ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်မှာ ဇန်နဝါရီ ၃ ရက်နေ့က တရားရုံးစာရေးတဦး ကြိုးဆွဲချသေဆုံးခဲ့တယ်လို့ တရားရုံးနဲ့နီးစပ်သူတွေဆီက သိရပါတယ်။
မြို့နယ်တရားရုံးက စာရေးဖြစ်သူ ဦးဇင်ဘိုဟာ ဖိအားတွေများလာပြီး ဆူဆဲခံရမှုတွေကြောင့် ခုလိုမျိုး ကြိုးဆွဲချ သေဆုံးခဲ့တာဖြစ်နိုင်တယ်လို့ တရားရုံးနဲ့ နီးစပ်သူတဦးက ပြောပါတယ်။
“ညတိုင်း ၇ နာရီကျော်မှာပြန်ရတာ၊ ပြီးတော့ နေ့တိုင်းအဆူဆဲ အအော်ခံနေရတယ်၊ ဖိအားကလည်း အာဏာသိမ်းပြီးနောက်ပိုင်းမှာ ပိုများလာတယ်၊ ဒါတွေကို သူမခံနိုင်တော့လို့ ခုလိုမျိုး လုပ်သွားတာ ဖြစ်မယ်။”
ကြိုးဆွဲချသေဆုံးခဲ့တဲ့ တရားရုံးစာရေး ဦးဇင်ဘိုဟာ အနေအေးသူတဦးဖြစ်ပြီး စစ်အာဏာသိမ်းပြီး နောက်ပိုင်းမှာ အလုပ်ဖိအားတွေ များလာသလို အဆူအဆဲခံရမှုတွေ နေ့စဉ်ကြုံတွေ့လာတာကြောင့် ခုလိုမျိုးလုပ်သွားတာ ဖြစ်နိုင်တယ်လို့ နီးစပ်သူတွေက ဆိုပါတယ်။
စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဧရာဝတီတိုင်းမှာ အဆုံးစီရင်သေဆုံးခဲ့တဲ့ စစ်ကောင်စီလက်အောက်ခံဝန်ထမ်း ၁ ဦးသာရှိခဲ့ပြီး ဒါဟာ ဒုတိယမြောက်ဖြစ်တယ်လို့ သိရပါတယ်။
စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့က အာဏာဖီဆန် CDM လှုပ်ရှားမှုမှာ ပါဝင်တဲ့ ဆရာဝန်တစ်ယောက်နဲ့ တရားရုံးစာရေး တစ်ယောက်တို့ကို ဩဂုတ် ၁၃ ရက် ဒီနေ့ စစ်ကောင်စီတပ်တွေက ရိုက်နှက် ဖမ်းဆီးသွားပါတယ်။
ဒီနေ့ မွန်းလွဲ ၂ နာရီလောက် CDM သွားဘက်ဆိုင်ရာဆရာဝန် ဦးဆန်းဝင်းထွန်းနဲ့ တရားရုံး စာရေးတစ်ယောက်ကို စစ်ကောင်စီတပ်တွေက သူတို့ရဲ့နေအိမ်ကို လာရောက်ပြီး ဖမ်းဆီးသွားတာလို့ ဘုတလင်မြို့ခံတွေက ပြောပါတယ်။
အဖမ်းခံရသူတွေနဲ့ ရင်းနှီးသူတစ်ယောက်က “ကျနော်တို့ကတော့ တရားရုံးစာရေး ကိုကိုစွမ်းလို့တော့ ခေါ်ကြတာ အမည်အရင်းတော့မသိဘူးဗျ။ သူတို့နေအိမ်တွေမှာ အဖမ်းခံလိုက်ရတာ။ ဘာကြောင့်ဖမ်းလဲဆိုတော့ သူတို့က CDMလုပ်ထားတာပဲ ရှိတာ။ ကျန်တာကတော့ ဘာမှမလုပ်ကြဘူး။ ဘယ်အဖွဲ့နဲ့မှ ချိတ်ဆက်လုပ်ကိုင်တာ မရှိဘူးဗျ။ တိုင်တဲ့သူကလီဆယ်ပြီးတိုင်ရင်တော့ မပြောတတ်ဘူး။ သူတို့ဘာမလုပ်လို့ ဘယ်မှ မရှောင်တာပေါ့။ အခုဖမ်းတာတောင်နေအိမ်မှာပဲ အဖမ်းခံရတာကိုကြည့်လေ။ ကျနော့်အထင်ကတော့ သတင်းပေးတိုင်တဲ့သူက ပုဂ္ဂိုလ်ရေး မုန်းတီးမှုနဲ့ လီဆယ်ပြီးတိုင်တာလို့ပဲ ထင်တယ်” လို့ ပြောပါတယ်။
ဘုတလင်မြို့ပေါ်မှာပြီးခဲ့တဲ့ ဇူလိုင်လတုန်းကလည်း ပုဂ္ဂိုလ်ရေးမုန်းတီးမှုနဲ့ အတိုင်ခံရပြီး ဒေသခံ ပြည်သူ ၆ ဦး အဖမ်းခံရကာ စစ်ကောင်စီက ပြန်လွှတ်ပေးခဲ့တာရှိတယ်လို့ မြို့ခံတွေထံကနေ သိရပါတယ်။