close

တရားလွှတ်တော်ချုပ်

close

February 15, 2023

သူဌေးဦးမောင်ဝိတ်နှင့် ဆက်နွှယ်သည့် အယူခံအမှုများ တရားလွှတ်တော်ချုပ် ပယ်ချ

ပြည်ထောင်စုတရားလွှတ်တော်ချုပ်ဆီ အယူခံတင်ထားတဲ့ နိုင်ငံ့ခေါင်းဆောင်တွေအပေါ် တရားစွဲဆို အမိန့်ချထားတဲ့ အမှုတွေအနက် တချို့အမှုတွေကို ပလပ်(ပယ်ချ)လိုက်ပြီး အမှုအများစုကိုတော့ သီးသန့် (စီရင်ချက်ချဖို့) ထားတယ်လို့ တရားရေးအသိုင်းအဝိုင်းနဲ့ နီးစပ်သူတွေဆီကနေ သိရပါတယ်။

နိုင်ငံ့ခေါင်းဆောင်တွေအပေါ် တရားစွဲဆို အမိန့်ချထားတဲ့ အမှု ၁၀ မှုအတွက် ပြည်ထောင်စုတရားလွှတ်တော်ချုပ်ထံ အရင်က အယူခံတင်ထားတာဖြစ်ပြီး ဒီနေ့ ဖေဖော်ဝါရီ ၁၅ ရက်က နှစ်ဖက်ကြားနာခဲ့တာ ဖြစ်ပါတယ်။

“ဦးမောင်ဝိတ်နဲ့ပတ်သက်တဲ့ အမှုတွေ အယူခံတက်ထားတာ ပလပ်လိုက်တယ်။ အဲဒါကို အထူးအယူခံ ဆက်တက်မယ်။ ကျန်တဲ့အမှုတွေကိုတော့ အမိန့်ချဖို့ သီးသန့်ထားတယ်။ ခန့်မှန်းခြေ နောက် တလ၊ တလခွဲလောက်မှ အမိန့်ချမယ်” လို့ တရားရေးအသိုင်းအဝိုင်းနဲ့ နီးစပ်သူတဦးက ပြောပါတယ်။

မနေ့ ဖေဖော်ဝါရီ ၁၄ ရက်ကလည်း ရဟတ်ယာဉ်နဲ့ပတ်သက်တဲ့အမှု၊ ရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့အမှုနဲ့ ရှောင်တာနယ်နဲ့ ပတ်သက်တဲ့ အမှုတွေကို အယူခံတင်ထားတယ်လို့ သိရပါတယ်။

“ရွေးကောက်ပွဲအမှုနဲ့ ရှောင်တာနယ်ပါတဲ့ အမှုတွေကို ခရိုင်က အမိန့်ချခဲ့တာ။ အဲဒါကို တိုင်းလည်း တက်ပြီးသွားပြီ။ အကျဉ်းနည်းနဲ့ ပလပ်လို့ ပြည်ထောင်စုတရားလွှတ်တော်ချုပ်ကို ရာဇဝတ်ပြင်ဆင်မှု တင်တာ။ အဲ့ရာဇဝတ်ပြင်ဆင်မှု နှစ်မှုနဲ့ ရဟတ်ယာဉ် ငါးမှု၊ အယူခံတာဆို ၇ မှု တင်ထားတယ်” လို့ အဆိုပါနီးစပ်သူက ပြောပါတယ်။

စစ်ကောင်စီအနေနဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို စုစုပေါင်း အမှု ၁၉ မှုနဲ့ တရားစွဲဆိုခဲ့ပြီး ထောင်ဒဏ်စုစုပေါင်း ၃၃ နှစ် အမိန့်ချပြီးဖြစ်ပါတယ်။

နိုင်ငံ့ခေါင်းဆောင်တွေအပေါ် စွဲဆိုထားတဲ့ အမှုအသီးသီးအတွက် အမိန့်ချကာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို နေပြည်တော်အချုပ်ထောင်ရှိ သီးသန့်အဆောက်အဦမှာ ဆက်ထားသလို နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ကိုတော့ တောင်ငူထောင် ပို့လိုက်တယ်လို့ သိရပါတယ်။

15 mins Ago

May 4, 2022

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ကို စွပ်စွဲထားသည့် ရွှေနှင့် ဒေါ်လာအမှု တရားလွှတ်တော်ချုပ် ပလပ်

ရန်ကုန်တိုင်း၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်းဆီကနေ အမေရိကန်ဒေါ်လာ ၆ သိန်း၊ ရွှေ ၇ ပိဿာ ယူတယ်လို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပေါ်  စွပ်စွဲတဲ့အမှုနဲ့ပတ်သက်လို့ ပြည်ထောင်စုတရားလွှတ်တော်ချုပ်မှာ ရာဇ၀တ်ပြင်ဆင်မှုတက် ထားတာကို ဒီနေ့ မေ ၄ ရက်မှာ ပလပ်လိုက်တယ်လို့ တရားရုံး ထုတ်ပြန်ချက်အရ သိရပါတယ်။

ဒီအမှုဟာ ပြည်ထောင်စုတရားလွှတ်တော်ချုပ်ကို ပြင်ဆင်မှုတက်ထားတုန်းမှာပဲ နေပြည်တော်အထူးတရားရုံးက ဒေါ်အောင်ဆန်းစုကြည်ကို ဧပြီ ၅ ရက်နေ့က ထောင်ဒဏ် ၅ နှစ် ချလိုက်တာ ဖြစ်ပါတယ်။

အခုလို ပြည်ထောင်စုတရားလွှတ်တော်ချုပ်က ပြင်ဆင်မှုကို ပယ်ချလိုက်တဲ့အတွက် ထောင်ဒဏ် ၅ နှစ်ချလိုက်တဲ့အပေါ် အယူခံဆက်တက်ရမှာ ဖြစ်ပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကလည်း ထောင်ဒဏ် ၅ နှစ်ချတာနဲ့ပတ်သက်လို့ အယူခံအဆင့်ဆင့်ဆက်တက်ဖို့ သူ့ရှေ့နေတွေကို ပြောဆိုထားတယ်လို့လည်း သိရပါတယ်။

ရန်ကုန်တိုင်း၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်းဆီက ရွှေနဲ့ဒေါ်လာယူခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ပတ်သက်လို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က သူ့မှာ အပြစ်မရှိကြောင်း ငြင်းဆိုထားပါတယ်။

10 months Ago
Up