အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရမ့်ကို သူ့ရဲ့ စီးပွားရေးလုပ်ငန်းတွေနဲ့ ပတ်သက်ပြီး ပြည်နယ်ရှေ့နေချုပ်ရဲ့ အရပ်ဘက်ဆိုင်ရာ စုံစမ်းစစ်ဆေးမှုအတွက် စာရွက်စာတမ်းတွေ တင်ပြဖို့ ပျက်ကွက်လို့ တရားရုံးကို မထီမဲ့မြင်မှုနဲ့ နယူးယောက်မြို့ တရားသူကြီးက ဧပြီ ၂၅ ရက်မှာ စွဲချက်တင်လိုက်ပါတယ်။
စာရွက်စာတမ်းတွေ မတင်ပြမချင်း တရက်ကို ဒဏ်ငွေ အမေရိကန်ဒေါ်လာ ၁၀,၀၀၀ ပေးဆောင်ဖို့ကိုလည်း အမိန့်ချလိုက်ပါတယ်။
မတ် ၃ ရက် နောက်ဆုံးထားပြီး စာရွက်စာတမ်းအားလုံး ထုတ်ပေးဖို့ တရားရုံးချမှတ်ထားတဲ့ အမိန့်ကို လိုက်နာလုပ်ဆောင်ဖို့ ထရမ့်ဘက်က ပျက်ကွက်ခဲ့တာပါ။
ထရမ့်ရဲ့ ရှေ့နေတွေ တောင်းဆိုချက်အရ စာရွက်စာတမ်း နောက်ဆုံး တင်သွင်းရမယ့်ရက်ကို မတ် ၃၁ ရက်သို့ တရားရုံးက တိုးမြှင့်ခဲ့ပေမယ့်လည်း ထပ်မံ ပျက်ကွက်ခဲ့ပါတယ်။
တင်ပြဖို့ အကြိမ်ကြိမ် ပျက်ကွက်မှုလို့ တရားသူကြီးက ပြောပြီး ခုလို ဒဏ်ငွေရိုက်တာ သင့်တော်တယ်လို့ တရားသူကြီး အာသာ အန်ဂိုရွန်က ဆုံးဖြတ်ခဲ့ပါတယ်။
ထရမ့်ကတော့ မထီမဲ့မြင်ပြုမှုအတွက် စီရင်ချက်ကို အယူခံဝင်ဖို့ ရည်ရွယ်ထားတယ်လို့ သူ့ရှေ့နေ အလီနာ ဟော့ဘာက ပြောဆိုခဲ့ပြီး "တရားရုံးဆုံးဖြတ်ချက်ကို လေးလေးစားစား ကန့်ကွက်ပါတယ်" လို့လည်း ဟော့ဘာက ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။