close

တရားဥပဒေစိုးမိုးရေး

close

January 7, 2023

စိုးမိုးနယ်မြေများရှိလာပြီဖြစ်၍ တရားဥပဒေ စိုးမိုးရေးလုပ်ငန်းများ ဆက်လုပ်ရမည်ဟု NUG ဝန်ကြီးပြော

စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်တွန်းလှန်ခဲ့ကြတဲ့ မြန်မာ့နွေဦးတော်လှန်ရေးကာလ ၂ နှစ်နီးပါး ရှိလာခဲ့ချိန်မှာ စိုးမိုးနယ်မြေတွေ ရှိလာပြီဖြစ်တဲ့အတွက် အဆိုပါနယ်မြေတွေကို ဆက်လက်ထိန်း သိမ်းပြီးတော့ တရားဥပဒေ စိုးမိုးရေးလုပ်ငန်းတွေ ဆောင်ရွက်ရမယ်လို့ အမျိုးသားညီညွတ်ရေး အစိုးရ (NUG)၊ တရားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဦးက ပြောလိုက်ပါတယ်။

ဇန်နဝါရီ ၇ ရက် ဒီကနေ့ပြုလုပ်တဲ့ မြို့နယ်ဥပဒေတာဝန်ခံတွေနဲ့ တွေ့ဆုံဆွေးနွေးတဲ့ အစည်းအဝေးမှာ ခုလိုပြောလိုက်တာဖြစ်ပြီး ဒီအခမ်းအနားကို ပြည်ထောင်စုဝန်ကြီး ဦးသိန်းဦး၊ အမြဲတမ်းအတွင်းဝန် ဦးမင်းနောင်ခိုင်၊ တွဲဖက်အမြဲတမ်းအတွင်းဝန် ဦးမျိုးအောင်တို့နဲ့အတူ ညွှန်ကြားရေးမှူးချုပ်တွေနဲ့ ဝန်ကြီးဌာနတာဝန်ရှိသူတွေ၊ မြို့နယ် ၂၁ မြို့နယ်မှ တရားစွဲနှင့် အမှုလိုက်ဦးစီးဌာန မြို့နယ်ဥပဒေတာဝန်ခံတွေ တက်ရောက်ခဲ့ကြတာပါ။

ပြည်ထောင်စုဝန်ကြီး ဦးသိန်းဦးက မြေပြင်က ဥပဒေတာဝန်ခံတွေနဲ့ တရားရေးဝန်ကြီးဌာန ညှိနှိုင်းအဖြေရှာခြင်းက တရားရေးဝန်ကြီးဌာန ယန္တရားတခုလုံး လည်ပတ်ဆောင်ရွက်ရာမှာ ဥပဒေတာဝန်ခံတွေရဲ့ အခန်းကဏ္ဍဟာလည်း အင်မတန်အရေးကြီးကြောင်းနဲ့ အမှုအခင်းတွေကို တရားရုံးမရောက်ခင် ဥပဒေတာဝန်ခံတွေက ပထမဦးစွာ ထိတွေ့ရတဲ့ ပုဂ္ဂိုလ်တွေ ဖြစ်သလို အုပ်ချုပ်ရေးယန္တရားအနေနဲ့ ဥပဒေနဲ့ ညီညွတ်မှု ရှိ မရှိ အကြံပြုတောင်းခံလာတဲ့ အခြေအနေမှာလည်း အကြံပေးရမယ့်သူတွေဖြစ်တယ်လို့ ပြောပါတယ်။

ဒါ့အပြင် နိုင်ငံတဝန်းမှာ စိုးမိုးနယ်မြေတွေ ရှိလာပြီဖြစ်တဲ့အတွက် အဆိုပါနယ်မြေတွေကို ဆက်လက်ထိန်းသိမ်းပြီးတော့ တရားဥပဒေ စိုးမိုးရေးလုပ်ငန်းတွေ ဆောင်ရွက်ရမှာဖြစ်ကြောင်းနဲ့ အုပ်ချုပ်ရေးတာဝန်ခံတွေကို အနီးကပ် အကြံဉာဏ်ပေးဖို့ကလည်း ဥပဒေတာဝန်ခံတွေရဲ့ တာဝန်သာဖြစ်တယ်လို့ ဝန်ကြီးက ဆိုပါတယ်။

လတ်တလောမှာတော့ အာဏာသိမ်းစစ်အုပ်စုရဲ့ ပြည်သူလူထုအပေါ် အကြမ်းဖက် ဖိနှိပ်ဖမ်းဆီး တိုက်ခိုက်သတ်ဖြတ်နေမှုတွေကို ပြည်သူတရပ်လုံးက အသက်ရှင်သန်ရေးအတွက် ခုခံကာကွယ်ပိုင်ခွင့်အရ ပြည်သူ့ခုခံစစ်ကို ဆင်နွှဲနေကြပြီး နိုင်ငံတဝန်းမှာတော့ မြန်မာပြည်သူတွေဟာ စစ်အာဏာရှင်စနစ် မြန်မာ့မြေပေါ်မှ အပြီးတိုင်ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်ရေးအတွက် ငြိမ်းချမ်းစွာဆန္ဒပြတဲ့ လူထုသပိတ် တိုက်ပွဲတွေ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေအနှံ့အပြား ပြုလုပ်နေကြသလို ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်တွေ၊ တိုင်းရင်းသား လက်နက်ကိုင်တပ်တွေနဲ့ စစ်ကောင်စီတပ်တွေကြား တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။

ဒါ့အပြင် စစ်ကောင်စီရဲ့ အဆိုးဆုံး အကြမ်းဖက်တာခံခဲ့ရတဲ့ စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းထဲက မြန်မာပြည်အထက်ပိုင်း လမ်းပိုင်းတွေရဲ့ ၉၀ ရာခိုင်နှုန်းကို PDF တွေက ထိန်းချုပ်ထားနိုင်ပြီလို့ NUG အစိုးရက ပြောထားပြီး လက်ရှိ မြေပြင်မှာ အကြမ်းဖက်ခံနေရတဲ့ ကျေးရွာတွေဟာ စစ်ကောင်စီနဲ့ PDF တွေ နှစ်ဖက်စလုံး မထိန်းချုပ်နိုင်သေးတဲ့ ကြားနယ်မြေတွေ ဖြစ်တယ်လို့ ဆိုပါတယ်။

9 hours Ago

December 4, 2021

ဒီမိုကရေစီနှင့် တရားဥပဒေစိုးမိုးရေးကို ကာကွယ်စောင့်ရှောက်ရန် စပိန်ဘုရင်တိုက်တွန်း

စပိန်ဘုရင် Felipe VI ဟာ ဒီမိုကရေစီအရေးနဲ့ တရားဥပဒေစိုးမိုးရေးကို ကာကွယ်စောင့်ရှောက်ဖို့ ကိုလံဘီယာနိုင်ငံမြောက်ပိုင်း ဘာရန်ကွီလာမှာ ဒီဇင်ဘာလ ၃ ရက်နေ့က ကျင်းပတဲ့ ကမ္ဘာ့ဥပဒေကွန်ဂရက်ညီလာခံမှာ ပြောကြားလိုက်ပါတယ်။

စပိန်ဘုရင်ဟာ လက်ရှိ ကမ္ဘာ့တရားရေးကိစ္စတွေကို ဖြေရှင်းဖို့အတွက် ကမ္ဘာ့ဥပဒေဖောင်ဒေးရှင်းမှ ကြီးမှူးကျင်းပတဲ့ ညီလာခံ ဒုတိယနေ့ကို တက်ရောက်တာဖြစ်ပြီး “ဘာကိုမှ ပေါ့ပေါ့ဆဆ မထားရဘူး။ ငါတို့မှာ ရှိတဲ့အရာတွေကို လူတိုင်းက နေ့စဉ်နဲ့အမျှ ကာကွယ်ရမယ်။ စစ်မှန်ပြီး ထိရောက်တဲ့ လွတ်လပ်မှုဆီကို ဦးတည်တဲ့ ဒီလမ်းစဉ်မှာ တရားဥပဒေစိုးမိုးရေးကို ဆက်ပြီး လောင်းကြေးထပ်ရမှာပဲ” လို့ တက်ရောက်လာသူတွေကို မိန့်ခွန်းပြောကြားခဲ့ပါတယ်။ 

မိန့်ခွန်းပြောချိန်အတွင်း ဘုရင်ဟာ ကိုလံဘီယာနဲ့ စပိန်တို့ရဲ့ ရပိုင်ခွင့်တွေနဲ့ လွတ်လပ်ခွင့်များဆိုင်ရာ တိုးတက်မှုတွေကို အလေးပေးပြောကြားခဲ့ပြီး နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုနဲ့ စည်းလုံးညီညွတ်မှုကို ခိုင်မာစေကြောင်း အခိုင်အမာ ပြောပါတယ်။

ဒီနှစ်ရဲ့ ငြိမ်းချမ်းရေးနဲ့ လွတ်လပ်မှုဆုကို တရားဥပဒေစိုးမိုးရေးမှတဆင့် ငြိမ်းချမ်းရေးနဲ့ ဒီမိုကရေစီကို ထိန်းသိမ်းစောင့်ရှောက်ရာမှာ ကိုယ်တိုင်ကိုယ်ကျ ပါဝင်ကြတဲ့ ကိုလံဘီယာ ပြည်သူတွေကို ကိုယ်စားပြုပြီး ကိုလံဘီယာသမ္မတ အိုင်ဗန်ဒူကေးကို ပေးအပ်ချီးမြှင့်ခဲ့ပါတယ်။ 

ဒါဟာ တစ်ဦးချင်းကို ပေးအပ်ဂုဏ်ပြုမယ့်အစား ပထမဆုံးအကြိမ် စုပေါင်းဆု ချီးမြှင့်လိုက်တာလည်း ဖြစ်ပါတယ်။

ကမ္ဘာ့ဥပဒေကွန်ဂရက်ညီလာခံဟာ နိုင်ငံတွေရဲ့ လွတ်လပ်မှုနဲ့ဖွံ့ဖြိုးတိုးတက်မှုကို အာမခံဖို့ ကမ္ဘာ့ခေါင်းဆောင်တွေ ဆွေးနွေးတဲ့ နှစ်နှစ် တကြိမ် အလှည့်ကျ အခမ်းအနားတစ်ခု ဖြစ်ပါတယ်။ 

1 year Ago
Up