close

တရားမဝင်အလုပ်သမား

close

March 29, 2023

ဘန်ကောက်တွင် ထိုင်းအမည်ခံ တရုတ်စားသောက်ဆိုင်နှင့် တရားမဝင်လုပ်သားများ ဖမ်းဆီးခံရ

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၊ ဟွေ့ခွမ်နယ်မြေထဲမှာ ထိုင်းအမည်ခံ ဖွင့်လှစ်ထားတဲ့ တရုတ်စားသောက်ဆိုင်တွေကို တာဝန်ရှိသူတွေ သွားရောက်စစ်ဆေးပြီး တရားမဝင် အလုပ်သမားတွေကိုပါ ဖမ်းဆီးခဲ့တယ်လို့ PPTV ထိုင်းသတင်းမှာ ဖော်ပြပါတယ်။

အဆိုပါနယ်မြေထဲမှာ တရုတ်နိုင်ငံသားတွေ စားသောက်ဆိုင် လာရောက်ဖွင့်လှစ်နေကြောင်း တိုင်ကြားချက်ရတဲ့အတွက် မတ်လ ၂၈ ရက်က ဟွေ့ခွမ်နယ်မြေရဲတပ်ဖွဲ့နဲ့အတူ ပရချားရတိဘန်းဖိန်းလမ်းထဲက ဆိုင် ၆ ဆိုင်ကို သွားရောက်စစ်ဆေးခဲ့တယ်လို့ ဟွေ့ခွမ်နယ်မြေ အလုပ်သမားရှာဖွေခန့်ထားရေးဌာန ညွှန်ကြားရေးမှူး နိုင်းဖိုင်းရို့တ် ချိုးတိကဆထင်က ပြောပါတယ်။

စစ်ဆေးချက်အရ အလုပ်သမားဥပဒေနဲ့ မညီညွတ်တဲ့ စားသောက်ဆိုင် ၃ ဆိုင်ကို ဖမ်းဆီးအရေးယူခဲ့ကြောင်း၊ အဆိုပါဆိုင်တွေဟာ ထိုင်းနိုင်ငံသား အမည်ခံထားပေမဲ့ ပိုင်ရှင်မှာ တရုတ်နိုင်ငံသားဖြစ်ပြီး တရုတ်အစားအစာတွေ အဓိကရောင်းချနေသလို အလုပ်သမားတွေဟာလည်း တရားမဝင်တာ တွေ့ရတယ်လို့ ဆိုပါတယ်။

ဖမ်းဆီးခဲ့တဲ့အထဲမှာ တရုတ်နိုင်ငံသား ၂ ဦး၊ မြန်မာနိုင်ငံသား ၂ ဦးနဲ့ တောင်ပေါ်သားကတ် ကိုင်ဆောင်သူ ၉ ဦး စုစုပေါင်း ၁၃ ဦးရှိကြောင်း၊ သူတို့ထဲမှာ ခွင့်ပြုချက်မရဘဲ အလုပ်လုပ်နေတာ၊ အလုပ်သမားမှတ်ပုံတင်နဲ့ ထိုင်းမှာ နေထိုင်ခွင့်လက်မှတ် မရှိသူတွေပါ ပါတယ်လို့ ဆိုပါတယ်။

သူတို့အားလုံးကို လဝကဥပဒေ၊ အလုပ်သမားဥပဒေတွေနဲ့ အရေးယူဖို့ ဟွေ့ခွမ်နယ်မြေ စုံစမ်းစစ်ဆေးရေးရဲတပ်ဖွဲ့ထံ ပို့ဆောင်ထားကြောင်း၊ ထိုင်းအလုပ်သမားဥပဒေအရ မြန်မာ၊ လာအို၊ ကမ္ဘောဒီးယားနဲ့ ဗီယက်နမ်နိုင်ငံက ရွှေ့ပြောင်းလုပ်သားတွေဟာ ကိုယ်ပိုင်ဆိုင်ဖွင့်ခွင့် မရှိသလို ဆံပင်ညှပ်တာ၊ ခရီးသွားဧည့်လမ်းညွှန် လုပ်တာတွေလည်း တားမြစ်ထားတယ်လို့ အလုပ်သမားညွှန်ကြားရေးမှူးက ပြောပါတယ်။

ထိုင်းအလုပ်သမား ဥပဒေအရ အထောက်အထား တစုံတရာမရှိတဲ့ နိုင်ငံခြားသားတွေကို အလုပ်ခန့်ထားတဲ့ အလုပ်ရှင်အနေနဲ့ အလုပ်သမား ၁‌ ယောက်ကို ဒဏ်ငွေ ဘတ် ၁၀,၀၀၀ မှ ၁၀၀,၀၀၀ ထိ ပေးဆောင်ရမှာဖြစ်ပြီး ထပ်မံကျူးလွန်ပါက အလုပ်သမား ၁ ဦးကို အနည်းဆုံး ဘတ် ၅၀,၀၀၀ မှ အများဆုံး ဘတ် ၂၀၀,၀၀၀ ပေးဆောင်ရမယ့်အပြင် ထောင်ဒဏ် ၂ နှစ်နဲ့ ၃ နှစ်တာ အလုပ်သမား ငှားရမ်းခွင့် ပိတ်ပင်ခံရမှာ ဖြစ်ပါတယ်။

အထောက်အထားမရှိသူ နိုင်ငံခြားသား အလုပ်သမားဟာလည်း ဒဏ်ငွေ အနည်းဆုံး ဘတ် ၅,၀၀၀ မှ ၅၀,၀၀၀ ထိ ပေးဆောင်ရမယ်လို့ ပြဋ္ဌာန်းထားပါတယ်။

4 mins Ago

September 13, 2022

ချင်းရိုင်းတွင် တရားမဝင်အလုပ်သမားတင်လာသည့်ကား ရေထဲထိုးကျ၊ အမျိုးသမီး ၁ ဦး သေဆုံး

ထိုင်းမြောက်ပိုင်း၊ ချင်းရိုင်းခရိုင်၊ မယ့်လောဝ်းမြို့နယ်၊ မယ့်လောဝ်းချောင်းထဲမှာ စက်တင်ဘာ ၁၁ ရက်က ရေထဲမျောလာတဲ့ အမျိုးသမီး တယောက်ရဲ့အလောင်းကို ကယ်ဆယ်ရေးအဖွဲ့တွေက ရှာဖွေတွေ့ ရှိခဲ့ပါတယ်။ 

အဆိုပါအမျိုးသမီးဟာ ရှမ်းပြည်မြောက်ပိုင်း၊ ကျောက်မဲခရိုင် ပန်တိန်ရွာကဖြစ်ပြီး ထိုင်းမှာ အလုပ်လာလုပ်ဖို့ ဝင်ရောက်လာစဉ် ပြီးခဲ့တဲ့ စက်တင်ဘာ ၅ ရက်က သူတို့စီးလာတဲ့ ကား ချင်းရိုင်းခရိုင် မယ့်ဆွေမြို့နယ်ထဲမှာ မတော်တဆ ထိခိုက်မှုဖြစ်ပြီး ချောင်းထဲ ထိုးကျသွားတာလို့ ချင်းမိုင်နာရေးကူညီမှုအဖွဲ့မှ စိုင်းတိုင်းထိန်က ဒီဗွီဘီကို ပြောပါတယ်။ 

“သူတို့လင်မယားက အိမ်မှာစားဝတ်နေရေး အဆင်မပြေလို့ နို့စို့ရွယ် ၆ လသားကလေးကို အတင်း နို့ဖြတ်ပြီး အဘိုးအဘွားတွေနဲ့ထားခဲ့တာ၊ ဖြစ်ချင်တော့ သူတို့စီးလာတဲ့ ကားက ရေထဲထိုးကျသွားတယ်။ အဲဒီကားပေါ်မှာ သူရယ်၊ သူ့ယောကျာ်းရယ်၊ နောက် ၁၈ - ၁၉ နှစ်ရွယ် လူငယ် ၂ ယောက်ပြီးတော့ ကားမောင်းသမားပါတယ်၊ ကယ်ဆယ်ရေးအဖွဲ့တွေက ကားကိုဝိုင်းပြီး ဆွဲထုတ်တာ၊ သူ့ယောက်ျားနဲ့ ကျန်တဲ့ လူတွေကဒဏ်ရာပဲရတယ်၊ သူကတော့ရေထဲမျောပါသွားတာ။ သူ့အလောင်းကို ၇ ရက်မြောက်နေ့မှ ဖြစ်တဲ့နေရာနဲ့တော်တော်ဝေးတဲ့ မယ့်လောင်းမြို့နယ် အဝင် တံတားအောက်မှာ ပြန်တွေ့တာပါခင်ဗျ။”

အသက် ၃၀ နှစ်အရွယ် သေဆုံးသူအမျိုးသမီးရဲ့ အလောင်းကိုတော့ စက်တင်ဘာ ၁၂ ရက် ညက မယ့်လောင်းမြို့နယ် တုန်မတ်ဖိန်းကျေးရွာသုသာန်မှာ မီးသင်္ဂြိုဟ်ပေးခဲ့ပါတယ်။ 

သူ့အမျိုးသားနဲ့ ကျန်လူငယ် ၂ ယောက်ကို ထိုင်းနိုင်ငံထဲ တရားမဝင် ဝင်ရောက်မှု၊ ကားသမားကိုတော့ တရားမဝင်အလုပ်သမားသယ်ဆောင်မှုတွေနဲ့ အရေးယူသွားမှာဖြစ်ပြီး လောလောဆယ် ချင်းရိုင်းခရိုင်လဝကအကျဉ်းထောင်ထဲရောက်နေတယ်လို့ ပြောပါတယ်။ 

သေဆုံးသူအမျိုးသမီးဟာ ထိုင်းနိုင်ငံမှာ အထောက်အထားမရှိပေမဲ့ မော်တော်ယာဉ်အာမခံဥပဒေအရ နစ်နာကြေးတွေရရှိအောင် ဆောင်ရွက်ပေးသွားမယ်လို့ စိုင်းတိုင်းထိန်က ပြောပါတယ်။ 

7 months Ago
Up