close

တရားမဝင်သတ္ထု

close

February 12, 2023

တရားမဝင်သတ္ထုတူးဖော်သည့်နေရာကို ဘရာဇီးအာဏာပိုင်များ စစ်ဆင်ရေးဝင်

ဘရာဇီးနိုင်ငံက ယာနိုမာမီတိုင်းရင်းသားနယ်မြေထဲမှာရှိနေတဲ့ တရားမဝင် သတ္ထုတူးဖော်နေတဲ့ ဧရိယာကို အာဏာပိုင်တွေက ဖေဖော်ဝါရီ ၁၁ ရက်မှာ စစ်ဆင်ရေးဝင်ရောက်လုပ်ဆောင်ခဲ့ပါတယ်။

ရဟတ်ယာဉ်တွေက သတ္ထုတူးနေတဲ့ နေရာတွေကို ထုတ်ဖော်ပြသပြီး တရားမဝင်လုပ်ကိုင်နေကြတဲ့ တွင်းသားတွေကို အထူးအဖွဲ့ဝင်တွေက ကြားဖြတ်ဟန့်တားခဲ့ကြပါတယ်။

ဘရာဇီးအမျိုးသားစစ်တပ်နဲ့ ပြည်ထောင်စုရဲတပ်ဖွဲ့၊ ဘရာဇီးသဘာဝပတ်ဝန်းကျင် ပြန်လည် ပြည့်ဖြိုးမြဲသဘာဝသယံဇာတအဖွဲ့  (IBAMA)၊ သဘာဝပတ်ဝန်းကျင်ဝန်ကြီးဌာန အစိုးရ တိုင်းရင်းသားရေးရာ အေဂျင်စီ (FUNAI)၊  တိုင်းရင်းသားရေးရာဝန်ကြီးဌာနတို့က ပူးပေါင်းညှိုနှိုင်း ဆောင်ရွက်ခဲ့တဲ့ စစ်ဆင်ရေးအတွင်း အထူးအဖွဲ့ဝင်တွေက လေကြောင်းကနေ ပျံသန်း စစ်ဆေးချိန်မှာ ဒီနေရာကို ဖေဖော်ဝါရီ ၉ ရက်က ရှာတွေ့ခဲ့တာပါ။

ဘရာဇီးအစိုးရဟာ အကြီးဆုံး ဌာနေတိုင်းရင်းသား သီးသန့်နယ်မြေဖြစ်တဲ့ အမေဇုံဒေသအတွင်း ယာနိုမာမီဒေသထဲမှာ တရားမဝင် သတ္ထုတူးနေတာကို တိုက်ဖျက်နေတာပါ။

တရားမဝင် ရွှေတူးသူတွေကြောင့်လည်း သဘာဝပတ်ဝန်းကျင်ပျက်စီးမှုအပြင် လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းတွေ ဖြစ်ပွားနေပါတယ်။

သတ္ထုတူးသူ အယောက် ၂၀၀၀၀ ကျော်ဟာ ယာနိုမာမီတိုင်းရင်းသား ဦးရေ ၂၈၀၀၀ လောက်ရှိတဲ့ ဌာနေတိုင်းရင်းသား သီးသန့်မြေကို ကျူးကျော်ခဲ့ပြီး လက်နက်ကိုင် အကြမ်းဖက်တာ၊ လိင်ပိုင်း နှောင့်ယှက်နှိပ်စက်တာနဲ့ ရောဂါဖြန့်တာတွေ လုပ်ခဲ့လို့ ဒေသခံတွေဆိုးဆိုးရွားရွား အာဟာရချို့တဲ့ သေဆုံးတာတွေ ဖြစ်ခဲ့ပါတယ်။

ယာနိုမာမီတိုင်းရင်းသားတွေဟာ ဘရာဇီးနဲ့ ဗင်နီဇွဲလားနယ်စပ်နားမှာ ပေါ်တူဂီနိုင်ငံ အရွယ်အစား လောက်ရှိတဲ့ သီးသန့်မြေအတွင်းနှစ်ပေါင်းများစွာကတည်းက နေထိုင်နေကြတာဖြစ်ပြီး သတ္ထုကြွယ်ဝတဲ့ မြေကြောင့် တရားမဝင် သတ္ထုတွင်းလုပ်သားတွေ ကျူးကျော်တာကို ဆယ်စုနှစ်ချီ ခံစားခဲ့ရပါတယ်။ 

7 mins Ago
Up