည်ပြုလိုက်ပြီလို့ သိရပါတယ်။
ခုလိုအတည်ပြုကြောင်းကို အာဏာသိမ်း စစ်ကောင်စီလက်အောက် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်က M1 Group ဆီ အသိပေးအကြောင်းကြားခဲ့တာဖြစ်ပြီး သုံးစွဲသူတွေ၊ ဝန်ထမ်းတွေနဲ့ စီးပွားရေးမိတ်ဖက်တွေအားလုံး ယုံကြည်စိတ်ချရမှုရှိရေးတို့အတွက် Telenor Group အပါအဝင် သက်ဆိုင်သူအားလုံးနဲ့ နီးကပ်စွာ လုပ်ဆောင်သွားမှာဖြစ်ကာ လုပ်ငန်းလွှဲပြောင်းရယူမှု အမြန်ဆုံးအပြီးသတ်နိုင်ဖို့ ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။
M1 Group ရဲ့ အမှုဆောင်အရာရှိချုပ် Azmi T. Mikati ကတော့ “အခုလို တရားဝင်ဆုံးဖြတ်ချက်နဲ့ ပတ်သက်ပြီး ကျေနပ်မိပါတယ်။ M1 Group အနေနဲ့ အခက်အခဲများစွာရှိတဲ့ အခုလိုကာလမှာတောင် တယ်လီကွန်းအခြေခံအဆောက်အဦတွေ ဖွံ့ဖြိုးရေးအတွက် ရင်းနှီးမြှုပ်နှံသွားမှာဖြစ်ပြီး မရှိမဖြစ်လိုအပ်တဲ့ ဆက်သွယ်ရေးဝန်ဆောင်မှုတွေကို ပေးအပ်နိုင်ဖို့ Investcom PTE ကို ထောက်ပံ့ပေးသွားဖို့အတွက် ကတိပြုပါတယ်။ Investcom အနေနဲ့ နေ့စဉ်ဘဝအတွက် အရေးပါတဲ့ ဆက်သွယ်ရေးဝန်ဆောင်မှုတွေအပေါ်မှာ မှီတည်နေရတဲ့ မြန်မာပြည်သူတွေရဲ့ အကျိုးစီးပွားအတွက် ရည်ရွယ်ပြီး မြန်မာနိုင်ငံမှာ လုပ်ငန်းတွေ ဆောင်ရွက်သွားမယ်” လို့ ပြောပါတယ်။
M1 Group အနေနဲ့ Telenor Group ရဲ့ မြန်မာလုပ်ငန်းခွဲကို ဝယ်ယူဖို့အတွက် ကနဦးသဘောတူညီချက်ကို ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် ဇူလိုင်လမှာ ကြေညာခဲ့ပြီး လတ်တလောမှာတော့ မြန်မာဈေးကွက်အတွက် M1 Group ဟာ ပိုင်ဆိုင်မှုကို လွှဲပြောင်းရယူမယ့် လုပ်ငန်းသစ်တခုဖြစ်တဲ့ Investcom ကတဆင့် ပြည်တွင်းက စစ်တပ်ကျောထောက်နောက်ခံ ရွှေဗျိုင်းဖြူကုမ္ပဏီအုပ်စုနဲ့ ပူးပေါင်းဆောင်ရွက်နေတာပါ။
တယ်လီနောအုပ်စုရဲ့ ဆက်ဆံရေးဌာနအကြီးအကဲ Gry Rohde Nordhus ကတော့ တယ်လီနောမြန်မာကုမ္ပဏီကို ရောင်းချရခြင်းရဲ့ အဓိကအကြောင်းရင်းဟာ အော်ပရေတာအားလုံးမှာ တပ်ဆင်ဖို့လိုအပ်တဲ့ ကြားဖြတ်ကိရိယာတွေ မတပ်ဆင်လိုတာကြောင့် ဖြစ်တယ်လို့ ဒီဗွီဘီကို ပြောပါတယ်။
ဒီလိုကြားကိရိယာတွေကို တပ်ဆင်တာဟာ နော်ဝေနိုင်ငံနဲ့ အီးယူတို့ရဲ့ မြန်မာအပေါ် ပိတ်ဆို့အရေးယူမှုတွေကို ဆန့်ကျင်နေတာဖြစ်ပြီး လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ကြီးကြီးမားမား ဖြစ်ပေါ်လာနိုင်တဲ့ စစ်တပ်ရဲ့အမိန့်ကို အတင်းအကျပ် လိုက်နာတာမျိုး မဖြစ်စေဖို့ဖြစ်တယ်လို့ ပြောပါတယ်။
လက်ရှိမှာတော့ တယ်လီနောမြန်မာအနေနဲ့ အဆိုပါကြားဖြတ်စက်ကိရိယာတွေကို မတပ်ဆင်ရသေးသလို မိမိဆန္ဒအလျောက်လည်း လုပ်ဆောင်မှာ မဟုတ်ကြောင်း ကုမ္ပဏီတာဝန်ရှိသူက ဒီဗွီဘီကို ပြောပါတယ်။
ပြီးခဲ့တဲ့ နွေရာသီကတည်းက တယ်လီနောမြန်မာကုမ္ပဏီရဲ့ တန်ဖိုးကို ဇီးရိုးထိ ထားရှိခဲ့ပြီး အမြတ်ငွေ ထည့်သွင်းတွက်ချက်တာမျိုး မလုပ်တော့ဘဲ မသေချာ မရေရာတဲ့ အခြေအနေတွေကြောင့် ပဋိပက္ခတွေ၊ စီးပွားရေး အကျပ်အတည်းတွေ ပြင်းပြင်းထန်ထန် ဖြစ်ပွားနေတဲ့ အခြေအနေမှာ မြန်မာနိုင်ငံကနေ ဘာမှ ပြန်လည်ရရှိနိုင်တော့မှာ မဟုတ်ဘူးလို့လည်း ဆိုပါတယ်။
တယ်လီနောဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလတုန်းကလည်း သူ့ရဲ့ ငွေကြေးနည်းပညာကုမ္ပဏီ Wave Money ကို သူ့ရဲ့အဓိက လုပ်ငန်းပါတနာ Yoma Strategic Holdings ကို ရောင်းချကြောင်း ကြေညာခဲ့ပါတယ်။
တယ်လီနောအုပ်စုဟာ သူ့ရဲ့ မြန်မာနိုင်ငံမှာရှိတဲ့ တယ်လီကွန်းလုပ်ငန်းကို မြန်မာစစ်တပ်နဲ့ ဆက်နွှယ်နေတဲ့ စီးပွားရေးလုပ်ငန်းစုကြီးတခုကို ရောင်းချဖို့ စီစဉ်နေပြီး ဒါဟာ တရားမဝင် လူသတ်စစ်ကောင်စီကို ကြွယ်ဝချမ်းသာစေမှာဖြစ်သလို သုံးစွဲနေတဲ့ မြန်မာပြည်သူ ၁၈ သန်းရဲ့ ပုဂ္ဂိုလ်ရေးအချက်အလက်တွေကို စစ်ရာဇဝတ်ကောင်တွေ လက်အတွင်းသို့ ကျရောက်စေမယ့် အန္တရာယ်ရှိနေတယ်လို့ Justice For Myanmar အဖွဲ့က ထုတ်ပြန်ထားပါတယ်။