close

တရားခံများပြန်လွှတ်

close

July 21, 2021

နိုင်ငံရေးအမှုများမှအပ စစ်ဆေးဆဲအမှုများကို ပိတ်သိမ်းပြီး တရားခံများကို ပြန်လွှတ်ပေးမည်

ခိုးမှု၊ မူးယစ်ဆေး၊ ယစ်မျိုး၊ လောင်းကစားနဲ့ ပြည့်တန်ဆာအမှုတွေအပါအဝင်  ကြားနာ စစ်ဆေးဆဲ အမှုအမျိုးအစား ၁၁ မျိုးကို ပိတ်သိမ်းပြီး တရားခံတွေကို လွှတ်ပေးမယ်လို့ အာဏာသိမ်း စစ်ကောင်စီက ဇူလိုင် ၂၀ ရက်မှာ ကြေညာပါတယ်။

လက်ရှိဖြစ်ပွားနေတဲ့ ကိုဗစ်-၁၉ ကူးစက်မှုကို ထိရောက်စွာ ကာကွယ်ကုသနိုင်ဖို့နဲ့ သက်ဆိုင်ရာ တရားရုံးတွေမှာ စွဲဆိုထားတဲ့ ပြစ်မှုတွေအတွက် တရားခံတွေကို ကိုဗစ်-၁၉ ဆိုင်ရာ စည်းကမ်းချက်တွေကြောင့် ရုံးထုတ်စစ်ဆေးနိုင်ခြင်းမရှိလို့ ချုပ်ရက်တွေ ရှည်ကြာနေလို့ လွှတ်ပေးလိုက်တာလို့ ဆိုပါတယ်။

ဒါ့အပြင် တချို့ပြစ်မှုနဲ့ စွဲဆိုခံရတဲ့ နိုင်ငံသားတွေအတွက် သက်ညှာစွာ စဉ်းစားပြီး ဒီအမိန့်ကို ထုတ်ပြန်တာလို့ စစ်ကောင်စီ အတွင်းရေးမှူး အောင်လင်းဒွေး အမိန့်နဲ့ ထုတ်ပြန်လိုက်တာပါ။

ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာ မသိမ်းခင် ကျူးလွန်ထားတဲ့ ခိုးမှု (ရာဇသတ်ကြီး ပုဒ်မ ၃၇၉ ၊ ၃၈၀)၊  လောင်းကစားမှု၊ ယစ်မျိုးအမှု၊ မူးယစ်မှု (သတ်မှတ်ပမာဏ) ၊ လက်နက်မှု၊ ပြည့်တန်ဆာမှု ၊ ရဲအက်ဥပဒေပါပြစ်မှု၊ ရုပ်မြင်သံကြားနှင့် ဗီဒီယို ဥပဒေပါ ပြစ်မှု၊ သစ်တောဥပဒေပါ ပုဒ်မ ၄၂ နှင့် ၄၃ မှလွဲပြီး ကျန်ပြစ်မှုတခုခု စတာတွေပါဝင်ပါတယ်။

မြန်မာနိုင်ငံတဝန်းမှာ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံနေရသူတွေရော သေဆုံးသူတွေပါ နေ့စဉ် အယောက် ၅၀၀၀ လောက်ရှိနေသလို အကျဉ်းထောင်တွေထဲမှာလည်း အချုပ်သားတွေ ကိုဗစ်-၁၉ ရောဂါကူးစက်မှု မြင့်တက်နေချိန်မှာ ခုလို အချုပ်သားတွေကို လွှတ်ပေးဖို့ စစ်ကောင်စီက လုပ်ဆောင်လာတာဖြစ်ပါတယ်။ 

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အတွင်းရေးမှူးအဖွဲ့ဝင် ဗဟိုအလုပ်အမှုဆောင် ဦးဉာဏ်ဝင်း အင်းစိန်ထောင်မှာ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရပြီးနောက် ရန်ကုန်ဆေးရုံကြီးမှာ ဆေးကုသမှု ခံယူနေစဉ် ဇူလိုင် ၂၀ ရက်မနေ့က ကွယ်လွန်သွားပါတယ်။ 

စစ်ကောင်စီသတင်းထုတ်ပြန်ရေးအဖွဲ့ကတော့ ဦးဉာဏ်ဝင်းဟာ ဆေးကုသမှုခံယူနေရာမှ ယခင်ရောဂါအခံဖြစ်တဲ့ ဆီးချိုရောဂါနဲ့ သွေးတိုးရောဂါတို့နဲ့ မနေ့ မနက်၉နာရီမှာ အင်းစိန်ထောင်မှာ သေဆုံးတာလို့  ထုတ်ပြန်ပြောကြားထားပါတယ်။ 

မြန်မာတနိုင်ငံလုံးရှိ အကျဉ်းထောင်တွေမှာ ကိုဗစ်- ၁၉ ရောဂါဖြစ်ပွားတဲ့  အကျဉ်းသား၊ အကျဉ်းသူ ပေါင်း ၃၇၅ ဦးရှိခဲ့ပြီး သက်သာပျောက်ကင်းဆေးရုံမှ ဆင်းရသူ ၁၅၂ ဦး၊ ဆက်လက်ကုသမှုခံယူဆဲ ၂၀၈ ဦးနဲ့ ဦးဉာဏ်ဝင်းအပါဝင် သေဆုံးသူ ၆ ဦးရှိကာ လွတ်ရက်စေ့လို့ လွတ်မြောက်ခဲ့သူ ၉ ဦး ရှိတယ်လို့လည်း စစ်ကောင်စီပြန်ကြားရေးက ထုတ်ပြန်ထားပါတယ်။

8 mins Ago
Up