ကျပ်ငါးထောင်တန်နဲ့ ကျပ် တသောင်းတန် ငွေစက္ကူတွေကို တရားဝင်ငွေစက္ကူအဖြစ်မှ ရပ်စဲလိုက်ပြီ လို့ လူမှုကွန်ရက်ပေါ်မှာ ကောလာဟလသတင်း ပျံ့နှံ့ခဲ့ပြီးနောက် မြန်မာပြည်တွင်း ရွှေနဲ့ ဒေါ်လာဈေး ဝယ်လိုအားကြောင့် စျေးမြင့်သွားခဲ့ပါတယ်။
လူမှုကွန်ရက်စာမျက်နှာမှာ မနေ့က အဲဒီသတင်း ထွက်ပေါ်ခဲ့ပြီးနောက် နာရီအတော်အတန်အကြာမှာ ဗဟိုဘဏ်က မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှထုတ်ဝေထားတဲ့ ကျပ် ငါးထောင်တန်နဲ့ ကျပ်တသောင်းတန် ငွေစက္ကူတွေ တရားဝင် ငွေစက္ကူအဖြစ်မှ ရပ်စဲလိုက်တယ်ဆိုတဲ့ သတင်းအချက်အလက်မှာ မမှန်ကန်ကြောင်းနဲ့ ဖေ့စ်ဘွတ်ခ် စာမျက်နှာပေါ် ပျံ့နှံ့နေတဲ့ စာအတုသာဖြစ်ကြောင်း ကြေညာချက်ကို စက်တင်ဘာ ၁၆ ရက် ညနေခင်းအချိန်မှာ တရားဝင်စာထုတ်ခဲ့ပါတယ်။
ဒါပေမဲ့ မြန်မာငွေစက္ကူအပေါ် အယုံအကြည်နည်းလာပြီး အစိုးရိမ်လွန်နေတဲ့ လူတွေက ရွှေနဲ့ဒေါ်လာကို လိုက်လံဝယ်ယူခဲ့တာကြောင့် ရွှေနဲ့ဒေါ်လာတန်ဖိုးက ရုတ်ချည်းမြင့်တက်ခဲ့ ရပါတယ်။
နိုင်ငံခြားငွေကြေးလဲလှယ်ရောင်းဝယ်ခွင့်လုပ်ငန်းလိုင်စင် ရရှိထားတဲ့လုပ်ငန်းရှင်တဦးက “ဒေါ်လာစျေးက အဲ့ဒီနေ့ မနက်ပိုင်းက စျေးကျနေတာ။ ကျပ် ၁၉၁၀-၂၀ ဝန်းကျင်ပဲရှိတယ်။ ညနေပိုင်းမှာ စျေးပြန်တက်သွားတာ။ ရွှေစျေးလည်း ပြန်တက်သွားတယ်လေ။ ဘယ်က လုပ်လဲတော့ ကျနော်တို့ သေချာတော့ မသိဘူးပေါ့နော်။ ဒါပေမဲ့ ဘာပဲဖြစ်ဖြစ် ဒီဒေါ်လာစျေးတို့ ရွှေစျေးတို့ တက်စေချင်တဲ့လူ ရှိလို့နေမှာပေါ့။ ကျနော်တို့ ပြည်သူတွေကိုယ်တိုင်ကလည်း နဂိုကတည်းက အစိုးရိမ်လွန်နေတာလည်းပါတယ်။ ပြီးတော့ ငွေကြေးအပေါ် ဗဟိုဘဏ်အပေါ် ယုံကြည်မှု ကျနေတာလဲ ပါတာပေါ့။ အဲ့တော့ ဒီကောလဟာလ ထွက်လာတဲ့အခါ မှန်တာ၊ မှားတာ အပထား။ လူတွေက စိုးရိမ်ပြီးတော့ ဝယ်ကျတာပေါ့နော်” လို့ပြောပါ တယ်။
ဒီကနေ့ စက်တင်ဘာ ၁၇ ရက်နေ့မှာ အမေရိကန်တဒေါ်လာတန်ဖိုးက ငွေလဲကောင်တာတွေမှာ ဝယ်စျေး တစ်ဒေါ်လာကို ၁၉၇၀ ကျပ် နဲ့ ရောင်းစျေး ကျပ် ၂၀၂၀ ကျပ် ရှိပြီး ဥရောပငွေကြေးတန်ဖိုးက တယူရိုကို ဝယ်စျေး ၂၀၈၀ ကျပ်နဲ့ ရောင်းစျေး ၂၁၅၀ ကျပ်၊ စင်္ကာပူ ငွေကြေးတန်ဖိုးက တဒေါ်လာကို ဝယ်စျေး ၁၃၆၀ ကျပ် နဲ့ ရောင်းစျေး ၁၄၁၀ ကျပ်၊ ထိုင်းငွေကြေးတန်ဖိုးက တဘတ်ကို ဝယ်စျေး ၅၆.၅ ကျပ် နဲ့ ရောင်းစျေး ၅၉.၅ ကျပ် ရှိပါတယ်။
ရွှေလုပ်ငန်းရှင်တဦးကလည်း “ဒီလိုမျိုးကတော့ မဖြစ်သင့်ဘူးပေါ့ဗျာ။ ကိုယ့်လိုအပ်ချက်တခုတည်းအတွက် သူများတွေကို ကောလာဟလလွှင့်ပြီးတော့ ဒီအပေါ်မှာ လုပ်စားသလိုမျိုး ဖြစ်နိုင်သလို ကိုယ်လိုချင်တာကို အတင်း လိုက်လုပ်တဲ့ အခါကျတော့ ရွှေစျေး၊ငွေစျေးတွေ တက်သွားတာပေါ့။ ဒီလိုတက်သွားတဲ့အပေါ်မှာ ကုန်စျေးနှုန်း ဆိုတာမျိုးက သူ့အချိုးကျ လိုက်ပြီးတက်သွားတာမျိုးလေ။ ဒါကြောင့် ဒီလိုမျိုးက မဖြစ်သင့်ဘူး။ ဘာကြောင့်လဲဆို အခြေခံ စားကုန်တွေပါ လိုက်တက်သွားလို့ရှိရင် လူတွေကလည်း အလုပ်က ကောင်းကောင်းလုပ်နေရတာမဟုတ်လို့ အခြေခံ လူတန်းစားတွေမှာ ပိုပြီးဒုက္ခရောက်သွားစေနိုင်တယ်။ နိုင်ငံတော်ပိုင်းကလည်း ဒီလိုမျိုး ကောလာဟလ ထွက်လာပြီဆိုရင် ချက်ချင်း ဖြေရှင်း တာမျိုးက အကောင်းဆုံးပဲဗျ။ အဲ့လိုမှပဲ အချိန်မီထိမ်းသိမ်းနိုင်မယ်လေ။ မဟုတ်လို့ရှိရင် ကျွံသွားပြီးမှဆိုရင် လူတွေ တော်တော်များများဒုက္ခရောက် ကုန်မှာပေါ့။ ငွေရေးကြေးရေးနဲ့ပတ်သတ်ပြီး ဗဟိုဘဏ်က အခုလိုထွက်ရှင်း တာမျိုးက ပိုကောင်းတာပေါ့နော်” လို့ဆိုပါတယ်။
ရန်ကုန်ရွှေစျေးကွက်မှာ အကယ်ဒမီ တကျပ်သားစျေးနှုန်းက မနေ့က ကျပ် ၁၈သိန်း ၁သောင်း ၃ထောင်သာရှိခဲ့ပြီး ဒီကနေ့ စက်တင်ဘာ ၁၇ ရက် မနက်ပိုင်းမှာ ၁၈သိန်း ၄သောင်း ၉ထောင်အထိ ရောက်သွားခဲ့ကာ ညနေ ၃နာရီမှာတော့ ၁၈သိန်း ၄သောင်း ၅ထောင် ရှိပါတယ်။
စစ်ကောင်စီအကြမ်းဖက်အဖွဲ့က တရားမဝင်ငွေစက္ကူတွေ ရိုက်နှိပ်ထုတ်ဝေနေတာကို အားပေးအားမြောက် ကူညီတဲ့ စီးပွားရေးလုပ်ငန်းတွေကို မှတ်တမ်းပြု အရေးယူမယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က သတိပေးလိုက်ပါတယ်။
NUG အစိုးရရဲ့ စီမံကိန်း၊ ဘဏ္ဍာရေးနှင့်ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦတင်ထွန်းနိုင်က သြဂုတ် ၂၇ ရက်နေ့စွဲနဲ့ ကြေညာချက်ထုတ်ပြန် သတိပေးလိုက်တာပါ။
တရားမဝင်အာဏာသိမ်းစစ်ကောင်စီဟာ မြန်မာကျပ်ငွေစက္ကူအသစ်တွေ ရိုက်နှိပ်ဖို့ ငွေစက္ကူပုံနှိပ်လုပ်ငန်းဝန်ဆောင်မှုပေးတဲ့ ပြည်ပကုမ္ပဏီတွေထံ ချဉ်းကပ်နေတယ်ဆိုတဲ့ ခိုင်လုံတဲ့ သတင်းအချက်အလက်တွေ လက်ခံရရှိထားတယ်လို့လည်း ပြောပါတယ်။
ငွေစက္ကူရိုက်နှိပ်ထုတ်ဝေခြင်းလုပ်ငန်းဟာ နိုင်ငံတခုရဲ့ တရားဝင်အစိုးရကသာ လုပ်ပိုင်ခွင့်ရှိတဲ့ လုပ်ငန်းစဉ်ဖြစ်ကြောင်း၊ NUG အစိုးရအနေနဲ့ မတရားအသင်းများအက်ဥပဒေ ပုဒ်မ ၁၆ အရ တရားမဝင်အာဏာသိမ်းစစ်ကောင်စီအား မတရားသင်းအဖြစ် အတိအလင်းကြေညာထားပြီး ဖြစ်တယ်လို့လည်းဆိုပါတယ်။
ဒါကြောင့် မတရားသင်း အက်ဥပဒေ ပုဒ်မ ၁၈ အရ အိမ်စောင့်အစိုးရအမည်ခံ စစ်ကောင်စီမှဖြစ်စေ၊ ယင်းကိုဆက်ခံတဲ့ အဖွဲ့အစည်းတခုခုမှဖြစ်စေ၊ ယင်း၏ လက်အောက်ခံ အဖွဲ့အစည်းတခုခုမှဖြစ်စေ ငွေစက္ကူရိုက်နှိပ် ထုတ်ဝေတာဟာ တရားဝင်မှု အလျဉ်းမရှိသည့် လုပ်ရပ်သာ ဖြစ်တယ်လို့ ဆိုပါတယ်။
ဒါကြောင့် ငွေစက္ကူပုံနှိပ်ထုတ်ဝေခြင်းလုပ်ငန်း ဝန်ဆောင်မှုပေးနေတဲ့ ပြည်ပမှ ကုမ္ပဏီတွေအနေနဲ့ တရားမဝင်အာဏာသိမ်း စစ်ကောင်စီရဲ့ ငွေစက္ကူရိုက်နှိပ်ထုတ်ဝေတဲ့ လုပ်ငန်းကို တနည်းနည်းနဲ့ ပူးပေါင်းဆောင်ရွက်တာ၊ ကုန်ကြမ်းပစ္စည်းနဲ့ နည်းပညာ အထောက်အပံ့ပေးတာတွေကို အထူးရှောင်ရှားကြဖို့ တိုက်တွန်းတောင်းဆိုထားပါတယ်။
မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်တပ်ကအာဏာသိမ်းပြီးနောက် စစ်တ့ပ်က ငွေစက္ကူသစ်တွေရိုက်နှိပ်ထုတ်ဝေလာနိုင်တဲ့အတွက် NUG အစိုးရအနေနဲ့ ပြီးခဲ့တဲ့ မတ်လက မြန်မာငွေစက္ကူအတွက်လိုအပ်တဲ့ စက္ကူ၊မင်၊ ကုန်ကြမ်းတွေအပြင် စက်အရန်ပစ္စည်းနဲ့ နည်းပညာအကူအညီအားလုံးကို မတ်လ ၃၁ ရက်နောက်ဆုံး ထားပြီး ရပ်ဆိုင်းပေးဖို့ တောင်းဆိုခဲ့တာရှိပါတယ်။
ဒီတောင်းဆိုမှုကြောင့် ဂျာမနီနိုင်ငံမှ Giesecke Devrient ကုမ္ပဏီက သတ်မှတ်ရက်အတိုင်း ရပ်ဆိုင်းပေးခဲ့ပါတယ်။ လက်ရှိမှာတော့ စစ်ကောင်စီလက်အောက်ခံ နိုင်ငံတော်ဗဟိုဘဏ်က ငွေစက္ကူအသစ်တွေ ရိုက်နှိပ်ထုတ်ဝေနေတဲ့ အကြောင်း အတည်ပြုခဲ့ပေမယ့် ဘယ်နိုင်ငံ အကူအညီနဲ့ ဆောင်ရွက်နေတဲ့အကြောင်း ထုတ်ဖော်ပြောဆိုမှု မရှိသေး ပါဘူး။
ပြည်တွင်းငွေကြေးလှည့်ပတ်စီးဆင်းမှုမှာတော့ နိုင်ငံတော်ဗဟိုဘဏ်က အသစ်ရိုက်နှိပ်တဲ့ ငွေစက္ကူတွေက ပြည်သူတွေရဲ့ လက်ထဲမှာ ရောက်နေပြီး တချို့ငွေစက္ကူတွေမှာ ဆေးသားအရောင်ပျက်နေတာကြောင့် သုံးစွဲသူတွေကြားမှာ သံသယံစိတ်နဲ့ သုံးစွဲနေကြရတာလည်း တွေ့နေရပါတယ်။
ကမ္ဘာ့ဘဏ်က မြန်မာ့စီးပွားရေးအပါ် ခန့်မှန်းချက်အရ ငွေကြေးဖောင်းပွမှုနှုန်းက ပြီးခဲ့တဲ့ ၂၀၂၀ မှာ ၅ ဒသမ၈ ရာခိုင်နှုန်း ရှိခဲ့ပြီး အခု ၂၀၂၁ ခုနှစ်မှာ ၆ ရာခိုင်နှုန်း ရှိမယ်လို့ တွက်ချက်ထားပါတယ်။
ဒါပေမဲ့ စစ်ကောင်စီ လက်အောက်ခံ နိုင်ငံတော်ဗဟိုဘဏ်က ရိုက်နှိပ်ထုတ်ဝေမယ့် ငွေစက္ကူအသစ်တွေကြောင့် ပြည်တွင်းငွေကြေးဖောင်းပွမှုနှုန်းက ကိန်းဂဏန်း ( two digit) ၂ လုံး အထိရှိလာနိုင်တယ်လို့ မြန်မာပြည်ဆိုင်ရာလွတ်လပ်သောစီးပွားရေးပညာရှင်များ အဖွဲ့ကသတိပေးထားပါတယ်။
တရားမဝင်ငွေစက္ကူတွေ ရိုက်နှိပ်ထုတ်ဝေတာကြောင့် ငွေကြေးဖောင်းပွမှု ဖြစ်ပေါ်စေတာဟာ ပြည်သူတွေရဲ့ လုပ်အားနဲ့ ချွေးနှဲ စာစုဆောင်းငွေတွေကို တဖက်လှည့်ခိုးယူတာဖြစ်တယ်လို့လည်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) က ပြောပါတယ်။
ဒါကြောင့် တရားမဝင်အာဏာသိမ်းစစ်ကောင်စီရဲ့ အဆင်ခြင်မဲ့ လုပ်ရပ်တွေကြောင့် အရင်က မကြုံဖူးတဲ့ ပဋိပက္ခအန္တရာယ်၊ ဆင်းရဲမွဲတေမှုနဲ့ ကပ်ရောဂါတို့ကို စုပြုံခံစားနေရချိန်မှာ အိမ်ထောင်စုတွေ၊ စီးပွား ရေးလုပ်ငန်းတွေ၊ ရင်းနှီးမြုပ်နှံသူတွေနဲ့ ပြည်သူလူထုအပေါ် ထပ်မံ ဒုက္ခအကျပ်အတည်း ဆိုက်ရောက်စေတဲ့ ငွေစက္ကူရိုက်နှိပ်ထုတ်ဝေမှုကို သည်းခံခွင့်လွှတ်နိုင်ဖွယ် မရှိဘူးလို့ NUG ကသတိပေးထားပါတယ်။