close

တရားမဝင် နေထိုင်သူများ

close

July 6, 2022

ထိုင်းတွင် တရားမဝင်နေထိုင်သူများကို မှတ်ပုံတင်ခွင့်ပြုရန် ထိုင်းအစိုးရဝန်ကြီးများ သဘောတူ

ထိုင်းနိုင်ငံထဲမှာ တရားမဝင် ဝင်ရောက်နေထိုင်နေကြတဲ့ မြန်မာ၊ လာအို၊ ကမ္ဘောဒီးယားနဲ့ ဗီယက်နမ် စတဲ့ ၄ နိုင်ငံက ရွှေ့ပြောင်းအလုပ်သမားတွေကို တရားဝင်နေထိုင်ခွင့်မှတ်ပုံတင်ဖို့  ထိုင်းအစိုးရဝန်ကြီးများအဖွဲ့ရဲ့ ဇူလိုင်လ ၅ ရက်နေ့ အစည်းအဝေးမှာ သဘောတူခဲ့ကြပါတယ်။ 

ထိုင်းနိုင်ငံမှာ ကိုဗစ်-၁၉ ကူးစက်ရောဂါကာကွယ်ရေးအတွက် ထုတ်ပြန်ခဲ့တဲ့ စည်းကမ်း ဥပဒေတချို့ကို ဖြေလျှော့ခဲ့ပြီးတဲ့နောက် နိုင်ငံ့စီးပွားရေးလုပ်ငန်း ပြန်လည်ထူထောင်ဖို့အတွက် တသီးပုဂ္ဂလအလုပ်ရှင်နဲ့ စက်ရုံအလုပ်ရုံတွေက တောင်းဆိုထားကြတဲ့ အလိုသမားလိုအပ်ချက်တွေကို ဖြည့်ဆည်းပေးဖို့  အထောက်အထားမရှိသူတွေကို မှတ်ပုံတင်ပေးဖို့၊ အထောက်အထားရှိပြီးသားသူတွေကို ဆက်လက်နေထိုင်ခွင့် သက်တမ်းတိုးပေးဖို့ အစိုးရဝန်ကြီးများအဖွဲ့ အစည်းအဝေးမှာ သဘောတူခဲ့တာလို့ ထိုင်းအလုပ်သမားဝန်ကြီး နိုင်းဆူချတ် ချူမ်းကလင်က သတင်းထောက်တွေကို ပြောပါတယ်။

အဆိုပါ သဘောတူချက်မှာ အပိုင်းနှစ်ပိုင်းရှိကြောင်း၊ ပထမပိုင်းမှာ တရားမဝင် နေထိုင်သူတွေအနေနဲ့ အလုပ်ရှင်ရှိရမှာဖြစ်ပြီး လာမယ့် ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ ၁၃ ရက်အထိ ယာယီနေထိုင်ခွင့် မှတ်ပုံတင်ဖို့၊ သူတို့တွေဟာ ထိုင်းမှာ ဆက်ပြီးလုပ်ကိုင်နေထိုင်သွားလိုပါက ပြည်ထဲရေးဝန်ကြီးဌာနနဲ့ အလုပ်သမားဝန်ကြီးဌာနတို့ရဲ့ လမ်းညွှန်ချက်အတိုင်း ဆက်လက်ဆောင်ရွက်ကာ လာမယ့် ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီ ၁၃ ရက်နေ့ထိ နေထိုင်ခွင့်ရမှာဖြစ်ကြောင်း၊ အလုပ်ရှင်၊ အလုပ်ရုံတွေမှာ စုံစမ်းသိရှိရသလောက် အဆိုပါအစီအစဉ်မှာ အကျုံးဝင်သူ ၁၂၀,၀၀၀ ကျော် ရှိတယ်လို့ ဆိုပါတယ်။ 

ဒုတိယအပိုင်းမှာတော့ ပြီးခဲ့တဲ့ ၂၉/၁၂/၂၀၂၀ နေ့စွဲနဲ့ လည်းကောင်း၊ ၁၃/၀၇/၂၀၂၁ နေ့စွဲနဲ့ လည်းကောင်း၊ ၂၈/၀၉/၂၀၂၁ နေ့စွဲနဲ့လည်းကောင်း ထုတ်ပြန်ထားချက်အရ တရားဝင်နေထိုင်ခွင့် မှတ်ပုံတင်ထားခဲ့ကြသူတွေကို လာမယ့် ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီ ၁၃ ရက်ထိ နေထိုင်ခွင့်ပြုလိုက်ကြောင်း၊ ဒီအသုတ်ထဲမှာတော့ လူဦးရေ ၁၆၉၀,၀၀၀ ကျော်ရှိတယ်လို့ ထိုင်းအလုပ်သမားဝန်ကြီးက ပြောပါတယ်။

ထိုင်းအလုပ်သမားစီမံခန့်ခွဲရေးဦးစီးဌာန ညွှန်ကြားရေးမှူး နိုင်းဖိုင်ရို့တ် ချိုးတိကာဆာထင်ကလည်း အထောက်အထားမရှိသူတွေ မှတ်ပုံတင်ဖို့အတွက် အလုပ်ရှင်အနေနဲ့ သက်ဆိုင်ရာက ကြေညာမယ့်ရက်ကနေ ရက်ပေါင်း ၆၀ အတွင်း မိမိအလုပ်သမားရဲ့ အမည်စာရင်းကို အလုပ်သမား ရှာဖွေခန့်ထားရေးရုံးကို ပေးပို့ထားရမှာဖြစ်ပြီး မှတ်ပုံတင်ခ ဘတ် ၁၀၀ နဲ့ အလုပ်လုပ်ခွင့် ပါမစ်အတွက် ဘတ် ၉၀၀ ကုန်ကျမယ်လို့ ပြောပါတယ်။

ဆောင်ရွက်ပြီးသူတွေဟာ လာမယ့် ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ ၁၃ ရက်ထိ နေထိုင်ခွင့်ရမှာ ဖြစ်ပါတယ်။ အဲဒီနောက် ၁ နှစ်လျှင် ၂ ကြိမ် သွားရောက်သက်တမ်းတိုးပါက ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီ ၁၃ ရက်အထိ ဆက်လက်နေထိုင်ခွင့်ရမယ်လို့ ဆိုပါတယ်။ 

ဒါ့အပြင် နေထိုင်ခွင့်လက်မှတ်ရထားပြီး လာမယ့် ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ ၁၃ ရက်နေ့မှာ အလုပ်လုပ်ခွင့်ပါမစ် သက်တမ်းကုန်မယ့်အုပ်စု နှစ်အုပ်စုရှိကြောင်း၊ ၂၀၂၂ ဩဂုတ် ၁ ရက်ထိ နေခွင့် ဗီဇာတံဆိပ်ထုထားသူနဲ့ ၂၀၂၂ ဩဂုတ် ၁ ရက်နောက်ပိုင်း နေခွင့်တံဆိပ် ဗီဇာတုံးထုထားသူတွေ ဖြစ်ပြီး လာမယ့် ၂၀၂၅ ဖေဖော်ဝါရီ ၁၃ ရက်ထိ ဆက်လက်လုပ်ကိုင်နေထိုင်ခွင့်ပြုမှာဖြစ်ကြောင်း၊  ဒါပေမဲ့ နေထိုင်ခွင့်ရက်မကုန်ဆုံးမီ သွားရောက်သက်တမ်းတိုးရမှာဖြစ်ပြီး ၁ နှစ်ကို ၂ ကြိမ် သက်တမ်းတိုးရမယ်လို့  အလုပ်သမားညွှန်မှူးက ပြောပါတယ်။

အထက်ပါ သဘောတူညီချက်တွေအားလုံးဟာ ထိုင်းပြည်ထဲရေးဝန်ကြီးဌာနနဲ့ အလုပ်သမား ဝန်ကြီးဌာနတို့ရဲ့ လမ်းညွှန်ချက်တွေ ထုတ်ပြန်ပြီးမှသာလျှင် တရားဝင် စတင်ဆောင်ရွက်ရမှာ ဖြစ်တယ်လို့ အလုပ်သမားဝန်ကြီးက ပြောပါတယ်။ 

ကိုးကား - Matichon

27 mins Ago
Up