close

တရားမဝင် မဲပေးမှု

close

October 22, 2022

ဖလော်ရီဒါပြည်နယ်တွင် တရားမဝင် မဲပေးမှုဖြင့် အကျဉ်းသားဟောင်းများကို ဖမ်းဆီး

အမေရိကန်ပြည်ထောင်စု၊ ဖလော်ရီဒါပြည်နယ်မှ အကျဉ်းသားဟောင်းတွေကို တရားမဝင်မဲပေးမှုနဲ့ ဖမ်းဆီးလိုက်တဲ့  ရုပ်သံဗွီဒီယိုကို  Tampa Bay Times  သတင်းဌာနက ထုတ်ပြန်ခဲ့ပါတယ်။ 

ဒီဗီဒီယိုတွေကို သြဂုတ် ၁၈ ရက်က ရဲအရာရှိတွေရဲ့ ခန္ဓာကိုယ်မှာ တပ်ဆင်ထားတဲ့ ဘော်ဒီကင်မရာကနေ ရိုက်ကူးထားတာပါ။ 

၂၀၂၀ ရွေးကောက်ပွဲမှာ တရားမဝင် မဲပေးမှုနဲ့ လူ အယောက် ၂၀  ဖမ်းဆီးခံရကြောင်း ပြည်နယ်အုပ်ချုပ်ရေးမှူး ဒီဆန်းတပ်စ်က  သတင်းစာရှင်းလင်းပွဲမှာ ကြေညာခဲ့ပါတယ်။

ဖမ်းဆီးခံရသူအားလုံးဟာ လူသတ်မှု သို့မဟုတ် လိင်မှုဆိုင်ရာ ရာဇ၀တ်မှုတွေနဲ့ ပြစ်ဒဏ် ချမှတ်ခံထားရသူတွေဖြစ်တယ်လို့ အုပ်ချုပ်ရေးမှူးက ပြောပါတယ်။ 

သူတို့မှာ မဲပေးပိုင်ခွင့် မရှိလို့ သူတို့လုပ်ရပ်အတွက် တန်ကြေးပြန်ပေးရမှာဖြစ်တယ်လို့  ဒီဆန်းတပ်စ် က ပြောပါတယ်။ 

အခုဖမ်းဆီးမှုဟာ ၂၀၂၄ ခုနှစ်မှာ သမ္မတလောင်းပြိုင်ဘက်အဖြစ် ရှုမြင်ခံထားရတဲ့ ရီပတ်ဘလစ်ကန် အုပ်ချုပ်ရေးမှူး ဒီဆန်းတပ်စ်ရဲ့ တိုက်တွန်းချက်နဲ့ အခုနှစ်အစောပိုင်းမှာ တည်ထောင်ခဲ့တဲ့ ရွေးကောက်ပွဲ ရာဇ၀တ်မှုတွေနဲ့ လုံခြုံရေးဌာနရဲ့ ပထမဆုံး ဖမ်းဆီးအရေးယူမှုဖြစ်ပါတယ်။

ဒီကိစ္စ ရွေးကောက်ပွဲ ရဲတပ်ဖွဲ့ရုံးကို မှတ်ချက်ပေးဖို့ တောင်းဆိုထားပေမဲ့ ချက်ချင်း မတုံ့ပြန်ခဲ့ပါဘူး။

ဒီဌာန ပေါ်ပေါက်လာတာဟာ ၂၀၂၀ ရွေးကောက်ပွဲဟာ လိမ်လည်လှည့်ဖြားမှုတွေ ရှိနေတယ် ဆိုတဲ့ သမ္မတဟောင်း ဒေါ်နယ်ထရမ့်ရဲ့ အခြေအမြစ် မရှိတဲ့ ပြောဆိုမှုတွေကြောင့် ပိုပြီးတင်းကျပ်တဲ့ မဲပေးခြင်းဆိုင်ရာဥပဒေတွေအတွက် နိုင်ငံတဝန်းရှိ ရီပတ်ဘလီကန်တွေက ကျယ်ကျယ်ပြန့်ပြန့် တွန်းအားပေးမှု တစ်စိတ်တစ်ပိုင်းလည်း ဖြစ်ပါတယ်။ 

ဒီစုံစမ်းစစ်ဆေးမှုတွေဟာ မဲဆန္ဒရှင်တွေ အထူးသဖြင့် အသားအရောင်ရှိသူတွေကို ခြိမ်းခြောက်နိုင်တယ်လို့ ဒီမိုကရက်တွေနဲ့ အရပ်ဘက် အခွင့်အရေး လှုပ်ရှားတဲ့အဖွဲ့တွေက ပြောပါတယ်။ 

တချို့အမှုတွေမှာတော့ တရားခံတွေက သူတို့ဟာ မဲပေးလို့မရဘူး ဆိုတာကို ဒေသဆိုင်ရာ တာဝန်ရှိသူတွေက သူတို့ဆီ အကြောင်းကြားခြင်းမရှိဘူးလို့ ဆိုပါတယ်။ 

1 hour Ago
Up