close

တရုတ်ခရီးသည်

close

January 30, 2023

ထိုင်းနိုင်ငံသို့ တရုတ်ခရီးသည် ၁၀ သန်းအထိ လာရောက်နိုင်ဟု ခန့်မှန်း

ထိုင်းနိုင်ငံကိုလာတဲ့ တရုတ်နိုင်ငံသား ခရီးသည်အရေအတွက်ဟာ ဒီနှစ်မှာ ၁၀ သန်းအထိ ရှိလာနိုင်တယ်လို့ တရုတ်နိုင်ငံမှာရှိတဲ့ ထိုင်းကုန်သည်ကြီးများအသင်းက ခန့်မှန်းထားပါတယ်။

ရှုထောင့်အရဆိုရင် ဒါဟာ အဖွဲ့လိုက်ခရီးစဉ်တွေ ပြန်မစခင် ထိုင်းခရီးသွားလုပ်ငန်းအဖွဲ့ရဲ့ ခန့်မှန်းချက်ထက် နှစ်ဆဖြစ်ပြီး ၂၀၁၉ ခုနှစ် ကပ်ရောဂါမတိုင်မီ တရုတ်ခရီးသွားဝင်ရောက်မှု အရေအတွက်နဲ့ တန်းတူနီးပါး ဖြစ်နေပါတယ်။

ဒါကြောင့် ခရီးသွားလုပ်ငန်းက လူတိုင်းနီးပါးဟာ အုပ်စုလိုက်ခရီးစဉ်တွေ ပြန်စတာနဲ့ တပြိုင်နက် ကပ်ရောဂါကာလအတွင်းကြုံတွေ့ခဲ့ရတဲ့ ငွေကြေးဆိုင်ရာ ရုန်းကန်မှုတွေ နောက်ဆုံးမှာ အခြေအနေ တိုးတက်ကောင်းမွန်လာမယ်လို့ မျှော်လင့်နေကြပါတယ်။

“ခရီးသွားဧည့်သည်တွေ တဖြည်းဖြည်းနဲ့ ပြန်လာပေမဲ့ တရုတ်နိုင်ငံက ပွင့်လင်းလာတဲ့ အခါမှာတော့ လူဦးရေများပြားတာကြောင့် ပိုကောင်းလာဖို့ ရည်မှန်းထားပါတယ်။ သူတို့ တကယ် ခရီးပြန်စပြီးတာနဲ့ စီးပွားရေးက ပိုကောင်းလာမှာပါ”လို့ ထိုင်း ဆိုင်ပိုင်ရှင် မွန်ချိုင်း ခစ်တိရတ်တနာဆာခွန်က ပြောပါတယ်။

တရုတ်နိုင်ငံရဲ့ ကိုဗစ်-၁၉ မဟာဗျူဟာ အသက်ဝင်ပြီးတဲ့နောက် ဒုတိယနေ့ ဇန်နဝါရီ ၉ ရက်မှာ ထိုင်းဒုတိယဝန်ကြီးချုပ်နဲ့ ပြည်သူ့ကျန်းမာရေးဝန်ကြီး အာနုတင် ချဲာန်ဝီရာကူးနဲ့ တခြားအကြီးတန်းအရာရှိတွေက သုဝဏ္ဏဘူမိလေဆိပ်မှာ ပထမဆုံး တရုတ်ခရီးသည်တွေကို ပန်းတွေနဲ့ လက်ဆောင်တွေ ပေးခဲ့ပါတယ်။

ထိုင်းအစိုးရဟာ ၂၀၂၃ ခုနှစ် ပထမသုံးလပတ်မှာ တရုတ်ခရီးသည်ဦးရေ ၃ သိန်းရောက်လာဖို့ မျှော်မှန်းထားတာပါ။

တရုတ်ခရီးသည်တွေ ပြန်လာပြီးတဲ့နောက် ထိုင်းနိုင်ငံရဲ့ ခရီးသွားကဏ္ဍ ပိုမြန်မြန် ပြန်ကောင်းမွန်လာမယ်လို့ ထိုင်းဗဟိုဘဏ်ရဲ့ ငွေကြေးမူဝါဒကော်မတီ အတွင်းရေးမှူး ပစ်တိ ဒီစီယာထတ်က ပြောပါတယ်။

56 mins Ago

January 4, 2023

တောင်ကိုရီးယားသို့လာမည့် တရုတ်ခရီးသည်များ ကိုဗစ်စစ်ဆေးရန် လိုအပ်

ဇန်နဝါရီ ၄ ရက်ကစပြီး တောင်ကိုရီးယားနိုင်ငံကို တရုတ်နိုင်ငံကနေ ရောက်လာတဲ့ ခရီးသည်တွေအားလုံး ကိုဗစ်ရောဂါပိုးရှိမရှိ မဖြစ်မနေစစ်ဆေးဖို့ လိုအပ်တယ်လို့ သိရပါတယ်။

အင်ချွန်းနိုင်ငံတကာလေဆိပ်ကို ရောက်ရှိလာတဲ့ တရုတ်နိုင်ငံသားတဦးမှာ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိပြီးနောက်မှာပဲ ပျောက်ဆုံးသွားတဲ့အတွက် တောင်ကိုရီးယားနိုင်ငံက စည်းမျဉ်း ပိုတင်းကျပ်လာတာပါ။

ရောဂါပိုးကာကွယ်ရေးဝတ်စုံတွေ ဝတ်ထားတဲ့ ကျန်းမာရေးအရာရှိတွေနဲ့ စစ်ဘက်အရာရှိတွေဟာ လေဆိပ်ကိုရောက်လာတဲ့ တရုတ်နိုင်ငံက ခရီးသွားတွေကို အနားက စစ်ဆေးရေးစင်တာဆီ မရောက်ခင် ဆိုက်ရောက်ခန်းမမှာ မျက်ခြည်မပြတ် စောင့်ကြည့်နေခဲ့ကြပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၃ ရက် နှောင်းပိုင်းမှာ ဆိုးလ်မြို့တော်မှာရှိတဲ့ အင်ချွန်း နိုင်ငံတကာ လေဆိပ်ကို ရောက်လာပြီးနောက် ကိုဗစ်ရောဂါပိုး တွေ့ရှိခဲ့တဲ့ တရုတ်နိုင်ငံသားတဦး ပျောက်ဆုံးသွားလို့ ခြေရာခံဖမ်းဆီးဖို့ တောင်ကိုရီးယား အာဏာပိုင်တွေက ကြိုးပမ်းနေတယ်လို့ ဆိုပါတယ်။

ဒီတရုတ်နိုင်ငံသားဟာ ရောဂါခြေချုပ်အရ ကွာရန်တင်းဝင်နိုင်ရေး ဟိုတယ်တခုဆီပြောင်းဖို့ စောင့်ခိုင်းထားချိန်မှာ ပျောက်သွားတာလို့ ကျန်းမားရေးဆိုင်ရာ တာဝန်ရှိသူတဦးက အတည်ပြုပါတယ်။

ဘယ်သူမှန်းမသိသေးတဲ့ ဒီပျောက်ဆုံးနေသူကို အလိုရှိစာရင်းထဲမှာ ထည့်ထားပြီးပြီလို့လည်း တောင်ကိုရီးယား ကျန်းမာရေးဝန်ကြီးဌာန တာဝန်ရှိသူ ကင်မ်ဂျူယောင်းက ပြောပါတယ်။

ကမ္ဘာ့နိုင်ငံတချို့က တရုတ်ခရီးသည်တွေအပေါ် အခုလို ပစ်မှတ်ထားပြီး ကိုဗစ်-၁၉ ကူးစက်မှုနဲ့ ပတ်သက်လို့ ပြည်ဝင်ခွင့်ဆိုင်ရာ ကန့်သတ်ချက်တွေ ချမှတ်တာဟာ “သိပ္ပံနည်းကျ အခြေခံမှုမရှိ” ဘဲ “ကျိုးကြောင်းမဆီလျော်မှု” လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ဇန်နဝါရီ ၃ ရက်မှာ မှတ်ချက်ပြုပါတယ်။

“နိုင်ငံရေးရည်ရွယ်ချက်တွေနဲ့အတူ ကိုဗစ်ကပ်ရောဂါ ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ စီမံချက်တွေကို ချယ်လှယ်ဖို့ ကြိုးပမ်းချက်တွေအပေါ် တရုတ်နိုင်ငံအနေနဲ့ ပြတ်ပြတ်သားသား ဆန့်ကျင်ပါတယ်။ မတူညီတဲ့ အခြေအနေတွေပေါ်မှာ အပြန်အလှန်ထိန်းကျောင်းမှု သဘောတရားအတိုင်း လိုက်လျောညီထွေဖြစ်အောင် ဆောင်ရွက်သွားမယ်” လို့ ပေဂျင်းရဲ့ ပုံမှန်သတင်းစာရှင်းလင်းပွဲမှာ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မော်နင် ပြောသွားတာပါ။

အမေရိကန်နိုင်ငံ အပါအဝင် ဗြိတိန်၊ ပြင်သစ်၊ အိန္ဒိယ၊ ဂျပန် စတဲ့ ကမ္ဘာ့နိုင်ငံပေါင်း ၁၀ နိုင်ငံဝန်းကျင်ဟာ တရုတ်နိုင်ငံကနေလာရောက်မယ့် ခရီးသွားတွေအနေနဲ့ ကိုဗစ်စစ်ဆေးမှု လိုအပ်မှာဖြစ်ပြီး ဘယ်လ်ဂျီနိုင်ငံဆိုရင် လေယာဉ်ထဲက ရေဆိုးရေညစ်တွေကိုပါ ကိုဗစ်မျိုးကွဲအသစ် ပါဝင်မှု ရှိ မရှိ စစ်ဆေးမယ်လို့ ကြေညာထားပါတယ်။

ဥရောပသမဂ္ဂရဲ့ ကျန်းမာရေးဆိုင်ရာ တာဝန်ရှိသူတွေကတော့ ညှိနှိုင်းတုံ့ပြန်မှု ဆောင်ရွက်နိုင်ဖို့အတွက် ဒီကနေ့ ဇန်နဝါရီ ၄ ရက်မှာ တွေ့ဆုံဆွေးနွေးဖို့ ရှိနေပါတယ်။

လက်ရှိမှာ တရုတ်နိုင်ငံတွင်း ကိုဗစ်-၁၉ ကူးစက်မှု မြင့်တက်လာတဲ့အပေါ် ကိုင်တွယ် ထိန်းချုပ်ထားနိုင်တယ်လို့လည်း မော်နင်က ပြောပါတယ်။

ဥရောပသမဂ္ဂက တရုတ်နိုင်ငံမှာ လက်ရှိဖြစ်ပွားနေဆဲ ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ဖို့အတွက် ကာကွယ်ဆေး အခမဲ့ပေးပို့ကူညီဖို့ ကမ်းလှမ်းထားတယ်လို့ Financial Times သတင်းစာမှာ ဖော်ပြခဲ့လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနဘက်က အခုလို တုံ့ပြန်ခဲ့တာပါ။

ကမ္ဘာ့အကြီးမားဆုံး ကိုဗစ်-၁၉ ကာကွယ်ဆေးထုတ်လုပ်ရေး လမ်းကြောင်းကို တည်ဆောက်ပြီးပြီ။ နှစ်စဉ် ထုတ်လုပ်မှုပမာဏ ၇ ဘီလီယံကျော်အထိရှိပြီး စုစုပေါင်း ထုတ်လုပ်နိုင်စွမ်းအားကတော့ ၅ ဒသမ ၅ ဘီလီယံကို ကျော်သွားပြီလို့ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မော်နင်က တုံ့ပြန်ပါတယ်။

လက်ရှိမှာ ကိုဗစ်ရောဂါဖြစ်ပွားမှုကို ထိန်းချုပ်နိုင်ပြီလို့လည်း သူက ဖြည့်စွက်ပြောခဲ့ပါတယ်။

4 weeks Ago
Up