အင်ဒိုနီးရှားနဲ့ စင်ကာပူတို့ဟာ နှစ်နိုင်ငံကြား ပင်လယ်ရေကြောင်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု၊ ရင်းနှီးမြှုပ်နှံမှု၊ တရားခံပြေးတွေကို ပြစ်မှူကျူးလွန်နိုင်ငံသို့ ပြန်လွှဲအပ်မှု၊ အာကာသနဲ့ ကာကွယ်ရေးလုပ်ငန်းများ အပါအဝင် နှစ်နိုင်ငံသဘောတူညီချက် အများအပြားကို ဇန်နဝါရီ ၂၅ ရက်နေ့က လက်မှတ်ရေးထိုးခဲ့ပါတယ်။
အင်ဒိုနီးရှားနိုင်ငံ ဘင်တန်ကျွန်းမှာ သမ္မတဂျိုကိုဝီဒိုဒိုနဲ့ ဝန်ကြီးချုပ်လီရှန်လွန်းတို့နှစ်ဦး တွေ့ဆုံဆွေးနွေးပြီး လိုက်ပါလာတဲ့ နှစ်ဖက်ဝန်ကြီးတွေက သဘောတူညီချက် အတော်များများကို လက်မှတ်ထိုးခဲ့တာပါ။
ဂျိုကိုဝီဒိုဒိုက “အင်ဒိုနီးရှား ပင်လယ်ရေကြောင်းဆိုင်ရာဝန်ကြီးနဲ့ စင်ကာပူ အမျိုးသားလုံခြုံရေးဝန်ကြီးတို့က လေကြောင်းပျံသန်းမှုနဲ့ တရားခံပြေးကိစ္စတွေအတွက် သဘောတူ လက်မှတ်ရေးထိုးခဲ့တယ်။ နှစ်နိုင်ငံ ကာကွယ်ရေးဝန်ကြီးတွေကလည်း ရေကြောင်း လေကြောင်း လုံခြုံရေးဆိုင်ရာတွေ ပူးပေါင်းဆောင်ရွက်ဖို့ ပူးတွဲကြေညာချက် ထုတ်နိုင်ခဲ့ပါတယ်” လို့ သတင်းစာရှင်းလင်းရာမှာ ပြောခဲ့ပါတယ်။
တရားခံပြေးများ သက်ဆိုင်ရာနိုင်ငံပြန်ပို့မှု သဘောတူညီချက်မှာ ၁၈ နှစ်အတွင်း ရာဇဝတ်မှု အမျိုးအစား ၃၁ မျိုး ကျူးလွန် ထွက်ပြေးလာသူတွေကို နိုင်ငံသားဖြစ်ခွင့်မပေးဘဲ သက်ဆိုင်ရာ နိုင်ငံဆီ ပြန်လွှဲအပ်ရမယ်ဆိုတဲ့ သဘောတူညီချက်လည်း ပါဝင်ပါတယ်။