ထိုင်းနိုင်ငံမှာ အသက်မပြည့်သေးတဲ့ထိုင်းလူငယ်တွေကို အသုံးချပြီး ညစ်ညမ်းဗီဒီယိုတွေ တိုက်ရိုက်ထုတ်လွှင့်ပြသနေတဲ့ တရုတ်နဂါးဂိုဏ်းကို ဖမ်းဆီးနှိမ်နင်းခဲ့တယ်လို့ ထိုင်းအမျိုးသားရဲတပ်ဖွဲ့က ဒီဇင်ဘာ ၂ ရက် သတင်းစာရှင်းပွဲမှာ ပြောပါတယ်။
အဆိုပါ တရုတ်ဂိုဏ်းဟာ အွန်လိုင်းပေါ်ကနေ ဆယ်ကျော်သက်ရွယ်ကလေးတွေကို မက်လုံးပေး ရှာဖွေပြီး ထိုင်းမြောက်ပိုင်းနဲ့ အရှေ့ပိုင်းခရိုင်တွေမှာ အခန်းငှါးရမ်းကာ ညစ်ညမ်းဗွီဒီယိုတွေ ရိုက်ကူးခဲ့တာဖြစ်ပါတယ်။
အဆိုပါညစ်ညမ်းဗွီဒီယိုကို တရုတ်နိုင်ငံမှာရှိတဲ့ အဖွဲ့ဝင်တွေထံ APP အသင်းဝင်ကြေးငွေယူကာ ထုတ်လွှင့်ပြသနေတာကြောင့် ကလေးသူငယ်များအပေါ် အင်တာနက်မှ ရာဇဝတ်မှု ကျူးလွန်မှုတိုက်ဖျက်ရေးရဲတပ်ဖွဲ့ (TICAC Task Force) က စုံစမ်းသိရှိပြီး ဝင်ရောက်ဖမ်းဆီးခဲ့တာပါ။
ပြီးခဲ့တဲ့နိုဝင်ဘာလကုန်ပိုင်းက ချွန်းပူးရီးခရိုင်မှာရှိတဲ့ ဂိုဏ်းခေါင်းဆောင် တရုတ်အမျိုးသား နှစ်ဦးကို ဖမ်းမိခဲ့သလို၊ ချင်းရိုင်းခရိုင် Resort တစ်ခုထဲကနေ တရုတ်နိုင်ငံသား ၁၄ ယောက်၊ လာအိုနိုင်ငံသား အယောက် ၃၀ နဲ့ ချင်းမိုင်ခရိုင်မှ လီနာ့နဲ့ မိုမို့ ဆိုသူ တရုတ်အမျိုးသမီး နှစ်ယောက်တို့ကိုလည်း ဖမ်းဆီးထိန်းသိမ်းခဲ့တယ်လို့ ထိုင်းရဲတပ်ဖွဲ့က ပြောပါတယ်။
အပြာကားသရုပ်ဆောင်ထဲမှာ အသက်မပြည့်သေးတဲ့ ကလေးတွေ ပါဝင်ပြီး ချွန်းပူးရီးခရိုင်မှ ၁၅ နှစ်ရွယ် မိန်းကလေးတယောက်ကတော့ အိတ်ချ်အိုင်ဗွီပိုး ကူးစက်ခံထားရလို့ အမျိုးသမီးနှင့်ကလေးသူငယ်စောင့်ရှောက်ရေးဂေဟာမှာ ထားရှိကာ ဆေးကုသပေးနေကြောင်း၊ ဒါ့အပြင် လိင်ဆက်ဆံမှုကြောင့် ရလာတဲ့ အရေပြားရောဂါကူးစက်ခံရသူတွေလည်း ရှိပြီး သူတို့ကိုတော့ အချိန်ယူကုသပေးရမယ်လို့ ဆိုပါတယ်။
ထိုင်းအမျိုးသားရဲတပ်ဖွဲ့ ဒုရဲချုပ် ဆူရချေ့ဟတ်ဖန်းက ဒီလိုရာဇဝတ်မှုမျိုးကို ဆက်လက် နှိမ်နင်းသွားမှာဖြစ်ပြီး ရဲတပ်ဖွဲ့ရဲ့ ဆောင်ရွက်ချက်ဟာ ပြဿနာရဲ့အဖျားပိုင်းသာ ဖြေရှင်းနိုင်သေးတယ်လို့ ပြောပါတယ်။
အဓိကအရင်းမြစ်မှာ ကုန်ဈေးနှုန်းကြီးမြင့်လို့ စားဝတ်နေရေး အဆင်မပြေတာ၊ လူငယ်တွေကို လမ်းမှန်ရောက်အောင် သွန်သင်ဆုံးမပေးတာ၊ ကောင်းမွန်တဲ့ အကျင့်စာရိတ္တ ပျိုးထောင်မှု အားနည်းတဲ့ အုပ်ထိန်းသူတွေမှာ တာဝန်ရှိတာကြောင့် ရဲတပ်ဖွဲ့ဆောင်ရွက်ချက်တခုတည်း တင်မဟုတ်ဘဲ ပြည်သူတွေပါ ပူးပေါင်းပါဝင်မှ ပြဿနာဖြေရှင်းနိုင်မယ်လို့ ဒုရဲချုပ်က သတင်းစာရှင်းပွဲမှာ ပြောသွားပါတယ်။
Ref- ThaiTV Channel 7