close

တရားလိုပြသက်သေ

close

June 7, 2022

ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းအမှုအတွက် တရားလိုပြသက်သေ ၁ ဦးကို ဆက်လက်စစ်ဆေး

ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းကို သူဌေးဦးမောင်ဝိတ်က ငွေလှူဒါန်းခဲ့တဲ့အတွက် ဒေါ်အောင်ဆန်းစုကြည်အပေါ် စစ်ကောင်စီက အဂတိမှုနဲ့ တရားစွဲထားတဲ့ အမှုကို ဇွန် ၇ ရက် ဒီနေ့မနက် နေပြည်တော်၊ ဇမ္ဗူသီရိအထူးတရားရုံးမှာ တရားလိုပြသက်သေ ဒေါ်ဝတ်ရည်ထွေးကို စစ်ဆေးခဲ့တယ်လို့ တရားရုံးနဲ့နီးစပ်သူတွေက ပြောပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကို ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းနဲ့ပတ်သက်ပြီး ငွေကြေးအဂတိလိုက်စားခဲ့တယ်လို့  စစ်ကောင်စီကစွပ်စွဲပြီး  ပုဒ်မ ၂ခုနဲ့တရားစွဲဆိုထားတာပါ။

တရားရုံးနဲ့နီးစပ်သူတစ်ယောက်က "ဦးမောင်ဝိတ်နဲ့ပတ်သက်တဲ့အမှုက လိုပြသက်သေတယောက်စစ်တယ်။ သက်သေက ဒေါ်ဝတ်ရည်ထွေးပါ။ သူက ဦးမောင်ဝိတ် လှူတဲ့အချိန်မှာ ရှိနေတယ်လိုထွက်ဆိုတာ။ နောက်အမှုတွေ အတွက်က ပြန်ခေါ်သက်သေ ဦးရဲထက်ကို စစ်တယ်။ ၄၊ ၅၊ ၂၅ အမှုတွေအတွက်ပါ။ ဦးမောင်ဝိတ်က ပြီးသွားပြီ သူမလာတော့ဘူး။ အတိုင်ပင်ခံကျန်းမာရေးအခြေအနေကောင်းပါတယ်။ ဦးမောင်ဝိတ်နဲ့ပတ်သက်တဲ့ ၃/၂၀၂၂ အမှုအတွက် လိုပြသက်သေ ဒေါ်ဝတ်ရည်ထွေး တစ်ယောက်တည်းကို ဒီနေ့စစ်သွားပါတယ်။"လို့  ပြောပါတယ်။

အဆိုပါ အမှု ၂မှုမှာ အဓိကတရား လိုပြသက်သေ ဦးမောင်ဝိတ်က ငွေကြေးလှူဒါန်းတာသာဖြစ်တယ်လို့ မေလ ၃၁ ရက်က ထွက်ဆိုခဲ့ပြီး ရုံးချိန်းအပြီးမှာ ဒေါ်အောင်ဆန်းစုကြည်ကို ဦးမောင်ဝိတ်က ရှစ်ခိုးကန်တော့ခဲ့ပါတယ်။

စေပိုင်ကုမ္ပဏီဥက္ကဋ္ဌ စီးပွားရေးလုပ်ငန်းရှင် ဦးမောင်ဝိတ်က ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းကို လှူဒါန်းခဲ့တဲ့ ငွေကြေးတွေနဲ့ပတ်သက်ပြီး စစ်ကောင်စီက နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ကိုစွဲဆိုထားတဲ့ အဂတိအမှု ၂ ကို မေ ၂ ရက်က နေပြည်တော်၊ ဇမ္ဗူသီရိအထူးတရားရုံးမှာ စတင်ကြားနာခဲ့ပါတယ်။ တရားလိုအဖြစ်  စစ်ကောင်စီလက်အောက်ခံ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်အဖွဲ့ဝင် ဦးရဲထက်က စွဲဆိုထားတာပါ။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းပြီးနောက် ထိန်းသိမ်းခံခဲ့ရသူတွေထဲမှာ အန်အယ်လ်ဒီနဲ့ နီးစပ်သူတစ်ဦးဖြစ်တဲ့ လုပ်ငန်းရှင်ဦးမောင်ဝိတ်လည်းပါဝင်ခဲ့ပြီး သူ့ကို ဘယ်နေရာမှာ ထိန်းသိမ်းထားတယ်ဆိုတာ မသိရပါဘူး။

ဦးမောင်ဝိတ်ဟာ မန္တလေးတိုင်းဝန်ကြီးချုပ်ဒေါက်တာဇော်မြင့်မောင်၊ နေပြည်တော်မြို့တော်ဝန် ဒေါက်တာမျိုးအောင်တို့ကို စွဲဆိုထားတဲ့အဂတိအမှုတွေမှာလည်း စစ်ကောင်စီက တရားလိုပြသက်သေအဖြစ် တင်သွင်းတာကိုခံခဲ့ရပါတယ်။

ဦးမောင်ဝိတ်ကတော့ အန်အယ်လ်ဒီနဲ့ပတ်သက်တဲ့အမှုတွေအားလုံးမှာ သူ့ဘက်က လှူဒါန်းတာတွေသာဖြစ်တယ်လို့  တရားရုံးမှာထွက်ဆိုထားပါတယ်။

11 mins Ago

March 11, 2022

နိုင်ငံခေါင်းဆောင်များကို တရားစွဲထားသည့် ရွေးကောက်ပွဲအမှု တရားလိုပြသက်သေကို စစ်မေး

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့အပေါ် စစ်ကောင်စီက စွဲဆိုထားတဲ့ ရွေးကောက်ပွဲအမှုနဲ့ ပတ်သက်ပြီး မတ် ၁၁ ရက်နေ့မှာ ဆက်လက်ရုံးထုတ် စစ်ဆေးခဲ့တယ်လို့ တရားရုံးနဲ့နီးစပ်တဲ့ အသိုက်အဝန်းကနေ သိရပါတယ်။

ဒီနေ့ရုံးချိန်းမှာ စစ်ကောင်စီဩဇာခံ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ရဲ့ တရားလိုပြသက်သေကို အပြန်အလှန် စစ်မေးခဲ့တယ်လို့ တရားရုံးနဲ့ နီးစပ်သူတဦးက ပြောပါတယ်။

အပြန်အလှန် စစ်မေးတာမှာ စွပ်စွဲထားတာတွေကို ချေဖျက်တဲ့ မေးခွန်းတွေ မေးခဲ့တယ်လို့ တရားရုံးနဲ့ နီးစပ်သူတဦးက ပြောပါတယ်။

၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသူတို့က ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အပေါ်မှာ မလျော်သြဇာ လွှမ်းမိုးခဲ့တယ်ဆိုပြီး ရာဇသတ်ကြီးပုဒ်မ ၁၃၀(က) နဲ့ စွဲဆိုထားတဲ့အမှု ဖြစ်ပါတယ်။

ဒီအမှုနဲ့ပတ်သက်ပြီး တရားလိုပြသက်သေတွေကို ဧပြီလ ၁၈ ရက်နေ့ အပြီးစစ်ဖို့နဲ့ ဧပြီလ ၂၅ ရက်နေ့မှာ စွဲချက် လျှောက်လဲချက်တင်ပြီး မေလ ၂ ရက်နေ့မှာ စွဲချက်အမိန့်ချဖို့ တရားရုံးက ဆုံးဖြတ်ထားတာ ဖြစ်ပါတယ်။ စွဲချက်တင်ရင် စွပ်စွဲခံရသူတွေဘက်က CMP ထပ်လုပ်မှာ ဖြစ်ပါတယ်။

၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ အန်အယ်လ်ဒီပါတီက မဲအပြတ်အသတ်နဲ့အနိုင်ရပြီး  စစ်တပ်ထောက်ခံတဲ့ ကြံ့ခိုင်ရေးပါတီက ရှုံးနိမ့်ခဲ့ပြီးနောက်မှာ  စစ်တပ်က နိုင်ငံခေါင်းဆောင်တွေကို ဖမ်းဆီးခဲ့ကာ   တရားမဝင် အာဏာသိမ်းယူခဲ့တာ ဖြစ်ပါတယ်။

3 months Ago
Up