ကချင်ပြည်နယ်၊ ဖားကန့်ဒေသမှာ တရားမဝင် ကျောက်စိမ်းတူးဖော်မှုလုပ်ငန်းတွေကို အာဏာသိမ်းစစ်ကောင်စီက ကျပ်ငွေသိန်းရာနဲ့ချီ ဆက်ကြေးယူပြီး လုပ်ကိုင်ခွင့်ပြုထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မှော်စီစာမှော်နဲ့ ကုဋေမှော်တွေမှာ တရားမဝင် ကျောက်စိမ်းတူးဖော်မှုတွေကို မတ်လ ၆ ရက်က စတင်ပြီး စစ်ကောင်စီတပ်ရဲ့ နယ်မြေခံ တပ်မမှူးက ခွင့်ပြုပေးခဲ့တာလို့ လုပ်ငန်းရှင်တဦးက ဒီဗွီဘီကို ပြောပါတယ်။
အဲဒီလို လုပ်ခွင့်ရဖို့ ကုမ္ပဏီကြီးငယ်အလိုက် ကျပ် သိန်း ၁၅၀ ကနေ သိန်း ၅၀၀ အထိ တပ်မမှူးကြီးကို သွားရောက်ဂါရဝပြုခဲ့ရတယ်လို့လည်း အဲဒီလုပ်ငန်းရှင်က ပြောပါတယ်။ အခုလိုပေးခဲ့ရတာကလည်း တပ်မမှူးကို ပေးနေကျ လစဉ်ကြေးနဲ့မဆိုင်ဘဲ လတ်တလော အလုပ်တွေ နားခိုင်းထားတာကို ပြန်ခွင့်ပြုအောင်လို့ ပေးရတာလို့လည်း လုပ်ငန်းရှင်က ဆိုပါတယ်။
“ကုမ္ပဏီအကြီးဆို သိန်းငါးရာ၊ အလတ်ဆိုရင် သိန်းနှစ်ရာ၊ အသေးဆုံးကတော့ သိန်းတရာ့ငါးဆယ် ပေးရတယ်။ အားလုံဆို ဆိုက်စုစုပေါင်း နှစ်ဆယ်လောက် ရှိမယ်ဗျ၊ ဒါက လစဉ်ကြေးနဲ့မဆိုင်ဘူး။ သက်သက်ဂါရဝကြေးပေးရတာပါ။”
မတ်လ ၇ ရက်ကစပြီး တရားမဝင် ကျောက်တူးလုပ်ငန်းအားလုံး ပြန်လည်စတင်နေပြီလို့ ဒေသခံတွေက ပြောဆိုနေကြပါတယ်။ အရင်က ညဘက်တွေမှာသာ ခွင့်ပြုထားပြီးဒီနေ့တော့ နေ့ခင်းဘက်တွေမှာလည်း တူးဖော်လုပ်နေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။
“ခု အလုပ်တွေ ပြန်စနေပြီ၊ နေ့ခင်းတောင် တူးခွင့်ပြုနေပြီ ထင်တယ်။ မန၊ ဝိုင်တီတီ၊ ဖားပြင်၊ မမုံ၊ ကရင်ချောင် အကုန်ပြန်တူးနေကြပြီနော်။ အရင်ထက်တောင် ဆိုးတယ်ဗျ၊ ခုက နေ့ခင်းဘက်ပါ တူးနေကြပြီ”လို့ ဒေသခံတယောက်က ပြောပါတယ်။
ဖားကန့်ကျောက်စိမ်းတွင်းဒေသမှာ ကျောက်စိမ်းတူးဖော်ရေးလုပ်ငန်းတွေကို စစ်ကောင်စီ လက်အောက်ခံ သယံဇာတဌာနက တရားဝင်တားမြစ်ထားပေမဲ့ လုပ်ငန်းရှင်တွေနဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေ ပူးပေါင်းပြီး တူးဖော်နေခဲ့တာ တနှစ်ကျော်ကြာခဲ့ပါပြီ။
အာဏာသိမ်းစစ်ကောင်စီဟာ ဖားကန့်မှာ အင်တာနက်ဖြတ်တောက် သတင်းအမှောင်ချတာ စစ်ရေးကြောင့် မဟုတ်ဘဲ တရားမဝင်ကျောက်စိမ်းတူးဖော်လုပ်ငန်းတွေကို တွင်တွင်ကျယ်ကျယ် လုပ်နိုင်ဖို့ ဖြတ်တောက်တာလို့ ဖားကန့်မြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ဟိန်းမင်းက သတင်းဌာနတခုကို ပြောထားပါတယ်။
အာဏာသိမ်းစစ်ကောင်စီတပ်က ဖားကန့်ကျောက်စိမ်းတွင်းဒေသကို စက်သုံးလောင်စာဆီ တင်သွင်းခွင့် ပိတ်ပင်ထားသလို တရားဝင်တူးဖော်ခွင့် ပိတ်ပင်ထားတဲ့ ကျောက်စိမ်းတူးဖော်ရေးလုပ်ငန်းတွေဟာ စက်ယန္တရား အမြောက်အမြားနဲ့ ခိုးတူးနေကြတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
စစ်ကောင်စီက ဖားကန့်ဒေသကို စက်သုံးဆီတင်သွင်းခွင့်တွေ အောက်တိုဘာလကုန်ပိုင်းတည်းက ပိတ်ပင်ထားခဲ့တာပါ။
စက်သုံးဆီအရောင်းမန်နေဂျာတယောက်က “လောင်စာဆီသာ မသွင်းခိုင်းတာ၊ ကျောက်စိမ်းကျတော့ ခိုးတူးခွင့်ပြုထားတယ်ဗျာ။ စစ်တပ်က ပြည်သူကို တမင်သက်သက် ဒုက္ခပေးတာပဲဗျ” လို့ ပြောပါတယ်။
ဖားကန့်မြို့နယ်မှာ စက်သုံးဆီအရောင်းဆိုင်အားလုံးနီးပါး ပိတ်ထားပြီး ပြည်သူအများစု လောင်စာဆီ အခက်အခဲကြောင့် လူမှုစီးပွားလုပ်ငန်းတွေ ပိုမိုကျပ်တည်းလာနေပြီလို့ ဆိုပါတယ်။
ဆိုင်ကယ်ကယ်ရီဆွဲသူတယောက်က “ခုဟာက ကျန်းမာရေးမကောင်းတဲ့လူနာတောင် ထမ်းခေါ်သွားရမလို ဖြစ်နေပြီ။ ဆိုင်ကယ်ဆီတောင် ဝယ်ထည့်လို့ မရတော့ဘူး။ ၉၂ ရေသန့်တဘူးကို ၈,၀၀၀ ဝယ်ထည့်နေရတယ်” လို့ ပြောပါတယ်။
အာဏာသိမ်းစစ်ကောင်စီစစ်တပ်က နန့်ယားကျေးရွာကစပြီး လောင်စာဆီကားတွေကို ဖားကန့်ဘက် သွားခွင့်မပြုဘဲ တားမြစ်ထားခဲ့တာပါ။
လောင်စာဆီကားတွေအပြင် အိမ်သုံးဆေးဝါး သယ်ဆောင်လာတဲ့ ကားတွေကိုလည်း သွားခွင့်မပြုဘဲ နောက်ကြောင်းပြန်လှည့်ခိုင်းတယ်လို့ ကုန်တင်ကားသမားတွေက ပြောပါတယ်။
ကုန်ကားစပယ်ယာတယောက်က “နန့်ယားစစ်တပ်ဂိတ်က ကားသတင်းသွားပို့တာနဲ့ ဆီကားနဲ့ ဆေးဝါးကားဆို ပြန်လှည့်ခိုင်းတာပဲ။ တခြားကုန်ကားတွေဆိုလည်း ဇွတ်တက်ရှာတာပဲ” လို့ ပြောပါတယ်။
နန့်ယားကျေးရွာဟာ မြစ်ကြီးနား-ဖားကန့်လမ်းပေါ်မှာ တည်ရှိကာ မြစ်ကြီးနား-မိုးကောင်း၊ မန္တလေး၊ ကာမိုင်းကနေ ဖားကန့်ကိုလာရင် ခရီးတထောက်နားရတဲ့ ကျေးရွာကြီးဖြစ်ပြီး စားသောက်ဆိုင်တန်းတွေနဲ့ စည်ကားတဲ့ ယဉ်ရပ်နားစခန်း ကျေးရွာကြီးလည်း ဖြစ်ပါတယ်။
ဖားကန့်မြို့နဲ့ မိုင် ၂၀ လောက်ပဲဝေးပြီး အိမ်စီးကားဆိုရင် တနာရီကျော်လောက် မောင်းရတဲ့ခရီးလည်း ဖြစ်ပါတယ်။
လောင်စာဆီကားတွေကို နန့်ယားကျေးရွာရှိ စစ်တပ်က ပိတ်ပင်တားဆီးထားပေမဲ့ မိုးညှင်း-ဟိုပင်-ဝှေခါ-ဖားကန့် လမ်းကြောဘက်ကနေ လောင်စာဆီကား အပါအဝင် ကျောက်စိမ်းတူးဖော်ရာမှာ အသုံးပြုတဲ့ ယမ်းကားတွေကို ဖြတ်သန်းခွင့်ပြုထားတာ တွေ့ခဲ့ရတယ်လို့ ဝှေခါကျေးရွာသားတွေက ပြောပါတယ်။
ဝေခါကျေးရွာသားတယောက်က “ဟိုဘက်လမ်းကသာ ပိတ်ထားတယ် ပြောတာ၊ ဒီဘက်လမ်းကတော့ ဆီကားရော ယမ်းကားတွေရော ရာနဲ့ချီတက်နေတာပဲ” လို့ ပြောပါတယ်။
ဓာတ်ပုံ- တောင်းကော့ကျေးရွာအနီးမှ ဒေသအခေါ် စိန်လုံကမ်းပါးတွင် နိုဝင်ဘာလ ၂ ရက်နေ့က တရားမဝင်ကျောက်စိမ်းတူးဖော်နေသည့် မြင်ကွင်း