close

တရားမဝင်လက်နက်

close

December 20, 2022

ထိုင်းတွင် တရားမဝင်လက်နက် ၆၀ ကျော်နှင့် ကျည်ဆန် ၆၀,၀၀၀ ကျော် ဖမ်းမိ

ထိုင်းနိုင်ငံ ချင်းမိုင်အပါအဝင် ခရိုင် ၃ ခုမှာ အခြေပြုပြီး အွန်လိုင်းကနေပါ လက်နက်ရောင်းချနေတဲ့ လက်နက်မှောင်ခိုဂိုဏ်းကို ဖမ်းဆီးနှိမ်နင်းခဲ့ကြောင်း ထိုင်းအမျိုးသားရဲတပ်ဖွဲ့က ဒီဇင်ဘာ ၁၅ ရက်က ပြုလုပ်တဲ့ သတင်းစာရှင်းပွဲမှာ ပြောပါတယ်။

အဆိုပါဂိုဏ်းဟာ ဝက်ဘ်ဆိုက်ဖွင့်ထားပြီး လက်နက်တွေကို ဘယ်သူမဆို အလွယ်တကူ ဝယ်ယူနိုင်အောင် ရောင်းချပေးနေကြောင်း ပြည်သူတွေက သတင်းပေးလာတဲ့အတွက် အချိန်အတိုင်းအတာတခုထိ စုံစမ်းထောက်လှမ်းပြီး ချင်းမိုင်၊ ဆူရင်းနဲ့ ချွန်းပူးရီး စတဲ့ ခရိုင် ၃ ခုမှာ ဒီဇင်ဘာ ၁၃ ရက်နဲ့ ၁၄ ရက် နှစ်ရက်အတွင်း သွားရောက်ဖမ်းဆီးခဲ့တယ်လို့ ထိုင်းနိုင်ငံ နည်းပညာဆိုင်ရာ ရာဇဝတ်မှုနှိမ်နင်းရေးရဲတပ်ဖွဲ့ ရဲမှူးကြီး လွဲအင်းဖိုင်းရို့တ်က ပြောပါတယ်။

ပထမနေရာမှာ ချင်းမိုင်ခရိုင် ဆန်ကမ်ဖဲင်းမြို့ တွန့်ပေါင်းရပ်ကွက်ထဲက Shooter Tactical CNX အမည်ရှိ သေနတ်နဲ့ပတ်သက်တဲ့ အပိုပစ္စည်းအရောင်းဆိုင်တဆိုင်ဖြစ်ကြောင်း၊ အဲဒီနေရာကနေ တရားခံ အမျိုးသား ၁ ဦး၊ အမျိုးသမီး ၁ ဦးနဲ့ တရားမဝင်လက်နက် ပြောင်းရှည် ၂၄ လက်၊ ပစ္စတို ၆ လက်၊ ပေါင်း ၃၀၊ ဆိုက်စုံကျည်ဆန် ၁၆,၅၇၈ တောင့်၊ ဘဏ်ငွေစာရင်း ၁၈ အုပ်၊ ငွေသား ဘတ် ၃ သန်းကျော်၊ ကား ၅ စီးနဲ့ ဆိုင်ကယ် ၄ စီးတို့ကို သိမ်းဆည်းခဲ့တယ်လို့ ဆိုပါတယ်။

ဒုတိယမှာ ဆူရင်းခရိုင် ဆူရင်းမြို့ပေါ်ရပ်ကွက်နေ တရားခံ ၁ ဦးကို သက်သေခံ ကျည်ဆန် ၁၆,၃၀၀ တောင့်၊ တယ်လီဖုန်း ၁ လုံး၊ ဘဏ်စာအုပ် ၃ အုပ်တို့နဲ့အတူ ဖမ်းဆီးခဲ့ပါတယ်။

တတိယနေရာကတော့ ချွန်းပူးရီးခရိုင် ဘန်ဘိင်မြို့မှာဖြစ်ပြီး တရားခံ ၄ ဦး (အမျိုးသား ၃ ဦး၊ အမျိုးသမီး ၁ ဦး) တို့ကို သေနတ်အလက် ၃၀၊ ကျည်ဆန် ၃၂,၀၀၀ တောင့်၊ ကား ၅ စီးနဲ့ ပိုင်ဆိုင်မှု ဘတ်သန်းပေါင်း ၅၀ ကျော်ကို သိမ်းဆည်းခဲ့တယ်လို့ ဆိုပါတယ်။

အဆိုပါအဖွဲ့ဟာ တွစ်တာမှာ LOS SANTOS ဆိုတဲ့အမည်နဲ့ အကောင့်ဖွင့်ထားသလို LINE ထဲမှာလည်း TEXAS GUN အကောင့်အမည်နဲ့ လက်နက်ရောင်းဝယ်နေတယ်လို့ ဆိုပါတယ်။

ဝန်ကြီးချုပ် ပရယုဒ်ကျန်အိုးချားရဲ့ ညွှန်ကြားချက်နဲ့ အွန်လိုင်းပေါ်က ဒုစရိုက်မျိုးစုံကို နှိမ်နင်းနေရာမှာ ဒီဇင်ဘာ ၆ ရက်မှ ၁၀ ရက်အတွင်း အွန်လိုင်းမှ လိမ်လည်မှုပေါင်း ၆၁၆ မှု၊ တရားခံ ၅၉၅ ဦး၊ အခြားလိမ်လည်မှုပေါင်း ၄၁၀ မှု တရားခံ ၃၈၄ ဦး၊ ငွေစုငွေချေးလိမ်လည်မှု ၂၈ မှု တရားခံ ၂၂ ဦး၊ ကွန်ပြူတာဥပဒေနဲ့ ညိစွန်းမှု ၈၇၃ မှု တရားခံ ၈၃၀ ဦး စုစုပေါင်း အမှု ၁,၉၂၇ မှု တရားခံ ၁,၈၃၁ ဦးတို့ကို နှိမ်နင်းအရေးယူခဲ့တယ်လို့ ရဲမှူးကြီးက  ပြောသွားပါတယ်။

ဘယ်သူမဆို တရားမဝင် လက်နက်ရောင်းချတာ၊ နည်းပညာဆိုင်ရာ လိမ်လည်တာတွေ ခံရပါက ထိုင်းအမျိုးသားရဲတပ်ဖွဲ့ အရေးပေါ်ဖုန်းလိုင်း ၁၄၄ သို့မဟုတ် ၀၈၁ ၈၆၆၃၀၀ သို့ ၂၄ နာရီ ခေါ်ဆိုတိုင်တန်းနိုင်သလို ဝက်ဘ်ဆိုက် thaipoliceonline.com မှာလည်း တိုက်ရိုက် တိုင်စာပေးပို့နိုင်တယ်လို့ ဆိုပါတယ်။

11 hours Ago

August 22, 2022

မဲဆောက်တွင် တရားမဝင်လက်နက်နှင့် ဆက်စပ်အပိုပစ္စည်းအချို့ ဖမ်းဆီးရမိ

ထိုင်း-မြန်မာနယ်စပ်၊ တာ့ခ်ခရိုင်၊ မဲဆောက်မြို့မှာ တရားမဝင်လက်နက်နဲ့တကွ ဆက်စပ်အပိုပစ္စည်းတချို့ ဖမ်းဆီးရမိတယ်လို့  တာ့ခ်ခရိုင် ရဲတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။ 

နယ်မြေထဲမှာ တရားမဝင်လက်နက်သယ်ယူပို့ဆောင်ရောင်းချမှု၊ အွန်လိုင်းက လက်နက်မှာယူမှုတွေ ဖော်ထုတ်အရေးယူဖို့နဲ့ ဖမ်းဝရမ်းထုတ်ထားတဲ့သူတွေကိုစုံစမ်းဖို့  တာ့ခ်ခရိုင်ရဲတပ်ဖွဲ့က ညွှန်ကြား တာကြောင့် မြို့နယ်အသီးသီးကတာဝန်ရှိသူတွေဟာ ဩဂုတ် ၁၅ မှ ၂၄ ရက်အထိ သက် ဆိုင်ရာနယ်မြေအလိုက် စုံစမ်းစစ်ဆေးခဲ့တယ်လို့  AEC ထိုင်းသတင်းမှာဖော်ပြပါတယ်။ 

အဆိုပါစီမံချက်အရ ပစ္စည်းပို့ဆောင်ရေးကုမ္ပဏီတွေဆီပါ မသင်္ကာစရာအထုပ်တွေကို သတိထား စောင့်ကြည့်ဖို့မှာကြားထားကြောင်း ၊ ပြီးခဲ့တဲ့ ဩဂုတ် ၁၉ ရက်နေ့ကတော့ မြန်မာအာဏာပိုင်တွေက မသင်္ကာဖွယ် Air Cooler ထဲထည့်ထားတဲ့အထုပ်တခု ထိုင်းနိုင်ငံကနေ ဝင်ရောက်လာကြောင်း  အကြောင်းကြားလာတယ်လို့ဆိုပါတယ်။ အဆိုပါအထုပ်ဟာ ရန်ကုန်မြို့ကနေမှာယူထားတာလို့ ဆိုပါတယ်။

ပါဆယ်ထုပ်ထဲကနေ Colts တံဆိပ်  M4 ကာဘိုင်သေနတ် ၁ လက်နဲ့ သေနတ်ပြောင်း၊ လက်ကိုင်၊ ကျည်အိပ် ၂၀ နဲ့ ကျည်ကပ်စတဲ့ ဆက်စပ်စ္စည်းတွေရှာဖွေ တွေ့ရှိတယ်လို့ ဆိုပါတယ်။

ဒါကြောင့် ပါဆယ်ထုပ်နဲ့ သက်ဆိုင်သူနဲ့  တခြားမသင်္ကာဖွယ် ရာဇဝတ်မှုတွေကို ဆက်လက်စုံစမ်းဖော်ထုတ်သွားမယ်လို့ မဲဆောက်ရဲတပ်ဖွဲ့ တာဝန်ရှိသူတဦးက သတင်းထောက်တွေကို ပြောသွားပါတယ်။ 

ကိုးကား- AEC News

4 months Ago
Up